တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၆ဝနှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်း များ၊ မဲရုံဝန်ထမ်းများမှာ အောက်တိုဘာလ ၂၉ရက်မှ နိုဝင်ဘာ ၇ရက်နေ့အထိ ကြိုတင်မဲပေးလျှက်ရှိကြပြီး ၎င်းကာလ အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ၎င်းတို့လေ့လာတွေ့ရှိချက်နှင့် ပတ်သက်၍ ကေအိုင်စီက နိုဝင်ဘာ လ ၃ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားချက် ဖြစ်သည်။
နန်းစောမြ (ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP)
အမျိုးသားလွှတ်တော်၊ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၈)
ကော်မရှင်အဖွဲ့ဝင်တချို့ဟာ မဲမထည့်တတ်တဲ့သူတွေကို ရှင်းပြတဲ့အခါ ဒီအကွက်တွေရှိတယ်။ ကြိုက်တဲ့အကွက်ကို ထုလို့ ပြောရမယ့်အစား ကျမတို့ လှိုင်းဘွဲမြို့နယ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ရက်က ကမော့ကချူးရွာ၊ ကိုမောင် အ.ထ.က၊ အ.မ.က(၁) လှိုင်းဘွဲ မဲရုံတွေမှာ လက်ညှိုးလိုက်ထောက်ပြီး “ဒီမှာထည့်၊ ဒီမှာထည့်”ဆိုပြီး လုပ်တာတွေရှိနေတယ်။ ကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့်တော့ရှိတယ်။ ဒါပေမယ့် လက်ညှိုးနဲ့ ထောက်ပြလို့ကို မရတာ။
မြိုင်ကြီးငူဖက်ခြမ်းမှာလည်း တချို့ကော်မရှင်ကနေပြီး “ဒါကိုထု၊ ဒါကိုထု”လို့တော့ ပြောနေတယ်။ အဲဒါကိုလည်း ဓာတ်ပုံရိုက်ထားတယ်။ ကော်မရှင်ကပဲ နားမလည်လို့လား။ သက်သက်မဲ့လားတော့ မသိဘူးပေါ့နော်။ ဒါတွေကို မြို့နယ်ကော်မရှင်ကို အသိပေးထားတယ်။ မြို့နယ်ကော်မရှင်ကလည်း သူတို့(ကော်မရှင်အဖွဲ့ဝင်တွေ)ကို ပါးစပ်နဲ့ သတိပေးထားတယ်လို့ ကြားတယ်။
နောက်ပြီး ပိုက်ဆံ တစ်ယောက် ၂သောင်း၊ ၂သောင်းပေးတာကို အကြောင်းပြပြီးတော့ တချို့နေရာတွေမှာ အုပ်ချုပ် ရေးမှူး ကိုယ်တိုင် မဲဆွယ်ပေးနေတယ်။ ဒီနေရာမှာ အုပ်ချုပ်ရေးမှူး ပါလို့မရဘူးလေ။ အခု ပြဿနာတော့ သိပ်မရှိ သေးဘူး။ ဒီထက် ပြဿနာရှိရင်တော့ တိုင်မယ်ပေါ့နော်။
ခွန်မင်းအောင်(ခ)မောင်မောင် (တစ်သီးပုဂ္ဂလ)
ကရင်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း
၂၉ရက် မနက်က ကျနော်အရွေးခံတဲ့ ဖားအံမြို့နယ်၊ ဝါးဆူးကျေးရွာကိုရောက်သွားတော့ ရင်ထိုးတံဆိပ် ဘာမှတပ်မ ထားတဲ့ ပုဂ္ဂိုလ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ ကော်မရှင်အဖွဲ့ဝင်လား၊ မဲရုံဝန်ထမ်းပဲလား ဆိုတာ မသေချာလို့ ကျနော်မေးကြည့်လိုက်တော့ NLD(အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်)ပါတီက စောင့်ကြည့်လေ့လာတဲ့ မဲရုံကိုယ်စားလှယ် ပေါ့။ ကျနော်ပြောတယ်။ မဲရုံကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ပိုင်ခွင့်ရှိလား။ ဆောင်ရွက်ပိုင်ခွင့်မရှိဘူးဆိုရင် ဘာလို့ ရင်ထိုးတံဆိပ် မတပ်ထားတာလဲလို့မေးတော့ ဒီနေ့က အစမ်း(ကြိုတင်မဲ)မို့လို့ တဲ့။ အစမ်းလည်းတပ်၊ မစမ်းလည်း တပ်ရမှာပဲလေ။
နောက်ပြီး လျှို့ဝှက်ဆန္ဒပြုခန်းအနားမှာ လူနှစ်ယောက်ရပ်နေတာတွေ့လို့ မေးတဲ့အခါကျတော့ သူတို့တွေက UNDP-ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက စောင့်ကြည့်လေ့လာတဲ့အဖွဲ့တဲ့။ အဲဒီလို ရပ်နေလို့ မရဘူးပေါ့ နော်။ သူတို့လှမ်းကြည့်လိုက်ရင် ဘယ်သူ့ကို ဆန္ဒပြုနေလဲဆိုတာ တွေ့နေရတဲ့အတွက် မဲပေးတဲ့လူကို စိတ်အနှောက်အ ယှက် ဖြစ်စေတယ်လေ။
နောက်တစ်ခုက ဖားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုမှာ ပအိုဝ်းတိုင်းရင်းသားမဲပေးရမယ့် အသက် ၆၀ကျော် ပုဂ္ဂိုလ် က မဲလာထည့်တဲ့အခါကျတော့ ဗမာ(ရေးရာ) မဲစာရွက်ကိုလာပေးတယ်။ သူ ကြည့်လိုက်တော့ ပအိုဝ်းတစ်ယောက်မှ မပါတဲ့အတွက် မဟုတ်ဘူး။ ပအိုဝ်း စာရွက်သက်သက်ရှိတယ်။ ဒါ ဗမာချည်း။ အဲလိုပြောလိုက်တော့ မဲရုံတာဝန်ရှိသူက ရှင်တို့ဟာ ရှုပ်လိုက်တာလို့ ပြန်ပြောခံရတယ်။ ခံရတဲ့ ကာယကံရှင်က ကျနော်တို့ကို တမင်သက်သက် ခွဲခြားဆက်ဆံ တာလို့ မှတ်ချက်ပေးတာတွေရှိတယ်။
မဲစာအုပ်တစ်အုပ်မှာ အရွက် ၅ဝ ပါတယ်။ ထူးဆန်းတာက ဖားအံမြို့နယ်၊ ဝဲကြီးရွာရဲ့ မဲစာအုပ်တစ်အုပ်မှာ အရွက် ၄၄ ရွက်ပဲ ပါတယ်။ ဒါက ချုပ်တုန်းကလိုတာလား။ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)က လိုတာလားဆိုတာ တော့ ကျနော့်နဲ့ မဆိုင်ဘူးပေါ့နော်။ ဒါပေမယ့် ဒါက ထူးခြားတာလေးတွေပေါ့။
နောက်တစ်ခု ကျနော့် Campaign manager က ၂၉ရက်နေ့၊ အိန္ဒုမဲရုံမှာ မဲပေးတဲ့လူတွေဟာ လျှို့ဝှက်ဆန္ဒပြုခန်းအ နားမှာ စုပြုံပြီးတော့ ဆန္ဒပြုတာကိုတွေ့ရတယ်။ ဒါဆိုရင် “ဘယ်သူ့ကိုထည့် ဘယ်သူ့ကိုထည့်” ဆိုပြီးတော့ မဲဆွယ်လို့ ရတဲ့အနေအထားမှာ ရှိနေတာပေါ့။ မဲရုံရဲ့ နေရာအခက်အခဲကြောင့်လားတော့ မပြောတတ်ဘူးပေါ့နော်။
စောစိန်ဝင်း (ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP)
အမျိုးသားလွှတ်တော်၊ မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁၁)
လွန်ခဲ့တဲ့ ၃ရက်လောက်တုန်းက မြဝတီမြို့က မဲရုံတစ်ရုံမှာ ကော်မရှင်ကနေပြီးတော့ ပြည်ခိုင်ဖြိုး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ကုလားထိုင်တွေ သွားယူထားတာရှိတာပေါ့နော်။ ဒါပေမယ့် ကုလားထိုင်ရဲ့နောက်မှာ ပြည်ခိုင်ဖြိုးအမှတ်တံဆိပ်တွေရှိတာကို ကော်မရှင်က သတိမထားမိဘူးလို့ ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး NLD နဲ့ ပြည်ခိုင်ဖြိုးတို့ ပြောဆိုမှုတွေ နည်းနည်းရှိတယ်။ ဒါကြောင့် ကော်မရှင်ကနေပြီးတော့ ကုလားထိုင်ကို မီးခိုးရောင်တို့၊ အပြာရောင်တို့နဲ့ ပြန်ပြောင်းလိုက်လို့ အဆင်ပြေသွားပြီပေါ့နော်။
နောက်ပြီးတော့ မြဝတီ၊ အမှတ်(၅)နဲ့ အမှတ်(၃) ရပ်ကွက်မဲရုံတွေမှာ ဆန္ဒမဲပေးတဲ့အခါ တစ်ဦးနဲ့တစ်ဦး နီးကပ်ပြီးတော့ ရှိနေတယ်။ ဒါက နေရာထိုင်ခင်းကြောင့်ဖြစ်လို့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်လို့တော့ ကော်မရှင်က ပြောတာရှိတာပေါ့နော်။ လျှို့ဝှက်ဆန္ဒမဲပေးတဲ့အခါ တစ်ဦးနဲ့တစ်ဦး တိုးတိုးတိတ်တိတ်လေး ပြောလို့မရအောင် အနည်း ဆုံး တစ်လံလောက် ဖြစ်စေချင်တာပေါ့နော်။ အခုက တစ်တောင်လောက်ပဲ ကွာတာ တွေ့ရတယ်။