အယ်ဒီတာ့အာဘော်
ပြည်ထောင်စုအရေးထိ စဉ်းစားရွေးချယ် မဲပေးကြပါ
၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပသည့် ၂၀၂ဝ အထွေထွေရွေးကောက်ပွဲကို ရက်ပိုင်းအတွင်း ပြုလုပ်တော့မည် ဖြစ်သည်။ ကုန်လွန်ခဲ့သည့် အောက်တိုဘာလကတည်းက ပြည်ပရောက် နိုင်ငံသားများ ကြိုတင်မဲပေးခြင်းနှင့် လက်ရှိအချိန်တွင် လည်း ပြည်တွင်း၌ ကြိုတင်မဲများပေးနေပြီး ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ စတင်ပြီးဟု ဆိုနိုင်သည်။
ကနဦး ပြောလိုသည်မှာ စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုက ရေစီစံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်ချက်များ ရှိခဲ့သဖြင့် ထိုစဉ်က စစ်အစိုးရ တာဝန်ရှိသူများသည်ပင်လျှင် “မြန်မာ့ နည်း မြန်မာ့ဟန် ဒီမိုကရေစီ”ဟု ညွှန်းဆိုခဲ့ကြသည်။ ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းနှင့် ဆိုလျင်ပို၍ အလှမ်းဝေးသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုထားသည့် ပါတီ၊ အင်အားစုအသီးသီးတို့ လှုပ်ရှားမှုအပေါ် အငြင်းပွားလို၍မဟုတ်သော်ငြား ၂၀၀၈ ထက် ပိုကောင်းသည့်အရွှေ့တစ်ခုကို တစ်ဦး၊ တစ်ဖွဲ့ထက် တိုင်းရင်းသားပြည်သူအားလုံး အတူတကွ တွန်းလှန်ရ မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဗမာတိုင်းရင်းသား အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ ထို့အတွက် ဒီမိုကရေစီနိုင်ငံထက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးသည်သာ အသင့်တော်ဆုံးဖြစ်သည်ကို အားလုံးအသိ ဖြစ်သည်။ ဤနိုင်ငံကို ခေတ်အဆက်ဆက် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်”ဟု အမည်တပ်ခေါ် ဆိုခဲ့သော်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဗဟိုကသာ ချုပ်ကိုင်ထားပြီး ပြည်နယ် များဖြင့် စုပေါင်းတည်ထောင်သည့် ပြည်ထောင်စုပုံစံထက် တစ်ပြည်ထောင်ပုံစံဖြင့်သာ အုပ်ချုပ်ခဲ့သဖြင့် ယနေ့အချိန် ထိ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့ဘဲ နှစ် ၇၀ကျော် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်သည်။
တိုင်းရင်းသားများသည် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် တစ်နည်းဆိုရသော် ပြည်ထောင်စုစစ်စစ် အသွင် ဖြစ်ရန် လွတ်လပ်ရေးမရခင်ကတည်းက ပြောဆိုကြိုးပမ်းနေခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ထိုသို့ လုပ်ဆောင် ခြင်းကို တိုင်းရင်းသားများအနေဖြင့် မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသအတွက်သာကြည့်ပြီး အမြင်ကျဉ်းမြောင်းသူများ အဖြစ် အကြီးအကဲများက အလွယ်မှတ်ယူကာ ပြောဆိုနေခြင်းမျိုးထက် ၎င်းတို့အနေဖြင့် အမြင်ကျယ်ကျယ် တွေးတောစဉ်းစားကာ ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်သည်။
ထိုသို့ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုး ပမ်းလုပ်ဆောင်ခြင်းသည် တစ်ပါတီ သို့မဟုတ် အစုအဖွဲ့တစ်ခုကသာ အာဏာရရှိရေးအသွင် မဖြစ်ရန်လိုသည်။ ဆိုလို သည်မှာ အာဏာရှင်ကိုတော်လှန်ခြင်းသည် အာဏာရရှိရန်အတွက်မဟုတ်ဘဲ အများပြည်သူအကျိုးကို ရှေ့ရှု၍ တော် လှန်ခြင်းသာဖြစ်ရပေမည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းကို ကြည့်မည်ဆိုလျှင် တပ်နှင့် တပ်က ကြောထောက်နောက်ခံပေးထားသည့် ပါတီ၊ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစုများ အသီးသီးရှိကြသည်ကို တွေ့ရသည်။ သုံးပွင့်ဆိုင် နိုင်ငံရေး အင်အားစုများ ဖြစ်တည်နေသည်ဟု ဆို၍ရသည်။ ကုန်လွန်ခဲ့သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆယ်နှစ်တာကာ လကို ပြန်ကြည့်မည်ဆိုလျင် တိုင်းရင်းသားပြည်သူများ မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအရေးကို မည်သူတို့ ပုံဖော်ခဲ့ကြသနည်း။ မိမိတို့ အမျိုးသားရေး သွင်ပြင်လက္ခဏာအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုစစ် စစ်ပုံစံအတွက်သော်လည်းကောင်း အသီးအပွင့်များ ထင်ရှားလာအောင် မိမိတို့ကိုယ်တိုင်သာ ပုံဖော်ရမည်ဖြစ်သည်။
ထို့အတွက် ရွေးကောက်ပွဲတွင် မိမိတို့တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေး၊ ရပိုင်ခွင့်၊ တန်းတူခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် မိမိတို့မျှော်မှန်းသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ပြည်နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် အရေးအရာ မှသည် ပြည်ထောင်စုအရေးအထိ အမှန်တကယ် ကြိုးပမ်းအကောင်အထည်ဖော်ပေးနိုင်မည့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးရန် အလေးအနက်ထား တိုက်တွန်းလိုပါသည်။