Home သတင်း မြဝတီခရိုင်အတွင်း အထက်တန်း‌ကျောင်းများအားလုံး စတင်ဖွင့်လှစ်

မြဝတီခရိုင်အတွင်း အထက်တန်း‌ကျောင်းများအားလုံး စတင်ဖွင့်လှစ်

3241
Photo: Nay Naw

ဇူလိုင် ၂၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ အ‌ခြေခံပညာအထက်တန်း‌ကျောင်း (အ.ထ.က) ‌ပေါင်း ၂ဝ ‌ကျောင်းကို ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယ‌နေ့ (ဇူလိုင်လ ၂၁ ရက်) နံနက်ပိုင်းက စတင်ဖွင့်လှစ်‌နေပြီ ဖြစ်သည်ဟု သိရသည်။

ကိုဗစ်ကပ်‌ရောဂါကာလအတွင်း ပညာ‌ရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ယ‌နေ့ မြဝတီခရိုင်အတွင်းရှိ အ.ထ.က ‌ကျောင်း ၊ အ.ထ.က (ခွဲ) ‌ကျောင်း ၁၉ ‌ကျောင်း နှင့် ‌ရွှေလမင်း ကိုယ်ပိုင်အထက်တန်း‌ကျောင်း ၁ ‌ကျောင်း စုစု‌ပေါင်း ‌ကျောင်း‌ပေါင်း ၂ဝ ‌ကျောင်းအား စတင်ဖွင့် လှစ်လိုက်ခြင်းဖြစ်သည်။

မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ အ.ထ.က (ခွဲ) ‌အောင်‌မြေ‌ရွှေဘုံ‌ကျောင်း မှ ‌ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်နှင်း လဲ့စိမ်းက “ကျမတို့ ‌ကျောင်းမှာက ၉ တန်း/၁ဝတန်း တက်တဲ့ ‌ကျောင်းသား/သူ ဦး‌ရေ ၂၀ဝ ခန့်ရှိပါတယ်။ အထက်တန်းပြ စာသင်ခန်း ၅ ခန်းရှိတဲ့အတွက် ‌ကျောင်းသား ၁၀ဝ ခန့်ကို တစ်ပတ်ခြားစီ အလှည့်ကျ‌ကျောင်း တက်‌စေတာပါ။ စာသင်ချိန်ကိုလည်း မနက် ၈ နာရီမှ ‌နေ့လည် ၁၂ နာရီထိ သတ်မှတ်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် နဝမတန်းနှင့် ဒသမတန်း ‌ကျောင်းသူ/ ‌ကျောင်းသား များသာ ‌ကျောင်းတက်လက်ခံ‌သေးခြင်း ဖြစ်ပြီး ကျန်းမာ‌ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စာသင်ခန်းတစ်ခန်း၌ ‌ကျောင်းသား/သူ ဦး‌ရေ ၂ဝ ဦးကို ၆ ‌ပေအကွာ ထားရှိကာ သင်ကြား‌ပေးလျက်ရှိသလို အလယ်တန်းနှင့်မူလတန်းအဆင့်များကိုလည်း COVID-19 ‌ရောဂါ ပြန့်ပွားကူးစက်မှု အ‌ခြေအ‌နေအ‌ပေါ်မူတည်၍ တစ်ဆင့်ချင်းစီ ဖွင့်လှစ်သွားမည်ဟု ပညာ‌ရေး‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

“အထက်တန်း‌ကျောင်းသားဦး‌ရေ များပြားတဲ့ အ.ထ.က (၁) မြဝတီ‌ကျောင်းမှာ‌တော့ ‌ကျောင်းတက်ချိန်ကို မနက် ၇ နာရီမှ ‌နေ့လည် ၁၁ နာရီလျှင် တစ်ချိန်၊ ‌နေ့လည် ၁နာရီမှ ည‌နေ ၅ နာရီထိ ‌ကျောင်းသားဦး‌ရေ ၇၀ဝ ‌ကျော်ကို နှစ်ချိန်ခွဲသင်ကြား‌ပေးလျက်ရှိပါတယ်” ဟု အ.ထ.က (၁)မှ ‌ကျောင်းအကျိုး‌တော်‌ဆောင် ဦးထွန်းထွန်းဦးက ‌ပြော သည်။ လက်ရှိမြဝတီမြို့တွင် အခြား‌ဖြေ‌လျှော့မှု တစ်ချို့ရှိ‌သော်လည်း ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်‌ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ်တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အ‌ခြေခံပညာ အထက်တန်း‌ကျောင်း ၁၆၉ ‌ကျောင်းကို ယ‌နေ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန် ၁၂ ‌ကျောင်းကိုလည်း နှစ်ရက်အတွင်း ဖွင့်လှစ်နိုင်‌အောင် ‌ဆောင် ရွက်လျက်ရှိသည်ဟု ပြည်နယ် လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ‌ဖော်ပြ ထားသည်။