ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်းရှောင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအသီးသီးမှ ကွမ်းဝင်ရောက်မှုနည်းပါးလာသည့်အတွက် ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ကွမ်းအဝယ်ဒိုင်များတွင် ယခုလက်ရှိ တစ်ပိဿာလျှင် သောင်းချီပြီးကွမ်းဈေးမြှင့်တက်လျက်ရှိကြောင်း ကွမ်းအဝယ်ဒိုင်များထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝယ်ရောင်းပြုလုပ်နေသည့် ကွမ်းအများစုမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကွမ်းစိုက်တောင် သူများထံမှဖြစ်ပြီး ရန်ကုန်အပါအဝင် အခြားသော တိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ဖြန့်ဖြူး ရောင်းချနေကြခြင်း လည်းဖြစ်သည်။
“ အဓိကကတော့ ကျနော်တို့ဧရာဝတီတိုင်းဘက်က ကွမ်းစိုက်တောင်သူတွေဆီမှာ ကွမ်းအထွက် လျော့နေ တယ်လို့သိရတယ်။ နောက်ပြီးကွမ်းတွေအခုတော်တော်များများ သေတာများတာကိုး။ အထွက်နှုန်း လျော့တော့ ကျနော်တို့ဆီအဝင်လျော့တာပေါ့။ အရင်ပုံမှန်နှုန်းထက်စာရင် သုံးချိုးတစ်ချိုးလောက် လျော့သွားတာပေါ့” ဟု သီရိမဂင်္လာဈေးရှိ ဦးဘန်ကွမ်းရောင်းဝယ်ရေးဒိုင်မှ ရောင်းဝယ်ရေးမှပြောသည်။
လက်ရှိ သီရိမဂင်္လာဈေးရှိ အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများအရ အရွယ်အစားနှင့်အရည်အသွေးပေါ်မူ တည်ပြီး ကွမ်းဈေးမှာ တစ်ပိဿာလျှင် အနိမ့်ဆုံး ၅ ထောင်မှ ၁ သောင်း တစ်ထောင်ခန့် အထိရှိကြောင်း သိရသည်။
ကွမ်းဈေးနှုန်းများမှာ ကိုဗစ်ကာလများအတွင်း ကုန်စည်ပို့ဆောင်ရေးနှင့် သွားလာရေးအခက်အခဲများကြောင့် တောက်လျှောက်ဈေးနှုန်းကျဆင်းခဲ့ရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်မှစတင်ကာ တဖြည်းဖြည်း မြှင့်တက်လာခဲ့ခြင်းဖြစ်သည်ဟုလည်း ကွမ်းအဝယ်ဒိုင်များထံမှ သိရသည်။
ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဂါ့လှလှစိန်က “ကွမ်းဈေးက အခုမှတက် လာတာ။ အရင်လတွေကဆိုရင် ယူမယ့်သူမရှိ ပဲလှော်လိုက်ရောင်းသလိုရောင်းနေရတယ်။ အခုကနည်း နည်း အဆင်ပြေလာတာပေါ့။ အဆင်ပြေမယ့်လို့လည်း ကွမ်းတွေက အခုတော်တော်သေတယ်။ ဒို့ရွာက တစ်ရွာလုံးကွမ်းပဲစိုက်ကြတာဆိုတော့ အခုတစ်ချို့ကွမ်းခြံတွေ သေတာနဲ့အနာကျတာနဲ့ဆို သုံးပုံတစ်ပုံ လောက်ပဲရှိတော့တယ်”ဟုပြောသည်။
ပုံမှန်အားဖြင့် ကွမ်းခြံတစ်သောင်းလျှင် ပျမ်းမျှကွမ်းရွက် ပိဿာချိန် ၄ဝ မှ ၅ဝ အထိထွက်ရှိသည်ဟုသိရပြီး ကွမ်းစိုက်တောင်သူများအနေဖြင့် ယခင်ကကွမ်းရွက်ကို တစ်လတွင် ၃ ကြိမ်ခန့်ခူး ယူနိုင်သော်လည်း ယခုအေး သည့်ကာလများအတွင်း ကွမ်းရွက်အထွက်နှုန်းလျော့နည်းသဖြင့် ၂ ကြိမ်ခန့်သာ ခူးယူနိုင်သည်ဟု ကွမ်းစိုက် တောင်သူများထံမှ သိရသည်။
ထို့အတူ ကွမ်းစိုက်ပျိုးရာတွင်လည်း မြေနေရာ၊ ကွမ်းညွန့်၊ ကွမ်းခြံတိုင်၊ အလုပ်သမားစရိတ်၊ မြေဩဇာစ သည့် ကုန်ကျ စရိတ်များဖြင့်ရင်းနှီးထားရသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် တနိုင်တပိုင် စိုက်ပျိုးမှုများရှိသလို အချို့ငွေကြေးအရင်းအနှီးတတ်နိုင်သူများအနေဖြင့် ကွမ်းခြံတိုင်သောင်းနှင့်ချီကာ စိုက်ပျိုးကြသူများလည်းရှိသည်။