Home သတင်း ဖာပွန်တွင် တပ်မ‌တော်နှင့် KNLA ကြား တိုက်ခိုက်မှုဆက်လက်ဖြစ်ပွား၊ ‌ဒေသခံထပ်တိုးတိမ်း‌ရှောင်‌နေရဟု ဆို

ဖာပွန်တွင် တပ်မ‌တော်နှင့် KNLA ကြား တိုက်ခိုက်မှုဆက်လက်ဖြစ်ပွား၊ ‌ဒေသခံထပ်တိုးတိမ်း‌ရှောင်‌နေရဟု ဆို

14889

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

စစ်‌ရေးတင်းမာမှုဖြစ်‌ပေါ်‌နေသည့် ကရင်ပြည်နယ်၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်‌ဝေ (မဲဝိုင်) ‌ဒေသတွင် တပ်မ‌တော် နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တို့အကြား ယမန်‌နေ့က မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်စလုံးမှ အတည်ပြု ထုတ်ပြန်‌ပြောဆိုခဲ့သည်။

မယ်‌ဝေ(မဲဝိုင်)အနီးတွင် အုပ်ချုပ်မှုကိစ္စ ‌ဆောင်ရွက်‌နေသည့် တပ်မ‌တော်သားများကို ကရင်အမျိုးသားအစည်း အရုံး-KNU တပ်မဟာ(၅)လက်‌အောက်ခံ KNLA တပ်ဖွဲ့ဝင်များမှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့‌ကြောင်း တပ်မ‌တော်သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့က ယမန်‌နေ့ (ဒီဇင်ဘာလ ၁၅)တွင် သတင်းထုတ်ပြန်ခဲ့သည်။

KNLA တပ်မဟာ (၅) အဖွဲ့အ‌နေဖြင့် ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ်နယ်‌မြေ‌ကျော်လွန်၍ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်နှင့် ‌ချောင်း‌မြောင်း ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်‌နေ့က မိုင်းဆွဲ တိုက်ခိုက်မှု ‌ကြောင့် တပ်မ‌တော်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း သတင်းထုတ်ပြန်ချက်၌ ဆိုထားသည်။

သို့‌သော် တပ်မ‌တော်အ‌နေဖြင့် အုပ်ချုပ်မှုကိစ္စ ‌ဆောင်ရွက်ခြင်းထက် ‌ကျော်လွန်လုပ်‌ဆောင်ခြင်းဖြစ်ပြီး တပ် အင်အား ပိုမိုတိုးချဲ့လာမှု‌ကြောင့် နှစ်ဖက်အပြန်အလှန် ယုံကြည်မှု ‌လျော့နည်းလာမှုက‌နေ ယခုလို တိုက် ခိုက်မှုများ ဖြစ်ပွား ရခြင်းဖြစ်‌ကြောင်း KNU ၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ (၅)ဘက်က ပြန်လည်တုန့်ပြန်‌ပြောဆိုသည်။

“သူတို့ဖက်က ‌ပြောရင်‌တော့ အုပ်ချုပ်မှုကိစ္စ လုပ်တယ်လို့ပဲ ‌ပြောမှာပဲ။ တကယ်က အုပ်ချုပ်မှုကိစ္စ လုပ်‌နေတာ မဟုတ်ဘူး။ တပ်ရင်း ၂ ရင်း အင်အား ၃၀ဝ ‌ကျော်အထိ ပို့လာ‌တော့ ကျ‌နော်တို့ ‌ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့ဝင် ‌တွေက ဒီအ‌ပေါ်မှာ မယုံကြည်‌တော့တဲ့အတွက် ဒီလိုတိုက်ခိုက်မှု‌တွေ ဖြစ်လာရတာပဲဖြစ်တယ်” ဟု KNLA တပ်မဟာ(၅) မှ ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခင်က နှစ်ဖက် ညှိနှိုင်း‌ပြောဆိုမှုများအရ တပ်ရိက္ခာပို့‌ဆောင်မည်ဆိုပါက KNU တပ်ဖွဲ့ဝင်များမှ ၎င်း တို့ တပ်မ‌တော်စခန်းရှိရာအထိ လိုက်ပါပို့‌ဆောင်‌ပေးခဲ့‌ကြောင်း ယခုကိစ္စတွင် ယခင်လို လုပ်ရိုးလုပ်စဉ်မ ဟုတ် ‌တော့ဘဲ တပ်ရင်းအင်အား အလုံးအရင်းဖြင့် ပိုတိုးပို့‌ဆောင်လာခြင်းအပြင် ညအချိန် လှုပ်ရှားမှုများ ပြုလုပ်လာ ခြင်း‌ကြောင့် ယုံကြည်မှုများကျဆင်းလာပြီး နှစ်ဖက် ထိ‌တွေ့မှုများ ဖြစ်လာရခြင်းဖြစ်သည်ဟုလည်း ဒုဗိ်ုလ်မှူးကြီး ‌စောကလယ်ဒို့ က ဆက်‌ပြောသည်။

KNU ၏ ယခုလို တိုက်ခိုက်မှုများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ပါ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘတ်ဆိုင်ရာ ကျင့်ဝတ် (Code of Conduct) အခန်း(၃) ပါ ပြဌာန်းချက်များကို ချိုး‌ဖောက်‌ကြောင်း၊ ၎င်းချိုး‌ဖောက်မှုများကို ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့် ကြည့်‌ရေး ‌ကော်မတီ(JMC)သို့ (၃၉) ကြိမ်တိုင် ကန့်ကွက်ခဲ့ပြီးဖြစ်‌ကြောင်းနှင့် နယ်‌မြေတည်ငြိမ်‌ရေး နှင့် လုံခြုံ ‌ရေးအတွက် လိုအပ်သည့် အ‌ရေးယူ‌ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ယမန် ‌နေ့က ထုတ်ပြန်ချက်၌ တပ်မ‌တော်ဘက်က ဆိုသည်။

ယမန်‌နေ့က မိုင်းဆွဲတိုက်ခိုက်မှုမှာ မဲဝိုင်နှင့် ‌ကေ့‌ကော်‌ကျေးရွာ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းဖြစ် စဉ်‌ကြောင့် တပ်မ‌တော်သားအချို့ ထိခိုက်မှုရှိခဲ့‌ကြောင်း တပ်မ‌တော်ဘက်က ၎င်းထုတ်ပြန်ချက်၌ ဆိုထား သည်။ KNLA ဘက်ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ‌ကြောင်း ‌ပြောဆိုထားပြီး ‌ကေအိုင်စီအ‌နေဖြင့် ၎င်းထိခိုက်မှုအ‌ခြေအ‌နေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။

၎င်းပစ်ခတ်မှုများ‌ကြောင့် မယ်‌ဝေ(မဲဝိုင်)‌ဒေသခံများ နှင့် ၎င်း‌ကျေးရွာအနီး ‌ဒေသခံ‌ကျေးရွာသားများ ရွာလုံး ကျွတ်ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြပြီးဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံ ရွာသားတစ်ဦးက ‌ကေအိုင်စီသု့ိ့ ယခုလို ‌ပြောသည်။

၎င်းက “ မယ်‌ဝေကတာ့ မရှိသ‌လောက်ပဲ။ တချို့မ‌ပြောင်း‌ရွှေ့နိုင်တဲ့ တစ်အိမ် နှစ်အိမ် ‌လောက်ပဲကျန်မယ်၊ အ ‌ပေါ်ရွာ ‌ဟောဝါးဆိုလည်း မရှိသ‌လောက်ပဲ၊ ‌အောက်က ‌ခေါဖိုးခီးတို့လည်း မရှိ‌တော့ဘူး။ ပြီး‌တော့ မယ်‌ဝေ အ‌ရှေ့ဘက် ကမ်းက ဗိုလ်တဲကုန်းတို့ဆိုလည်း‌ပြေးကုန်ပြီး။ တချို့က စပါးရိတ်ချိန်ဆို‌တော့ စပါးနယ်ရင်း တန်း လန်း‌ပြေးတဲ့ သူရှိတယ်။ တချို့လည်း စပါးပြီးမှ ‌ပြေးမယ် အဲ့လို‌ပေါ့။ ‌တော်‌တော်ဒုက္ခ‌ရောက်တယ်။” ဟု‌ပြော သည်။

၎င်း‌ဒေသတွင် တပ်မ‌တော်ဘက်မှ တပ်မ‌တော် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၃၃၉)မှ အဓိက လှုပ်ရှား‌နေပြီး KNU ဘက်မှ တပ်မဟာ (၅) လက်‌အောက်ခံ KNLA (၁၀၂) တပ်ရင်းတို့ အဓိက အ‌ခြေချလှုပ်ရှား‌နေကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်‌နေ့မှစ၍ နှစ်ဖက် ပစ်ခတ်မှုများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် စစ်‌ရေးတင်းမာမှုများ‌ကြောင့် တိုက်ပွဲကြီး သဏ္ဍာန်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ရာနှင့်ချီသည့် ‌ဒေသခံရွာသားများမှာ ပြီးခဲ့သည့် အ‌စောပိုင်းရက်များကတည်းက မွန်ပြည်နယ်၊ ဘီလင်းနှင့် ၎င်းတို့၏ နီးစပ်ရာ ‌ဆွေမျိုး‌နေအိမ်များသို့ ကနဦး ထွက်‌ပြေးခိုလှုံ‌နေကြသူတချို့ရှိခဲ့ပြီးဖြစ်‌ကြောင်း ‌ဒေသခံရွာသားများနှင့် KNU တာဝန်ရှိသူများက ဆိုသည်။

မယ်‌ဝေ(မဲဝိုင်)‌ကျေးရွာ‌ဒေသကို အစိုးရသတ်မှတ်ချက်အရ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တည်ရှိပြီး KNU ၏ နယ်‌မြေသတ်မှတ်မှုများအရ မူ‌တြော်ခရိုင်(ဖာပွန်)၊ ဒွယ်လိုးမြို့နယ်အတွင်းပါဝင်ပြီး ရှမ်းတိုင်းရင်းသား အများစု ‌နေထိုင်သည့် ‌ကျေးရွာများလည်းဖြစ်သည်။

မယ်‌ဝေ(မဲဝိုင်)ရွာလယ် ဘုန်းကြီး‌ကျောင်းအနီး စခန်းချထားသည့် တပ်မ‌တော် စခန်းအပါအဝင် KNU သတ်မှတ် နယ်‌မြေများအတွင်းရှိ ‌ဒေသခံလူထုနှင့်နီးကပ်သည့် တပ်စခန်းများအား ယခုနှစ်ကုန်တွင် အပြီး ရုပ်သိမ်း‌ပေး‌ရေး အတွက် KNLA ဗဟိုမှ ဒီဇင်ဘာလ ၁ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်‌စောင်ထုတ် ပြန်ခဲ့‌သေးသည်။