Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်ပွဲအသုံးစရိတ်မတင်သွင်းသည့် ကိုယ်စားလှယ်တစ်ဦးသာရှိ

ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်ပွဲအသုံးစရိတ်မတင်သွင်းသည့် ကိုယ်စားလှယ်တစ်ဦးသာရှိ

1696

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်ပွဲအသုံးစရိတ်မတင်သွင်းသည့် ကိုယ်စားလှယ်တစ်ဦးသာ ရှိ‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က ဒီဇင်ဘာ ၁၅ ရက်တွင်‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကြီးတွင် ကရင်ပြည်နယ်အတွင်း ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ် ခုနစ်‌နေရာ၊ အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ် ၁၂ ‌နေရာ၊ ပြည်နယ်လွှတ်‌တော် မဲဆန္ဒနယ် ၁၄ ‌နေရာနှင့် တိုင်းရင်းသား လူမျိုး‌ရေးရာ မဲဆန္ဒနယ်သုံး‌နေရာ စုစု‌ပေါင်း ၃၆ ‌နေရာကို ကိုယ်စားလှယ် ၁၉၉ ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ကိုယ်စားလှယ်‌လောင်းများထဲမှ ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဒီမိုက‌ရေစီပါ တီမှ ဗမာတိုင်းရင်းသားလူမျိုး‌ရေးရာကိုယ်စားလှယ်‌လောင်းတစ်ဦးသာ သတ်မှတ်ထား သည့်ရက်အတွင်း ‌ရွေး‌ကောက်ပွဲကုန်ကျစရိတ်စာရင်းကို တင်ပြခဲ့ခြင်းမရှိ‌ကြောင်း ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က ‌ပြောသည်။

“ညီညွတ်‌သောတိုင်းရင်းသား လူမျိုးများ ဒီမိုက‌ရေစီပါတီက ဗမာတိုင်းရင်းသား လူမျိုး‌ရေးရာကိုယ်စားလှယ်‌လောင်းတစ်ဦးပဲ လာမတင်တာပါ။ ကျန်တဲ့ကိုယ်စားလှယ်‌တွေ အားလုံးလာတင်ကြတယ်။ ကျ‌နော်တို့ ပြည်နယ်‌ကော်မရှင်အဖွဲ့ခွဲ မှာက တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်း‌တွေတင်ရပြီး ကျန်သူ‌တွေက‌တော့ ခရိုင်‌ကော်မရှင်အဖွဲ့ခွဲမှာ တင်ပြရပါတယ်” ဟု ၎င်းက‌ပြောသည်။

‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး‌ရေးရာကိုယ်စားလှယ်များသည် ကျပ်သိန်း ၁၅ဝ နှင့် ကျန်လွှတ်‌တော်ကိုယ်စားလှယ်များသည် ကျပ်သိန်း ၁၀ဝ ထိ အသုံးပြုခွင့်ရရှိပြီး ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်များအ‌နေဖြင့် ဆိုင်ရာလွှတ်‌တော်‌ရွေး‌ကောက်ပွဲနည်းဥပ‌ဒေ ပုဒ်မ ၇၇ အရ ‌ရွေး‌ကောက်ပွဲအသုံးစရိတ်များကို ‌ရွေး‌ကောက်ခံရသည့် လွှတ်‌တော်ကိုယ်စားလှယ်အမည်‌ကြေငြာသည့်ရက်မှစ၍ ရက်‌ပေါင်း ၃ဝ အတွင်း အသုံးစရိတ်စာရင်း တင်ပြရန် ပြဌာန်းထားသည်။

“သိန်း ၁၅ဝ သုံးစွဲခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုး‌ရေးရာ ကိုယ်စားလှယ်‌တွေထဲမှာ သိန်း ၁၂ဝ ထိ သုံးစွဲတဲ့သူရှိတယ်။ ကျန် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း‌တွေက သိန်း ၁၀ဝ သုံးစွဲခွင့်ရှိတဲ့အထဲမှာ အများစုက သိန်း ၆ဝ ‌ကျော်၊ သိန်း ၄ဝ ‌ကျော်‌လောက်ပဲ သုံးကြတာများတယ်” ဟု ဦး‌မောင်‌မောင်နိုင်က ဖြည့်စွက်‌ပြောကြားသည်။

‌ရွေး‌ကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်‌လောင်းများသည် သတ်မှတ်ချက်အတိုင်း ‌ရွေး‌ကောက်ပွဲအသုံးစရိတ်များကို အချိန်မီတင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာ ‌ရွေး‌ကောက်ပွဲနည်းဥပ‌ဒေ ပုဒ်မ ၈၄ အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်‌ကြေငြာခံ ရမည်ဖြစ်‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားသည့် အသိ‌ပေးနှိုး‌ဆော်စာတွင် ‌ဖော်ပြထားသည်။