စက်တင်ဘာ ၂၉ရက်၊ ၂၀၂ဝခုနှစ်။ နန်းဝေဖြိုးဇာ
လက်ရှိကရင်ပြည်နယ်တွင် Covid-19 ရောဂါ ကူးစက်မှု အနည်းငယ်တိုးလာသည့်အတွက် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုသည် Covid ရောဂါပိုးကို ကာကွယ်တားဆီးသည့်အနေဖြင့် ပြင်ပမှ လူဝင်လူထွက် သွားလာခွင့်ကို ပိတ်ထားသည်ဟု သိရသည်။
မိမိကျေးရွာအတွင်း ကပ်ရောဂါကူးစက်မှု မရှိစေရန်အတွက် ပြင်ပဧည့်သည်များ ကျေးရွာအတွင်း ဝင်ခွင့်မပေးသည့် ရွာ များရှိသလို ကျေးရွာအတွင်း နေထိုင်သည့်သူများကလည်း စားဝတ်နေရေးအတွက် လိုအပ်မှသာ အပြင်ထွက်ပြီး ထွက် ပါကလည်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ခံစာပါမှ ထွက်ခွင့်ပေးကြောင်းလည်း သိရသည်။
အဆိုပါ တင်းကြပ်ထားမှုသည် မြို့ပြနှင့် နီးစပ်သည့် ကျေးရွာများမှ ရောဂါပိုးတွေ့ရှိသူနှင့် နီးစပ်သည့် ကျေးရွာအချို့အ ပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဖက် ရောနှောအုပ်ချုပ်နေသည့် ကျေးရွာများတွင် ပို၍ တင်းကြပ်ထားကြောင်းလည်း သိရသည်။
KNU ထိန်းချုပ်နယ်မြေ ကော့ကရိတ်တောင်ပိုင်းတွင် ဒေသခံများ Covid ရောဂါ မကူးစက်ရန်အတွက် ကော့ကရိတ်နှင့် မြဝတီမြို့များသို့ သွားခွင့်မပြုသလို ကော့ကရိတ်မြို့နယ် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ပိတ်ပင်မှု(Lock Down) ချထားကြောင်းလည်း သိရသည်။
KNU ကော့ကရိတ်မြို့နယ် Covid ၁၉ အရေးပေါ်တုန့်ပြန်ရေးကော်မတီ အတွင်းရေးမှူး-၂ မန်းမြအေးက “အခု မြဝတီ မှာ ပိုးတွေ့လူနာတိုးလာတယ်။ အဲဒီပိုးတွေ့လူနာနဲ့ ထိစပ်တဲ့လူတွေကလည်း ကော့ကရိတ်မြို့မှာ သွားလာတာရှိတာ ကြောင့် ကျနော်တို့ ကော့ကရိတ်တောင်ပိုင်းတစ်ခုလုံးမှာ မြို့တွေကို လုံးဝ ပေးမသွားတော့ဘူး။ ကျနော်တို့ ဒီလိုလုပ် တာကလည်း အစိုးရအုပ်ချုပ်ရေးအပိုင်းလည်း သူတို့အားပေးတယ်။ ဒါက ကိုယ့်ပြည်သူလူထုတွေကို ကြိုတင်ကာကွယ် ပေးထားတာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း Covid ကူးစက်သူများမှာ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန်မြို့နယ်များမှ စုစုပေါင်း ၄၂ဦး ရှိလာခဲ့ပြီးဖြစ်သည့်အတွက် အဆိုပါရောဂါကူးစက်သူအချို့ နေထိုင် သည့်နေအိမ်နှင့် ရွာများကိုလည်း ပြင်ပလူ အဝင်အထွက်ပိတ်ထားပြီး နီးစပ်ရာ ရွာများ၌လည်း ရောဂါမပြန့်ပွားစေရန် ကျေးရွာ Covid ထိန်းချုပ်ရေးကော်မတီများမှ ရွာအဝင်အထွက် ပိတ်ထားခြင်းရှိကြောင်းလည်း သိရသည်။
ဖားအံမြို့တောင်ဘက်၊ ကော့မူးနုတ်ကျေးရွာ ရာအိမ်မှူး နန်းမြနန်းသူက “ကျေးရွာအုပ်ချုပ်ရေးမှူးက ကျမတို့ ရာအိမ် မှူးတွေ တရွာချင်းကို အစည်းအဝေးခေါ်တယ်။ ပြီးတော့ ကိုယ့်ရွာနဲ့ကိုယ် ပြန်စောင့်ရှောက်ဖို့ပေါ့။ အကယ်၍ ရွာဝင် လာမယ့်သူဆို Mask တပ်မတပ်၊ လက်ဆေးရည်လည်း ဖြန်းသုတ်ပေးတာမျိုးလေးနဲ့ ကိုယ့်ရွာကို ကာကွယ်တဲ့သဘော ပေါ့နော်။ ရက်အကန့်အသတ်တော့ မရှိဘူးပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့ ကျေးရွာများတွင် လူဝင်လူထွက် အသွားအလာ ကန့်သတ်ခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရဘက်မှ ညွန်ကြားထားခြင်း မရှိသေးကြောင်း ကရင်ပြည်နယ် ဖားအံမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်စိုးက ယခုလို ပြောသည်။
“အောက်ခြေမှာတော့ အဲလိုသွားလာကန့်သတ် စီစစ်တာတွေ ရှိတယ်လို့ သိရတယ်။ တရားဝင်တော့ ကျနော်တို့ စာထုတ်ထားတာတော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနတို့ သက်ဆိုင် ရာ ပြည်နယ်အစိုးရအဖွဲ့ကနေ ထုတ်ပြန်ထားတာတို့ စသဖြင့် အဲဒီလိုပေါ်မှာပဲ ကျနော်တို့က ထုတ်ရတာပေါ့နော်။ အခု တလော ကျေးရွာသော်လည်းကောင်း၊ ကန့်သတ်တားဆီးတာတို့ စသဖြင့် ဒါနဲ့ပတ်သက်ပြီး ညွန်ကြားထားတာတော့ မရှိပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
Covid ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကရင်ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် စက်တင်ဘာလ ၂ရက်နေ့ကစပြီး သံလွင်တံတား(ဖားအံ)၊ ဂျိုင်းတံတား(ဇာသပြင်)တို့မှ ဝင်ထွက်သွားလာသည့် ခရီးသည်များ၏ ကိုယ်ရေးအချက်အ လက်များကို စစ်ဆေးယူကာ ရောဂါကူးစက်မှုများသည့် တိုင်းနှင့်ပြည်နယ်များသို့ လာပါက Quarantine ဝင်ရမည်ဖြစ် ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။
Coronavirus Disease 2019 (COVID-19) ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ် ချက်အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ Covid-19 ကာကွယ် ထိန်းချုပ် တား ဆီးရေးအတွက် စက်တင်ဘာလ ၃ဝရက်နေ့အထိ ထုတ်ပြန်ထားခဲ့သော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော် ငြာစာ၊ ညွှန်ကြားချက်များအား အောက်တိုဘာလ ၃၁ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စက်တင်ဘာလ ၂၈ရက်(ယမန်နေ့) တွင် အသိပေး ကြေညာလိုက်သည်။