ဧပြီ ၁၉ ရက်၊ ၂၀၂ဝပြည့်နှစ်။ နေနော်
ထိုင်းနိုင်ငံဒေသအသီးမှ မတ်လ ကုန်ပိုင်းက မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ဝင်ရောက်လာကြသည့် ထိုင်းပြန်မြန်မာလုပ်သား ၁,၀၀ဝ ခန့်ကို မြဝတီမြို့နယ်အတွင်းရှိ စောင့်ကြည့် ရေးစခန်း ၅ ခုတွင်ထားရှိရာ ရောဂါ စောင့်ကြည့်ရေးအစီအစဉ် (Quarantine ) ၂၁ ရက်ပြည့်ပြီးဖြစ်၍ ပြည်တွင်းနေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ကြမည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စောင့်ကြည့်ရေးစခန်း ၅ ခုဖြစ်သည့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကျောက်လုံးကြီးပြန်လည်ကြိုဆိုရေးစခန်း၊ ရွှေမြဝတီဈေး၊ အမှတ် ၁ အထကကျောင်း၊ mou စောင့် ကြည့်ရေးစခန်းနှင့် လေးကေ့ကော်မြို့သစ်ရှိ စောင့်ကြည့်ရေးစခန်းတို့တွင် နေထိုင်ကြသော ထိုင်းပြန် မြန်မာလုပ်သား ၁,၀၀ဝ ခန့်ထဲမှ Quarantine ၂၁ ရက်ပြည့်ပြီးဖြစ်သည့် (၈၇) ဦးအား ၎င်းတို့၏နေ ရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ရန် ပြည်နယ်နှင့်တိုင်း အစိုးရချင်းချိတ်ဆက်၍ ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြဝတီမြို့မှတဆင့် တာဝန်ရှိသူများက ကားဖြင့်တင်ပေးခဲ့ကြခြင်းဖြစ်သည်။
မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ဒီနေ့ ဧပြီလ ၁၉ရက်နေ့မှာ ၈၇ ဦး စတင်စေလွှတ်ခဲ့ပြီး မနက်ဖြန် ဧပြီလ ၂ဝ ရက်နေ့မှာတော့ Quarantine ၂၁ ရက်ပြည့်ကြမယ့် မြဝတီနယ်စပ် စောင့်ကြည့်ရေးစခန်း ၅ ခုမှာ ကျန်ရှိနေတဲ့ ထိုင်း ပြန်မြန်မာလုပ်သား ၈၀ဝ ကျော်ကို သူတို့ နေရပ်ဒေသအသီးသီးကို ပြန်လည်ပို့ ဆောင်ပေးမှာ ဖြစ်ပါတယ်။ အခုလို စောင့်ကြည့်စခန်းမှာ ၂၁ရက်နေထိုင်ပြီး ပြန်ကြတဲ့ထိုင်းပြန် မြန်မာလုပ်သား တွေကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ လိုက်နာပြီး ကျင့်ကြံ နေထိုင်သွားဖို့ တာဝန်ရှိသူတွေကလည်း မှာကြားခဲ့ကြတယ်”ဟု ပြောသည်။

အဆိုပါ Quarantine ၂၁ ရက်ပြည့်မြောက်ပြီးဖြစ်သည့် မြန်မာလုပ်သား (၈၇) ဦးကို ၎င်းတို့၏ နေရပ် ဖြစ်သော ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အစရှိသည့် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ နိုင်ငံတော်အစိုးရ၏ အစီအစဉ် (ယာဉ်စီးခအခမဲ့)ဖြင့် မြဝတီမြို့မှတဆင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နယ်စပ်ဂိတ်များမှတဆင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကြမည့် ထိုင်းပြန်မြန်မာလုပ်သားများ အနေ ဖြင့် လက်ရှိ ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ တွင်း ခရီးသွားလာမှုတွင် ကန့်သတ်ချက်များအရ သော်လည်းကောင်း၊ နောက်ထပ် ပြန်လည်ဝင် ရောက်လာမည့်သူများကို ထားရှိရန် ပြည်နယ်နှင့်တိုင်းဒေသအသီးသီး၌ စောင့်ကြည့်ရေး စခန်းများကို တိုးချဲ့ပြင်ဆင်နေချိန်ဖြစ်၍ လာမည့် ဧပြီလ ၃ဝ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လာကြရန် မြန်မာနိုင် ငံခြားရေးဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်း သိရသည်။



















