Home သတင်း ထိုင်းအစိုးရမှ အ‌ရေး‌ပေါ်ကာလ တိုးမြှင့်ထား၍ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ယခုရက်ပိုင်း အိမ်ပြန်ချိန်မ‌သေချာ‌သေး

ထိုင်းအစိုးရမှ အ‌ရေး‌ပေါ်ကာလ တိုးမြှင့်ထား၍ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ယခုရက်ပိုင်း အိမ်ပြန်ချိန်မ‌သေချာ‌သေး

16158
Photo: Nay Naw

ဧပြီ ၃ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မြန်‌ရောဂါ၏ အ‌ရေး‌ပေါ်ကာလကို ‌နောက်လာ မည့် ‌မေလကုန်အထိ ထပ်မံတိုးမြှင့်လိုက်ခြင်း‌ကြောင့် ဧပြီလ ‌နောက်ပိုင်းပြန်လာမည့် မြန်မာ‌ရွှေ့‌ပြောင်း အ လုပ်သမားအ‌ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများ ညှိနှိုင်း‌နေဆဲဖြစ်‌ကြောင်း သိရ သည်။

ထိုင်းအစိုးရမှ နိုင်ငံအတွင်း COVID-19 ‌ရောဂါ အမြစ်ပြတ်ကာကွယ်ရန်အတွက် ညမထွက်ရအမိန့် အပါအဝင်ကန့်သတ်ချက် ၄ ချက်ကို ယခင် ဧပြီလကုန်အထိ သတ်မှတ်ထားရာမှာ ယခုလာမည့် ‌မေလ ၃၁ရက်‌နေ့ထိ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

၎င်းအတွက် ထိုင်းနိုင်ငံ‌ဒေသအသီးသီးမှ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများအ‌နေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် စာရင်း‌ပေးသွင်းထားသူမှာ ဧပြီလ ၂၉ရက်‌နေ့ မွန်းလွဲပိုင်းအထိ (၁၅,၀၀၀) ‌ကျော်ရှိပြီး ၎င်းတို့ပြန်နိုင်‌ရေးအတွက် လက်ရှိတွင် နှစ် နိုင်ငံအစိုးရများညှိနှိုင်း‌နေဆဲဖြစ်‌ကြောင်း ဧပြီလ၂၉ရက်‌နေ့က မဲ‌ဆောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦး‌ဝေလင်း‌မောင်၏ ‌ပြောကြားမှုအရ သိရသည်။

၎င်းက “ဧပြီလ၂၉ ရက်‌နေ့ မွန်းလွဲပိုင်းအထိ သံရုံးမှာ စာရင်း‌ပေးထားသူလူဦး‌ရေ (၁၅,၀၀၀)‌ကျော် ရှိပါ တယ်။ ‌မေလ ပထမ အပတ်ပြန်နိုင်ဖို့ လျာထား‌ပေမယ့် ထိုင်းနိုင်ငံမှာ COVID-19 အ‌ရေး‌ပေါ် ကာလကို ‌မေလ ၃၁ ရက်‌နေ့ ထိတိုးမြှင့်ထား‌တော့ ပြန်လာမယ့် သူ‌တွေအတွက် လတ်တ‌လောမှာ အခက်အခဲရှိ ‌နေပါတယ်။ အဲ့ဒီအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထိုင်းအစိုးနဲ့ ညှိနှိုင်းမှု‌တွေ ပြုလုပ်‌နေပါ တယ်။ ‌ဆွေး‌နွေးညှိနှိုင်းမှုမှ အ‌ဖြေတစ်ခုခုရခဲ့ရင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ‌နေထုတ်ပြန်‌ကြေညာသွားမယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီအမှတ်(၂)တံတားမှတဆင့်မြန်မာနိုင်ငံသို့ ပြန်လာမည့် မြန်မာ‌ရွှေ့‌ပြောင်းအ လုပ်သမားများအား စနစ်တကျပြန်လည်လက်ခံနိုင်‌ရေးအတွက် မြဝတီနယ်စပ် မြန်မာဘက်ခြမ်းတွင် ပြင်ဆင်ထားပြီးဖြစ်သည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းနိုင်ငံရဲ့ အ‌ရေး‌ပေါ်ကာလ ‌ကြေညာချက်က ‌မေလ ၃ဝရက်‌နေ့ဖြစ်တယ်။ အဲဒီမှာ ‌နေရပ်ပြန်မယ့် အလုပ်သမား ကိစ္စက နယ်‌ကျော်၊ ခရိုင်‌ကျော်ပြီး သွားမှာဖြစ်တဲ့အတွက် အဲဒါနဲ့ပတ်သက်ပြီး‌တော့ ထိုင်းနိုင်ငံက မရုပ်သိမ်း‌သေးဘူး။ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံအစိုးရက ညှိနှိုင်း‌နေဆဲ ဖြစ်တဲ့အတွက် အလုပ်သမား‌တွေ‌နေမြဲအတိုင်းပဲ ‌နေပါလို့ ‌ပြောထားတယ်။ အခု‌လော‌လောဆယ် ပြည်‌တော်ပြန်မယ့် အလုပ်သမားကိစ္စက ဆိုင်းငံ့ထားမယ့် ပုံစံဖြစ်တယ်။”ဟု ‌ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်‌ရောက်လာမည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ အ‌နေဖြင့် မ ဖြစ်မ‌နေ‌စောင့်ကြည့်‌ရေးစခန်းများတွင် ၂၁ ရက်‌နေထိုင်ရမည်ဖြစ်‌သော‌ကြောင့် ၎င်းတို့အားထားရှိရန် မြဝတီမြို့အပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် အခြား‌သော သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း‌ဒေသကြီး များတွင် Quarantine Center များကို တိုးချဲ့ပြင်ဆင်ထား‌ကြောင်းသိရသည်။

ထိုင်းအစိုးရ၏ အ‌ရေး‌ပေါ်ကာလ ကန့်သတ်ချက်တွင် ပြည်ဝင်၊ ပြည်ထွက်နယ်နိမိတ်များကို ‌မေလ ၁ ရက်‌နေ့မှ ၃၁ ရက်‌နေ့အထိ ထိန်းချုပ်ထားခြင်း၊ ထိုင်းနိုင်ငံတဝှမ်း ည ၁ဝ နာရီမှ နံနက် ၄နာရီအတွင်း အပြင်ထွက်ခွင့်တားမြစ်ခြင်း၊ ခရိုင်တစ်ခုနှင့်တစ်ခုသို့ ခိုင်လုံသည့်အ‌ကြောင်းပြချက် မရှိဘဲ ကူးလူး သွားလာခြင်းနှင့် လူစုလူ‌ဝေးဖြစ်‌စေမည့် ပွဲလမ်းသဘင်များ၊ ပါတီပွဲများကျင်းပခြင်းတို့ကို တားမြစ်ခြင်း အစရှိသည့် ထိုင်းနိုင်ငံအတွင်း‌နေထိုင်သူများလိုက်နာရန်စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ထားမှုအ‌ပေါ် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ် သမားများအ‌ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရအဖွဲ့များ ညှိနှိုင်း‌နေဆဲအချိန်ဖြစ်၍ တစ်စုံတစ်ရာ ထူး ခြားမှုရှိပါက ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှထုတ်ပြန်‌ကြေညာသွားမည်ဖြစ်ပြီး ယခုကာလ အတွင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် လက်ရှိ မိမိ‌နေထိုင်ရာ ‌နေရာတွင်သာ ဆက်လက်‌နေထိုင် ပြီး ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှထုတ်ပြန်ချက်များကို‌စောင့်ကြည့်လိုက်နာသွားရန်သံရုံးမှ အကြံပြု တိုက်တွန်းထားသည်။