နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂ဝ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရေးဗဟိုကော်မတီ(မဟာရန်ကုန်)၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအဝှမ်းရောက်ရှိ နေကြသည့် ကရင်လူမျိုးများပါဝင်ယှဉ်ပြိုင်နိုင်မည့် ကရင်မျိုးနွယ်စုများ၏ ရိုးရာဝတ်စား ဆင်ယင်မှုပြိုင်ပွဲတစ်ခုကို လာမည့်ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆက်လက်ရင်ဆိုင်နေရ ဆဲဖြစ်သည့် Covid-19 ကပ်ရောဂါအခြေအနေများအရ အခမ်းအနား များ၊ ပွဲတော်များ၊ ရိုးရာပွဲတော်များ၊ နေ့ထူးနေ့မြတ်များကို လူစုလူဝေးအများအပြားဖြင့် လတ်တလော ကျင်း ပ နိုင်ခြင်း မရှိသေးသည့် အခြေအနေများကြောင့် ယခုရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲကို အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုသွားမည်လည်းဖြစ်သည်။
“ ကရင်အမျိုးသားနှစ်သစ်ကူးကို ပွဲအနေနဲ့ကျင်းပဖို့ အခုနှစ်က အခက်အခဲရှိတာရယ်၊ နောက်တစ်ခုက ကရင် တစ်မျိုးသားလုံးဝတ်စုံသတ်မှတ်တာတို့ နောက်ပြီး ကိုယ့်ရဲ့မျိုးနွယ်စုဝတ်စုံသတ်မှတ်တာတို့ကို ဆောင်ရွက်ဖို့ရှိ တဲ့အခါကျတော့ အဲဒီအတွက်စပြီးတော့ စည်းရုံးတဲ့သဘောလည်းဖြစ်တယ် “ကရင်အမျိုးသားနှစ်သစ်ကူး ကျင်းပရေးဗဟိုကော်မတီ(မဟာရန်ကုန်)၏ မန်းသန်းဝင်းဦးက ပြောသည်။
ထို့အပြင် အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းမှာ ကရင်လူမျိုးများအနေဖြင့် မိမိတို့လူမျိုးများ၏ သမိုင်းနှင့် မျိုးနွယ် စုဝတ်စားဆင်ယင်မှုများကို ပိုမိုစိတ်ဝင်စားလာပြီး သင့်လျော်မှန်ကန်သည့် အမျိုးကိုချစ်မြတ်နိုးသည့် စိတ် များပိုမို ကိန်းအောင်လာစေရေး စသည့်ရည်ရွယ်ချက်များပါဝင်ကြောင်း ၎င်းကပြောသည်။
ပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်လက်ခံကျင်းပပေးမည်ဖြစ်ကာ စိတ်ပါဝင်စားသည့် နိုင်ငံအနှံ့အပြားမှ ကရင်မျိုးနွယ်စုလူငယ်များအနေဖြင့် သတ်မှတ်ထားသည့် ကရင်မျိုးနွယ်စု ၇ စုထဲမှ မိမိတို့ယှဉ်ပြိုင်သည့် ရိုးရာ ဝတ်စုံအကြောင်းနှင့် မျိုးနွယ်စုအကြောင်း အရာများကို ရိုက်ကူးထားသည့် ပုံနှင့်တကွ စာတိုက်သို့မဟုတ် အွန်လိုင်းမှတစ်ဆင့်ပေးပို့ကာ ယှဉ်ပြိုင်ရမည်လည်း ဖြစ်သည်။
ဒီဇင်ဘာလကုန်တွင်နောက်ဆုံးထားလက်ခံသွားမည်ဖြစ်သည့် အဆိုပါပြိုင်ပွဲဝင်မှုများထဲမှ ဆုရရှိသူများကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကြေငြာသွားမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ၂ ဆုဖြင့်ဆုများကို အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်ဟု သိရသည်။
ထို့အတူ ယခုပြိုင်ပွဲကို ပြုလုပ်စီစဉ်မည့် ကရင်အမျိုးသားနှစ် သစ်ကူးကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) အနေဖြင့် အင်းစိန်မြို့နယ် မဟာဆေးဝကင်္ဘာကျောင်းတိုက်ရှိ ကရင်နှစ်သစ်ကူးပွဲတော်ကို ယခုနှစ် စည်စည် ကားကား ကျင်းပနိုင်ခြင်းမရှိတော့သည့်အတွက် လာမည့်ကရင်အမျိုးသား နှစ်သစ်ကူးပွဲ တော်နေ့အခမ်း အနားကို အွန်လိုင်းတွင်သာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သည်ဟု သိရသည်။
ကပ်ရောဂါအခြေအနေများကြောင့် လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆ဝ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို လူစုလူဝေးဖြင့်ကျင်းပခြင်းအစား နှစ်စဉ်ကျင်းပ နေကျ ကရင် လူမျိုးများနှင့်သက်ဆိုင်သည့် အခြားသောအထိမ်းအမှတ်အခမ်းအနားများ၊ ပြိုင်ပွဲများကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမှုများပြုလုပ်လာခြင်းလည်းဖြစ်သည်။