ဩဂုတ် ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ကေအိုင်စီ
ဖာပွန်ဒေသခံ အမျိုးသမီး နော်မုနော် ပစ်သတ်ခံရမှု ကျူးလွန်ခဲ့သူ တပ်မတော်သား နှစ်ဦးကို ဇူလိုင်လ ၂၉ရက်နေ့က စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ယမန်နေ့ (ဇူလိုင်လ ၃၁ရက်)ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
ပြစ်မှုကျူးလွန်ခဲ့သူ တပ်မတော်သား နှစ်ဦးသည် ဇူလိုင်လ ၁၆ ရက်နေ့တွင် ပိုလိုထာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီး နော်မုနော်ထံမှ ပစ္စည်းလုယက်သည့်အပြင် လူကို သေစေသည့်အထိ ပြစ်မှုကျူးလွန်ခဲ့သဖြင့် ၎င်းပြစ်မှု အတွက် စစ်တရားရုံး၏ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့သို ပြစ်မှုကျူးလွန်သူ တပ်မတော်သား နှစ်ဦးကို စစ်တရားရုံး၏ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း ထုတ် ပြန်ထားသော်လည်း ပြစ်ဒဏ်၏ အသေးစိတ်အချက်အလက်ကို အတိအကျဖော်ပြထားခြင်းမရှိကြောင်း တွေ့ရ သည်။
အဆိုပါ စစ်တရားရုံး၏ စစ်ဆေးဆောင်ရွက်မှုကို မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ် ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေ လင်းဦး၊ ဒညင်းကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲတို့အ ပါအဝင် အခြားရပ်မိရပ်ဖ ၁၁ ဦး စုစုပေါင်း ၁၆ ဦးတက်ရောက် လေ့လာခဲ့ကြောင်းလည်း တပ်မတော်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ စစ်တရားရုံး၏ စီရင်ချက်နှင့်ပတ်သက်၍ ရှင်းလင်းတိကျခြင်းမရှိသည့် တပ်မတော်၏ သတင်းထုတ်ပြန် မှုအပေါ် ဝေဖန်မှုများရှိနေပြီး ပွင့်လင်းမြင်သာသည့် တရားစီရင်မှု ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သင့်ကြောင်းလည်း မှတ်ချက်ပြုပြောဆိုကြသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက်-KPSN ပြောခွင့်ရ နော်ဝါးခူရှီးက “သူတို့(စစ်တပ်)က အ မြင့်ဆုံး ပြစ်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားတယ်ဆိုပေမဲ့ ဘယ်လိုပြစ်ဒဏ်မျိုးလဲဆိုတာ မရှင်းလင်း တာကြောင့် ဘယ်လို စီရင်သလဲဆိုတာ ကျမတို့ မသိရဘူး။ ဒါကို သိရဖို့အတွက်လည်း သိခွင့်မရှိဘူးဖြစ်နေ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ဖြစ်ရပ်မျိုး ဆက်လက် ဖြစ်ပေါ်ခြင်းမရှိရန်အတွက်နှင့် ဒေသခံများ၏ လူမှုဘဝ လုံခြုံရေးအတွက် ၎င်းဒေသရှိ တပ်စခန်းများကို ဒေသခံများ၏ တောင်းဆိုချက်အတိုင်း ရုပ်သိမ်းသင့်ကြောင်းလည်း နော်ဝါးခူရှီးက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ဝရက်က အဆိုပါ ပိုလိုးထာကျေးရွာသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှုအတွက် ကျူး လွန်ခဲ့သည်ဟု ဝန်ခံခဲ့သော တပ်သားအဆင့် ဟိန်းမင်းထက် နှင့် သန်းစိုးလွင် နှစ်ဦးကို ထိရောက်စွာ အရေးယူသွားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် တရားခံ စစ်သည်နှစ်ဦး ထွက်ပြေးပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာန များသို့ အချိန်နှင့်တပြေးညီ သတင်းမပို့ခဲ့သည့် စခန်းမှ တာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိ ချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းကနဦးသတင်း ထုတ် ပြန်မှုတွင် ဆက်လက် ဖော်ပြထားသည်။
အဆိုပါ ဒေသခံ အမျိုးသမီး အသတ်ခံရမှုအပြင် ဒေသခံများထိခိုက်သေဆုံးမှုများအတွက် ဖာပွန်ဒေသခံ ကျေး ရွာသားများထောင်နှင့်ချီ၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နှင့် ဇူလိုင်လ ၂၈ရက်နေ့တွင် တပ်မတော်စ ခန်းများ ရှေ့တွင် တပ်စခန်းများ ဆုတ်ခွာသွားရေး ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုးထာကျေးရွာနေ အသက် (၄၀) နှစ်အရွယ် နော်မုနော်ဆိုသူ အမျိုးသမီးကို ခိုးသွီးထာ (လှဂွန်းပျို) ကျေးရွာအခြေစိုက်စခန်း အမှတ်(၈) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လက်အောက်ခံ၊ ခြေမြန်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သားနှစ်ဦးဖြစ်သော မောင် သန်းမိုးလွင်နှင့် မောင်အေးမင်းသူ ဆိုသူ တပ်သားနှစ်ဦးမှ အိတ်အလွတ်တောင်းယူရာတွင် မရှိကြောင်း ပြောဆို ရာမှ သေနတ်ဖြင့် (၃)ချက် ပစ်သတ်ခဲ့ပြီး လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့သည်ဟု ဒေသတွင်းအ ရပ်ဖက်အဖွဲ့အစည်းများနှင့် KNU-ကရင်အမျိုးသားအစည်းအရုံးတို့က အသီးသီး ထုတ်ပြန်ထားသည်။