“တချို့ဆိုရင် မိုးကျရွှေကိုလို့ထင်ချင်ထင်မယ်။ ဒါမှမဟုတ် ခါတော်မှီလို့ထင်ချင်ထင်မယ်။ မဟုတ်ဘူးလို့ ပြောချင်တယ်။ ကျနော် ၈၈ အရေးအခင်းကတည်းက လှုပ်ရှားလာတာ” ဒေါက်တာ သာစိန်
မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာတွင် အနိုင်ရရှိခဲ့သည့် ဒေါက်တာသာစိန်နှင့် အင်တာဗျူး
ပြီးခဲ့သည့် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာ အနိုင်ရသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါက်တာသာစိန်အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် တိုင်ရင်းသားဝန်ကြီးတစ်ဦးအနေဖြင့် လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဖြတ်သန်းမှုများ၊ အတွေ့အကြုံများနှင့် ပတ်သက်၍ ဒေါက်တာသာစိန်ကို ဆက်သွယ်မေးမြန်းထားသည်များအား ဖော်ပြလိုက်ပါသည်။
မေး – ပထမဦးဆုံးအနေနဲ့ အခုရွေးကောက်ပွဲမှာ အရွေးခံရပြီးနောက် မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာတဲ့အခါကျရင် ဘာတွေလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိလဲ သိချင်ပါတယ်။
ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကြေငြာစာတမ်းမှာ အချက်သုံးချက် အဓိကပါတယ်။ တိုင်းရင်းသားအရေးရယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရယ်၊ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ် လာရေးအတွက် ဖွဲ့စည်းပုံပေါ် ပေါက်လာရေးပေါ့။ နောက်ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပေါ့နော်။
ဒီနေရာမှာ ကျနော်တို့က တိုင်းရင်းသားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို နံပါတ် ၁ အနေနဲ့ ထားတာတွေ့တယ်။ ဒါကြောင့်မို့လို့ ကျနော့်ကို တိုင်းရင်းသားရေးရာဝန်ကြီးအနေနဲ့ တာဝန်ပေးလာလို့ရင်တော့ တိုင်းရင်း သားအရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို နံပါတ် ၁ အချက်အနေနဲ့ ပထမ ဦးစားပေးဆောင်ရွက်ဖို့ ရှိပါတယ်။
နောက်ပြီးတော့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအောက်မှာ ဌာနနှစ်ခုရှိတယ်။ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာနရယ်၊ တိုင်းရင်းသား အခွင့်အရေးကာကွယ်စောင့် ရှောက်ရေး ဦးစီးဌာနရယ်၊ နှစ်ခုရှိတဲ့အထဲမှာ ကျနော်သိရ သလောက်ပေါ့။ ဝန်ကြီးစောအောင် မြင့်ခိုင်ဆိုရင် သူကရင်စာပေနဲ့ပတ်သက်လာရင် အမျိုးစားအများကြီး ရှိတဲ့အခါကျတော့လေ စာပေဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှာ မွန်ပြည်နယ်၊ မြို့နယ်အသီးသီးက စာပေနဲ့ယာဉ်ကျေးမှု ဥက္ကဋ္ဌတွေနဲ့ ညှိနှိုင်းတဲ့အခါမှာ အခုထိညှိနှိုင်းလို့ မရသေးဘူး။ ဒါကိုကျနော်ဆက်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်။ ရမရဆိုတာကတော့ ကြိုးစားမှုအပေါ်မှာ မူတည်တာပေါ့နော်။ သိထားသလောက်တော့ အဲ့ကိစ္စတွေက တော်တော်လေး ရှုပ်ထွေးတယ်။
နောက်တစ်ချက်က ကျနော်တို့ တိုင်းရင်းသား အခွင့်အရေးပေါ့၊ အခွင့်အရေးလို့ ခေါ်တဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ရယ်၊ တိုင်းရင်းသား အခွင့်အရေးဆုံးရှုံးနိုင်တဲ့ ကိစ္စရပ်တွေပေါ့၊ ဥပမာ-ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်တာ ရှိမယ်။ တချို့ အကောင်းအထည် ဖော်မယ့် လုပ်ငန်းတွေ ရှိမယ်။ ဒီလို အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမှာ ကျနော်တို့က သိတဲ့ အတိုင်းပဲ။ စီးပွားရေးလုပ်ငန်းတစ်ခု ဝင်လာရင် အကျိုးဆက်ကတော့ ရှိတာပေါ့။
ရှိတဲ့အခါ ကျနော်တို့ တိုင်းရင်းသားတွေ လူမှုရေးထိခိုက်နိုင်တာတွေ နောက်ပြီးတော့ သဘာဝဘေးအန္တရာယ် စသည်အားဖြင့်ပေါ့ဗျာ။ ဒီဟာတွေ ထိခိုက်နိုင်တာကို ကျနော်ကတော့ တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဘက်မှာရှိပြီးသားဖြစ်တဲ့ ဥပဒေ၊နည်းဥပဒေအရ ကျနော်တို့ တတ်အားသ၍ ကာကွယ်ပေးရမယ့် တာဝန်ရှိတဲ့အတွက် ဥပဒေဘောင် အတွင်းကနေ ဆောင်ရွက်နိုင်သလောက်ပေါ့။ ဆောင်ရွက်တဲ့အခါမှာလည်း သိတဲ့အတိုင်းပဲ အကန့် အသတ်တွေ၊ စိန်ခေါ်မှုတွေအများကြီးရှိနိုင်တယ်။ ဒီကြားထဲကနေ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှလုပ် သွားဖို့ရှိတယ်။
နောက်ပြီးတော့ ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ နောက်ကျနော် သထုံမြို့နယ်ကို ရောက်တုန်းက ဟိုးအစွန်အဖျားက ကရင်တိုင်းရင်းသားရွာတွေမှာ ရေမရှိ ဘူး။ နွေရာသီ ရောက်ရင်တော်တော် ဒုက္ခရောက်တယ်။ ရေကိစ္စလည်း လုပ်ပေးဖို့ ခေါင်းထဲ ထည့်ထားတယ်။ နောက် တချို့ရွာတွေမှာ အိမ်တောင်မရှိတာတွေ ရှိတယ်။ လုပ် ပေးဖို့ ကျနော်ခေါင်းထဲမှာ ထည့်ထားတယ်။ ကိုယ်တိုင်ရောက်ခဲ့၊ တွေ့ခဲ့တော့ စိတ်မကောင်း စရာတွေ ရှိတယ်။ အဲ့ဒါကိုတော့ လုပ်နိုင်တဲ့အတိုင်းတာထိ အစွမ်းကုန်လုပ်ဆောင်ပေးမယ်။
ကျန်တဲ့ လျှပ်စစ်မီးတို့၊ လမ်းပမ်းဆက်သွယ်ရေးတို့ ပညာရေး၊ ကျန်းမာရေးတို့ကျတော့ အခြေအနေပေးရင် ပေးသလို ပြည်နယ် အစိုးရလက်အောက်ကနေပြီးတော့ ကျနော်တို့ လုပ်ခွင့်ရှိသလောက် အစွမ်းကုန်လုပ်မှာပေါ့နော်။ တာဝန်ယူမှတော့ လုပ်နိုင်စွမ်းရှိသလောက် လုပ်ဖို့ရာ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။
မေး – အန်ကယ့်အနေနဲ့အစိုးရ သတင်းစာမှာလုပ်ခဲ့ဖူးပြီးတော့၊ ဌာနဆိုင်ရာမှာလည်း ရာထူးကြီးကြီး တာဝန်ယူခဲ့တယ်လို့ သိထားပါတယ်။ ဌာန ဆိုင်ရာ ဖြတ်သန်းမှု၊ လုပ်ငန်းအတွေ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။
ကျနော်ရဲ့ လုပ်ငန်းအတွေ့အကြုံကတော့ စဝင်ကတည်းက ၁၉၉၂ ခုနှစ်မှာ အယ်ဒီ တာဘဝကနေ စဝင်တယ်။ ပြီးတော့ ၂၀၀၈ မှာ ဒုတိယအယ်ဒီတာချုပ်၊ နောက် ၂၀၁၄ မှာ အယ်ဒီတာချုပ်စတဲ့အဆင့်ဆင့်ပေါ့၊ မြန်မာ့သတင်းစဉ် နိုင်ငံခြားဌာနမှာ အယ်ဒီတာချုပ်အဆင့်ထိလုပ်ခဲ့တယ်။ ပြီးတော့ ၂၀၁၈ ကနေ ၂၀၂ဝထိကျနော်ဌာန ပြောင်းလိုက်တယ်။
ပြောင်းတဲ့ဌာနက အဘဦးဉာဏ်ဝင်း(NLD)တို့ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပြုအဖွဲ့မှာ ကျနော်ညွှန်ကြားရေးမှူးရယ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ရယ်၊ ညွှန်ကြား ရေးမှူးချုပ်တာ ဝန်ထိ ကျနော်တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ ၂၀၂ဝ ဖေဖော်ဝါရီလမှာ အငြိမ်းစားယူခဲ့တယ်။ ယူပြီးတော့ အချိန်မီပါပဲ နိုင်ငံရေး လောကဘက်ကို ကူးပြောင်းလာတာ။
မေး – အန်ကယ်ရဲ့ အစိုးရဌာနမှာလုပ်ခဲ့စဉ်တလျှောက် ထူးထူးခြားခြားတာဝန်ထမ်းခဲ့တာဆိုရင် ဘာတွေရှိမလဲ။
ကျနော်က ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့သတင်းစဉ် နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ အခါကျတော့ နိုင်ငံတကာက မီဒီယာတွေလာရင် ကျနော်က ကြီးကြပ်ရတယ်။ ဦးဆောင်ရ တယ်။ နိုင်ငံခြားက သမ္မတတို့၊ ဝန်ကြီးချုပ်တို့ ခရီးစဉ်တွေမှာ မီဒီယာအဖွဲ့ကို ဦးဆောင်ပြီး တော့ နိုင်ငံတော်သမ္မတရုံးတို့ပို့ရတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ ပို့ရတယ်။ နောက်ပြီး တော့ အခါအားလျော်စွာ ဝန်ကြီးရဲ့ စကားပြန်အဖြစ်လုပ်ခဲ့ရတယ်။
နောက်ပြီးတော့ နည်းနည်း ထူးခြားတာကတော့ ၂၀၁၆ အောက်တိုဘာ ၁၆ ရက်မှာ ဘဂင်္ါလီ အရေးအခင်းကာလ မှာ ပြည်တွင်းပြည်ပ မီဒီယာတွေ သတင်းယူနိုင်ရေးအတွက် ရခိုင်ပြည်နယ် မောင်တောကို ငါးခေါက် ခြောက်ခေါက်လောက်သွားခဲ့ရတယ်။ သွားခဲ့တုန်းက မောင်တောမြို့နယ်၊ ကျီးကန်ပြင်ရွာ တစ်နေရာမှာ ယာဉ်တန်းတိုက်ခိုက်ခံရတယ်။ ကျနော် ကံကောင်းစွာနဲ့ဘဲ ဘေးမသီရန်မခ ဖြစ်ခဲ့တယ်။ ပြောရင်တော့ အများကြီးပေါ့ဗျာ။
နောက်အယ်ဒီတာချုပ် အဖြစ်နဲ့ တာဝန်ထမ်းဆောင်စဉ်မှာ ငြိမ်းချမ်းရေးသတင်းတွေကို ခေါင်းကြီးပိုင်းရေးတော့ ကိုရီးယာအခြေစိုက် အဖွဲ့(HWPL)က ကျော်ကြားတဲ့ ငြိမ်းချမ်းရေး သံတမန်တံဆိပ်ချီးမြှင့်ခဲ့တယ်။ နောက် သမ္မတ ချီးမြှင့်တဲ့ ဝန်ထမ်းကောင်း တံဆိပ်ကို ရခဲ့တယ်။
နောက်ပြီးတာ့ ကျနော်ဌာနဆိုင်ရာမှာဝန်ထမ်းလုပ်ခဲ့စဉ်ကလည်း အပြောအဆို ကင်းအောင်၊ နောက်ပြီးတော့ မင်နီ မထိအောင်၊ နောက်ပြီးတော့ အထက်အောက် ဆက်ဆံ ရေး၊ ဘေးတိုက်ဆက်ဆံရေး အဲ့ဒီဆက်ဆံရေးတွေမှာလည်း အပြစ်ကင်းအောင် ကျနော်ဌာန ဆိုင်ရာမှာ ၂၇ နှစ်ထိ နေလာခဲ့တယ်။
မေး – အန်ကယ် နိုင်ငံရေးလောက ကူးပြောင်းလာတဲ့အကြောင်းအရင်းကို သိချင်ပါတယ်။
ကျနော်နိုင်ငံရေးလောက ကူးပြောင်းလာရတဲ့ အကြောင်းကလည်း တချို့ဆိုရင် မိုးကျ ရွေကိုလို့ ထင်ခြင်ထင်မယ်။ ဒါမှ မဟုတ် ခါတော်မှီ လို့ထင်ချင်ထင်မယ်။ မဟုတ်ဘူးလို့ ပြော ချင်တယ်။ ကျနော် ၈၈ အရေးအခင်းကတည်းက လှုပ်ရှားလာတာ။ ပေါင် မြို့နယ် သပိတ်ခေါင်းဆောင်၊ ရွာမှာ သပိတ်အတွက် လှုံ့ဆော် ပေးခဲ့တယ်။ အဖမ်းခံခဲ့ရတယ်။ နောက်ထွက်ပြေးခဲ့ရတယ်။ ဘဝပျက်ခဲ့ရတယ်။ နောက် ကျနော့် ဆေးခန်း လည်း အသိမ်းခံရတယ်။ နောက် ဘာမှ မဆိုင်တဲ့ ကျနော့်အမေနဲ့ အစ်မလည်း ဖမ်းသွားတာပေါ့ဗျာ။ မသိလို့ရှိရင်တော့ ကျနော်က ဌာန ဆိုင်ရာက ပြီးပြီးချင်းလာတယ်လို့ ထင်မှာပေါ့။ ပြောရမယ်ဆိုရင်တော့ ကျနော့်ရဲ့ ၈၈ အရေးအခင်းထဲက မပြီးဆုံးသေးတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ပြန်ရေးတဲ့ သဘောပါပဲ။
မေး – ပွင့်ပွင့်လင်းလင်းပြောရရင် မွန်ပြည်နယ်ထဲ ကရင်အသိုင်းအဝိုင်းက အန်ကယ်ကို မသိကြဘူးလို့ ပြောတာတွေကြားရတာရှိတယ်။ ဒီအခြေအနေကိုလည်း ပြောပြပေးပါဦး။
အရင်ကတော့ ဟုတ်တယ်။ နောက်ပိုင်းသိကြပါတယ်။ ရွေးကောက်ပွဲ စည်းရုံးရေး သွားတဲ့ အခါကျတော့လေ။ ကျနော်က မွန်ပြည်နယ်ဇာတိပါဘဲ။ ရန်ကုန်မှာတာဝန်ထမ်း ဆောင်တယ်။ နောက် နေပြည်တော်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီမှာ အချိန်ကုန် သွားတာ။ ဒီအတောအတွင်း ကိုယ့်ပြည်နယ်တော့ သွားသွား လာလာရှိတာပေါ့ဗျာ။ ကျနော် ကျောင်းတက်တာလည်း မော်လမြိုင် အထက(၁) မှာတက်ခဲ့တယ်။ မော်လမြိုင်မှာပဲ ဒေသ ကောလိပ်တက်ခဲ့တယ်။
ပြီးမှ ရန်ကုန်၊ နေပြည်တော်ရောက်သွားတာ။ ပင်စင်ယူပြီးမှ ပြန်လာတာ။ ကျနော် ဇာတိက ပေါင်မြို့နယ်၊ တောင်အရှေ့ သဲအင်းကျေးရွာပဲ။ ပေါင်မြို့နယ်၊ တောင်အရှေ့ တကျောလုံးက ကရင်ရွာ တွေကြီးပါပဲ။ ကျနော်တို့ မွန်ပြည်နယ်က ကရင်တော်တော် များတယ်။ လူတွေမသိလို့သာ ကျနော်ထင်တာ ကရင် တစ်ဝက်နီးပါးလောက် ကိုရှိတယ်။ ဒီလိုအခြေအနေတွေကြောင့် အရင်လူတွေတော့ သိတာပေါ့။ နောက်ပိုင်းလူတွေတော့ ကျနော့် ကို သိတာနည်းတယ်။
မေး – နောက်ဆုံးအနေနဲ့ ရွေးကောက်ပွဲမှာ အန်ကယ်အနိုင်ရအရွေးခံရပြီးဆိုတော့ မွန်ပြည်နယ်က ကိုယ့်ကရင်လူမျိုးတွေကို သတင်းစကားပါးချင်လဲ။
ကျနော့်ကို မဲပေးထောက်ခံခဲ့တဲ့ ကရင်တိုင်းရင်းသားတွေကို ကျေးဇူး အထူးတင်ပါတယ်။ ကျနော်ကတော့ကိုယ့်ကို မဲပေးတဲ့လူမှမဟုတ်ပါဘူး။ ကျနော့်တို့ ကရင်မှာလည်း ပြောရမယ်ဆိုရင် အနီ၊ အစိမ်း၊ အပြာ၊ အဝါ ပေါင်းစုံရှိတာပေါ့နော်။ ကျနော့်ကို မဲမပေးတဲ့ သူတွေကိုလည်း စိတ်ထဲမှာ ဘာမှမရှိဘူး။ မွန်ပြည်နယ် ထဲက အားလုံးသော ကရင်တွေအတွက် တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ပဲရှိတယ်။ အားလုံးအတွက်ပဲလုပ် ပေးမယ်။ ခွဲခြားထားတာ ဘယ်တော့မှ မရှိဘူး။ ကရင်ဟာ ကရင်ပဲ။ အမြင်မတူလို့ ကျနော်တို့ ချန်ထားမယ်လို့ မရှိဘူး၊ တပြေးညီပဲထားပါတယ်လို့ အားလုံးကိုသတင်းစကား ပါးလိုက်ပါတယ်လို့ ပြောချင်တယ်။
စောထွန်းလင်း မေးသည်။