Home သတင်း တပ်မ‌တော် ဖိအား‌ပေးမှုများ‌ကြောင့် KNU ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်‌ရေးဆိုင်ရာ ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ်တစ်ခု ဖြုတ်ပိတ်လိုက်ရ

တပ်မ‌တော် ဖိအား‌ပေးမှုများ‌ကြောင့် KNU ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်‌ရေးဆိုင်ရာ ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ်တစ်ခု ဖြုတ်ပိတ်လိုက်ရ

9923
Photo: KNU

ဧပြီလ ၃ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ သထုံခရိုင် (တပ်မဟာ ၁) ‌မော်စကို‌ဒေသ ‌ထောင်မှူး ‌ကျေးရွာအုပ်စု ‌ဈေးမသွယ်ရွာတွင် ဖွင့်လှစ်ထားသည့် Covid -19 ‌ရောဂါကာကွယ်‌ရေး ကျန်းမာ‌ရေး စစ်‌ဆေး ‌ရေးဂိတ်တစ်ခုအား အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ)မှ ဖိအား‌ပေးမှုများ‌ကြောင့် ဖျက်သိမ်းလိုက်ရ‌ကြောင်း KNU သထုံခရိုင် တာဝန်ရှိသူများထံမှ သိရသည်။

နှစ်ဖက်‌ရော‌နှောအုပ်ချုပ်သည့် ‌ဒေသတွင် ကျန်းမာ‌ရေး စစ်‌ဆေး‌ရေးဂိတ်မထားရှိ‌ရေး ရတခတိုင်းမှူး၏ ညွန် ကြားမှုအရ ဟုဆိုကာ ၎င်း‌ဒေသရှိ အ‌မြောက်တပ် ၅၀၂ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌အောင်ကိုကိုက ဧပြီလ ၂၅ရက်မှ ၂၇ ရက်‌နေ့များတွင် အကြိမ်ကြိမ်လာ‌ရောက်‌ပြောဆိုမှုများ‌ကြောင့် ယခုလိုဖျက်သိမ်းလိုက်ရခြင်းဖြစ်‌ကြောင်း KNU သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က ‌ပြောသည်။

၎င်းက“ဒုတပ်ရင်းမှူး‌ပြောတာက ဒီဟာလုပ်ရင် ပြည်နယ်၊ တိုင်းခွင့်ပြုချက်ရမှ လုပ်ရမယ်တဲ့၊ အဲဒီ‌နေရာက အစိုး ရဘက် ဘာမှမလုပ်‌တော့ ပြည်သူ‌တွေ‌တောင်းဆိုလို့ ကျ‌နော်တို့လုပ်တာပဲ။ အစိုးရအုပ်ချုပ်‌ရေးအဖွဲ့နဲ့လည်း ‌ပေါင်းပြီးညှိနှိုင်းတာအပြင် လွှတ်‌တော်အမတ်‌တွေလည်း သိတယ်။ လုပ်သင့်ပါတယ်လို့လည်း သူတို့‌ပြောခဲ့ တာ ရှိတယ်။ ဒါ‌ပေမယ့် တပ်ဘက်က ခဏခဏလာ‌ပြော‌တော့ အစက ဆက်လုပ်မယ်လို့ စဉ်းစား‌သေးတယ်။ ဒါ‌ပေ မယ့် ဆက်လုပ်ရင် ‌နောက်ဆက်တွဲပြဿနာဖြစ်လာမှာ ကျ‌နော်တို့ မလိုလားဘူး ။ ကျ‌နော်တို့ ဒါလုပ်တာ အ‌ရေး ယူလို့‌တောင်ရတယ်လို့ တပ်ဘက်က အဲ‌လောက်ထိ‌ပြောတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါဖျက်သိမ်းလိုက်ရသည့် ကျန်းမာ‌ရေးစစ်‌ဆေးမှုဂိတ်မှာ KNU ‌ဆေးဘက်ဆိုင်ရာဌာနဘက်မှ ဦး‌ဆောင် မှုဖြင့် ‌ဒေသခံရပ်မိရပ်ဖ၊ လူငယ်များပူး‌ပေါင်းပါဝင်ကာ လမ်းသွားလာသည့်သူများကို ကျန်းမာ‌ရေးစစ်‌ဆေးခြင်း၊ လက်‌ဆေးခိုင်းခြင်း နှာ‌ခေါင်းစည်း(Mask)များ တပ်ခိုင်းခြင်းနှင့် လူဝင်ထွက်စာရင်းများကိုလည်း ‌ကောက်ယူ ‌မေးမြန်းခြင်းများကို ပြုလုပ်‌ပေး‌နေခြင်းဖြစ်သည်ဟုလည်း ပဒို‌စောစိုးမြင့်က ဆက်‌ပြောသည်။

ထို့အပြင် ၎င်းကျန်းမာ‌ရေးစစ်‌ဆေးဂိတ်မှာ KNU ၏ နယ်‌မြေသတ်မှတ်ချက်များအရ သထုံခရိုင် (တပ်မဟာ ၁ ) နယ်‌မြေအဖြစ်သတ်မှတ်ထားပြီး အစိုးရဘက်အုပ်ချုပ်‌ရေးအရ မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲတွင်လည်း ပါဝင် ‌နေသည့်အတွက် နှစ်ဖက်‌ရော‌နှောအုပ်ချုပ်သည့် ‌နေရာတစ်ခုဖြစ်သည်ဟုလည်း သိရှိရသည်။

“အစိုးဘက်က လုပ်တာရှိရင် ကျ‌နော်တို့ကလည်း မလုပ်ပါဘူး။ အခုက ဘယ်သူမှမလုပ်လို့ ကျ‌နော်တို့ လုပ်တာ အမှန်ဆိုရင် ကျ‌နော်တို့နဲ့ညှိနှှိုင်းလို့ရတာပဲ။ ဒီ‌ရောဂါကို ကာကွယ်ဖို့ တစ်ကမ္ဘာလုံးက လုပ်‌ဆောင်‌နေတာပဲ နိုင်ငံ ‌ရေးအမြတ်ထုတ်ဖို့လို့ ကျ‌နော်တို့မှာ စိတ်ဆန္ဒမရှိဘူး။ ကျ‌နော်တို့ ဒီလိုလုပ်တာ မကြိုက်တာဟာ အဲဒီက ကျ‌နော်တို့ ကရင်လူထု‌တွေကို ‌ရောဂါကူး‌စေတာလားလို့ ကျ‌နော်တို့က သံသယဖြစ်မိတယ်” ဟု ခရိုင်အတွင်း ‌ရေးမှူး ‌စောစိုးမြင့်က ဖြည့်စွက်‌ပြောသည်။

လက်ရှိဖြစ်‌ပေါ်‌နေသည့် အဆိုပါကန့်ကွက်မှုများနှင့်ပတ်သက်ပြီး အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် ‌ပြောခွင့်ရ ဗိုလ်မှူးကြီး‌မောင်‌မောင်လတ်ကို ဆက်သွယ်‌မေးမြန်းရာ၌ “ အဲဒီ‌နေရာကို လက်နက်ကိုင်ပြီးဝင်လို့မရဘူး။ ယူနီ‌ဖောင်းဝတ်ပြီး ဝင်လို့မ ရဘူး။ အဲဒီအတွက်‌ကြောင့် ကန့်ကွက်တာဖြစ်ပါလိမ့်မယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ပြန်လည်‌ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်‌နေ့ကလည်း သထုံမြို့နယ် ထုံးဘိုကြီး‌ကျေးရွာတွင် KNU တပ်မဟာ ၁ ဘက်မှ ဖွင့် လှစ်ထားသည့် ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ်နှင့်ပတ်သက်၍ ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေး ရာဝန် ကြီးမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA သ‌ဘောတူချက်အတိုင်း လိုက်နာ ‌ဆောင်ရွက်သွားရန်နှင့် နယ်ဘက် အုပ်ချုပ်‌ရေးဆိုင်ရာ ကိစ္စများတွင် ဝင်‌ရောက်စွက်ဖက်မှုမပြုလုပ်ရန် KNU ဗဟို ဆက်ဆံ‌ရေးရုံးသို့ စာ‌ပေးပို့ကန့်ကွက်မှုများလည်း ရှိခဲ့သည်။

ထို့အပြင် COVID-19 ‌ရောဂါကာကွယ်ထိန်းချုပ်‌ရေးဆိုင်ရာ လုပ်ငန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အ‌ခြေစိုက်ရာ‌ဒေသများတွင် ‌ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး “Covid -19 ကာကွယ်ထိန်းချုပ်ကုသ‌ရေးနှင့် စပ် လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌ကော်မတီ”ကို ဖွဲ့စည်း လိုက်‌ကြောင်း မြန်မာအစိုးရ သမ္မတရုံးက ဧပြီလ ၂၇ရက်‌နေ့ ရက်စွဲဖြင့် ‌ကြေညာချက် ထုတ်ပြန်ခဲ့‌သေးသည်။

KNU သထုံခရိုင်အ‌နေဖြင့် ယခု ဧပြီလမှစ၍ ၎င်းတို့၏ နယ်‌မြေအတွင်း ကိုရိုနာဗိုင်းရပ်စ် (Covid -19) ကူးစက်‌ရောဂါအတွက် ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ် စုစု‌ပေါင်း ၁ဝခုဖွင့်လှစ်ထားသည်ဟု ဆိုသည်။

‌ကေအိုင်စီက ‌နောက်ဆုံးရရှိသည့် သတင်းအရ ယ‌နေ့ ဧပြီလ ၃ဝရက်‌နေ့ မွန်းလွဲ ၃နာရီခန့်တွင် အ‌ရှေ့‌တောင် တိုင်းစစ်ဌာနချုပ်က အဆိုပါထုံးဘို‌ကျေးရွာရှိ KNU ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ်ကိုလည်း ဖြုတ်ချရန် ၎င်းတို့၏ G-1 (စစ်ဦးစီးပထမတန်း)မှတဆင့် KNLA တပ်မဟာ(၁)ဗျူဟာမှူးထံ ဆက်သွယ်ကာ ညွှန်ကြားချက်ကို အသိ‌ပေးလိုက်သည့်အပြင် KNU ဂိတ်ချထားရာ လမ်း‌ကြောတစ်ဖက်ခြမ်းတွင် စစ်တပ်က စစ်‌ကြောင်းနှစ်‌ကြောင်း လာ‌ရောက်စခန်းချ ‌နေရာယူထား‌ကြောင်း ပဒို‌စောစိုးမြင့်၏ ဖြည့်စွက်‌ပြောဆို ချက်အရ သိရသည်။