မြစ်ဝကျွန်းပေါ် ကြယ်လေးတစ်ပွင့် ထွန်းတောက်လာလေမလား
နန်းဝေဖြိုးဇာ
ဒီဇင်ဘာ၊ ၂၀၂၀။
ဟန်ပန်အမူအရာတွေ ပိုင်ပိုင်နိုင်နိုင်နဲ့ အရွယ်ရောက်သူ မိန်းခလေးတစ်ဦးလို သီချင်းသီဆိုပြပြီး လူမှုကွန်ယက် စာမျက် နှာပေါ်မှာ ပရိဿတ်တွေရဲ့ အချစ်တွေကို ရယူထားခံရတဲ့သူကတော့ အသက် ၅နှစ်အရွယ်သာ ရှိသေးတဲ့ ဖိုးမူလေး နမ့်ချစ်ဝိန်ဝိန်ပဲ ဖြစ်ပါတယ်။
သူမကတော့ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်း ငပုတောမြို့နယ် ကြာကွင်းကျေးရွာအုပ်စု ကုန်းမြင့်သာယာ ကျေးရွာ လေးမှာနေထိုင်ပြီး မန်းမြင့်ဌေး၊ ဂါ့တင်တင်ဌေးရဲ့ ရင်သွေး ၆ယောက်ထဲမှာတော့ အငယ်ဆုံး သမီးငယ်လေးလည်း ဖြစ် ပါတယ်။
ပိုးစားနေတဲ့ ရှေ့သွားလေးတွေက ကျိုးတိုးကျဲတဲ ဖြစ်နေပေမယ့် အတွေ့အကြုံရှိဖူးသူ အဆိုရှင်တစ်ယောက်လို ဟန်ပန် အမူအယာတွေနဲ့ သီချင်းဆိုရင်း ခြေလက် ကိုယ်ခန္ဓာ လှုပ်ရှားမှုတွေပါ သရုပ်ဆောင်ပြပြီး ယုံကြည်မှုရှိရှိ သီချင်းဆိုနေ တဲ့ ဒီသမီးငယ်ကို မြင်သူတိုင်း ချစ်စိတ်ဝင်ပြီး သဘောကျနေတာပါ။
သူမဟာ ကရင်စကားကိုသာ ပြောဆိုပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ပေမယ့်လည်း မြန်မာသီ ချင်းတွေကို ပီပီပြင်ပြင်၊ ပီပီသသ သီဆိုတတ်သလို ကရင်ဘာသာစကားအားဖြင့်လည်း အရှေ့ပိုးကရင်နဲ့ အနောက်ပိုး ကရင် သီချင်းအချို့ကိုပါ တခါတလေ သီဆိုလေ့ရှိပါတယ်။
ဒီလိုအရွယ်နဲ့ သီချင်းစာသားတွေကို အလွတ်ရပြီး ပိုင်ပိုင်နိုင်နိုင် သီဆိုသွားနိုင်တာက အံ့ဩနေရသလို ဒါဟာ သူမရဲ့ ပါရမီတစ်ခုဆိုရင်လည်း ပြောလို့ရပါတယ်။
တခါတလေမှာ လှလှလေးပြင်ပြီး အမှုအယာသရုပ်ဆောင်ပြပြီး သီချင်းသီဆိုတတ်သလို တစ်ခါတစ်လေမှာ ကလေး သဘာဝအတိုင်း ဟန်ဆောင်မှုကင်းမဲ့ပြီး အိပ်ယာမှာ ဆော့ရင်း သီချင်းသီဆိုနေတဲ့ပုံကိုလည်း တွေ့နေရတတ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နမ့်ချစ်ဝိန်ဝိန်လေး သီချင်းဆိုတဲ့ ဗီဒီယိုဖိုင်တွေကို သူမရဲ့အစ်ကိုအစ်မတွေက ဖုန်းနဲ့ရိုက်ပြီး လူမှုကွန်ယက် စာမျက်နှာ (ဖေ့ဘွတ်)ပေါ် တင်ရာကနေ လူအများကြိုက်နှစ်သက်ပြီး စိတ်ဝင်စားခြင်း ခံလာရတာဖြစ်တယ်လို့လည်း သူမရဲ့အမေ ဂါ့တင်တင်ဌေးက ပြောပါတယ်။
“ကျမတို့က ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့အချိန်မျာ အိမ်မှာကျန်တဲ့ သူ့အစ်မတွေက သူ သီချင်းဆိုတာကို အပျော် သဘော ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်တာပါပဲ။ သူက အသက်၂နှစ်ကျော်ကတည်းက သီချင်းတွေကို နားထောင်ပြီး လိုက်ဆိုတာ နှစ်ရက်လောက်နားထောင်ရရင် သူ အကုန်အလွတ်ရပြီ။”ဟု နန့်ချစ်ဝိန်ဝိန်ရဲ့ မိခင်က ပြောပါတယ်။
အခုချိန်မှာ သူမဟာ အရွယ်ငယ်လွန်းသေးတာကြောင့် သီချင်းသီဆိုမှုမှာ သူမ ဝါသနာပါတာ ဟုတ်မဟုတ် ပြောလို့မရ သေးဘူးလို့လည်း မိခင်ဖြစ်သူက ဆိုပါတယ်။
ဒါ့အပြင် သူမနာမည်နဲ့ ဖွင့်ထားတဲ့ Nant Chit Weain Weain Fb Page မှာ သီချင်းဆိုနေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်တွေကို မကြာခဏ တင်ပေးနေတဲ့အတွက် FB Page သက်တမ်း တစ်နှစ်ကျော်အတွင်းမှာပဲ သူမရဲ့ သီချင်းပရိဿတ်ဟာ အရေ အတွက် သိန်းနဲ့ချီ ဖြစ်သွားတဲ့အထိ စောင့်ကြည့်အားပေးနေသူတွေ များနေတာပါ။
သူမ သီချင်းဆိုတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ဝင်ရောက်ကြည့်ရှုတဲ့ပရိဿတ်တွေက နာမည်ကြီး ဆယ်လီအနုပညာရှင် တွေနဲ့ အရေအတွက် တန်းတူရှိနေတာကြောင့် လူမှုကွန်ယက်ပေါ်မှာ လူစိတ်ဝင်စားခံနေရတဲ့ ကရင်ကလေးငယ်တစ် ယောက်လို့လည်း ဆိုနိုင်ပါတယ်။
သို့သော် ငယ်ရွယ်နေသေးတဲ့ သူမကို အားပေးနေတဲ့ ပရိဿတ်များပေမယ့်လည်း ကျေးလက်ဒေသမှာ ရှိနေတဲ့အတွက် မြို့ပြမှာလို သူမရဲ့ အဆိုဝါသနာအတွက် အောင်မြင်တဲ့ လမ်းစ၊ အခွင့်အလမ်းတွေ မရှိသေးသလို ယခုအချိန်ထိလည်း အနုပညာလှုပ်ရှားမှု တစုံတရာ မရှိသေးကြောင်းလည်း သူမရဲ့မိခင်က ပြောပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ။ နမ့်ချစ်ဝိန်ဝိန်လေးအတွက်တော့ အောက်တိုဘာလ ၂ဝရက်မှာ ကျရောက်ခဲ့တဲ့ သူ့မွေးနေ့မှာ သိန်းနဲ့ချီတဲ့ သူမရဲ့ ချစ်ပရိဿတ်တွေထဲက တစ်ဦးကတော့ “ခလေးလေး တစ်နေ့မှာ အောင်မြင်တဲ့ Idol လေးတစ် ယောက် ဖြစ်ပါစေ။”လို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာလေးမှာ မှတ်ချက်ပြု ဆုတောင်းပေးသွားပါတယ်။