နိုဝင်ဘာ ၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်-၁ တွင် ကရင်ပြည်သူ့ ပါတီ (KPP) ကိုယ်စားလှယ်လောင်း စောခရစ္စတိုဖာက အနိုင်ရရှိသွားကြောင်း ကရင်ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ စောစေးဝါးက ပြောသည်။
“သံတောင်ကြီး၊ ပြည်နယ် အမှတ်-၁ မှာတော့ စောခရစ္စတိုဖာ နိုင်သွားတယ်။ အတည်ပြုချက်တော့ မရသေးပေမယ့် ကနဦးရလဒ်တွေအရ သေချာသလောက်ဖြစ်သွားပြီး၊ အခု မဲတွေတော့ ရေတွက်နေတုန်းပဲလို ့သိရတယ်”ဟု စောစေးဝါးက ပြောသည်။
အလားတူ ကရင်ပြည်နယ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကလည်း သံတောင်ကြီး၊ ပြည်နယ် အမှတ်-၁ တွင် စောခရစ္စစတိုဖာ အနိုင်ရရန် သေချာသလောက် ဖြစ်သွားပြီးဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ သံတောင်ကြီးတွင် မဲရေတွက်နေဆဲ ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမှတ်-၂ တို့တွင် NLD က အနိုင်ရရန် အလားအလာကောင်းနေသည်ဟု သံတောင်ကြီး သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် အမျိုးသားလွှတ်တော်တွင်မူ NLD နှင့် KPP အပြိုင် ဖြစ်နေပြီး မဲရေတွက်နေဆဲ ဖြစ်ကြောင်း သတင်း ရရှိ သည်။
သံတောင်ကြီးတွင် ၂၀၁ဝ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီက ၄ နေရာစလုံး အနိုင်ရခဲ့ဖူးပြီး ထိုစဉ်က စောခရစ္စတိုဖာသည် ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ၂၀၁၅ တွင်မူ သံတောင်ကြီးတွင် ကရင်ပြည်သူ့ပါတီက ပြည်နယ်အမှတ်-၁ တွင်သာ အနိုင်ရခဲ့ပြီး ကျန် ၃ နေရာ ရှုံးနိမ့်ခဲ့သည်။