ဧပြီ ၃ဝ ရက်၊ ၂၀၂ဝပြည့်နှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မြဝတီ မြို့အမှတ် ၅ ရပ်ကွက်တွင် နိုင်ငံတော်အစိုးရမှ အခြေခံလူ တန်းစားများအတွက် ထောက်ပံ့သည့် ဆန်အပါအဝင် စားနပ်ရိက္ခာ ၅ မျိုးမရရှိသူ အိမ်ထောင် ၅,၀၀ဝ ကျော်ကျန်ရစ်ခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့ (ဧပြီ ၂၉ ရက်)က လူဦးရေ ၂၀ဝ ခန့် လူစုလူဝေးဖြင့်ရောက်ရှိလာပြီး ရပ်ကွက်တာဝန်ရှိသူထံ လာရောက်အသိပေးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
Covid -19 အရေးပေါ်ကာလ သကြင်္န်ပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စသည့် စားနပ်ရိက္ခာများပေးနိုင်ရန်အတွက် ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများက ရပ်ကွက်အလိုက် စာရင်းကောက်ယူကြရာ မြဝတီမြို့ အမှတ် ၅ ရပ်ကွက်အတွင်း အိမ်ထောင်စု ၇,၂၀၂ စာရင်းကောက်ယူရရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း နိုင်ငံတော်အစိုးရ၏ထောက်ပံ့မှုများ ရောက်ရှိပြီး ဖြန့်ဝေသောအခါ အိမ်ထောင်စု ၁,၂၀ဝ အတွက်သာပါဝင်ပြီး ကျန်အိမ်ထောင်စုများမှာ မရရှိကြသည့်အတွက် ရပ်ကွက်ရုံးသို့ ယခုလို လာရောက် တင်ပြကြခြင်းဖြစ်ကြောင်း ထောက်ပံ့မှု ရိက္ခာမရရှိသည့် အိမ်ထောင်စုများက ပြောသည်။
အမှတ် ၅ ရပ်ကွက် ဆင်းရွှေလီလမ်းတွင်နေထိုင်ပြီး မုန့်ဟင်းခါးရောင်းချနေသူ မဖြူဝင်းက “အစိုးရက ပေးတာတော့ လိုချင်တာပေ့ါ။ ယောက်ျား အလုပ်ရပ်နားထားရလို့ဝင်ငွေမရှိချိန်မှာ အထောက် အကူဖြစ်တာပေါ့။ ခုတော့ မိသားစုတွေအခက်အခဲဖြစ်နေရပါတယ်”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ အမှတ်၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦး အောင်ဝင်းက“ကျနော်တို့ ရပ်ကွက် ရာ အိမ်မှူးတွေကို ဧပြီ ၇ ရက်နေ့က ညတွင်းချင်းစာရင်းကောက်ခိုင်းပါတယ်။ ၈ ရက်နေ့ မနက် ၅နာ ရီထိ စာရင်းလက်ခံ၊ အပြီးသတ်ပြီးမှရုံး စာရေးကိုအပ်ကာ အိမ်ပြန်ခဲ့ပါတယ်။ ၈ ရက်နေ့မနက် ၁၁နာ ရီခွဲ အမှီ ရုံးစာရေးက ဒီစာရင်းတွေကို မြို့နယ်ကိုတင်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပါ။ အခုတော့ စာရေး က မြို့နယ်ကို မတင်ထားတော့ တကယ့်တကယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ခန့်မှန်းတင်လိုက်တဲ့ စာရင်း အရသာ ရရှိခဲ့တာပါ။ ကျနော်တို့ကောက်ယူထားတဲ့ စာရင်းတွေက ပြည်ထောင်စုအဆင့်ကို မရောက်သွားဘူး လို့သိရပါတယ်” ဟု ပြောသည်။
မြဝတီ မြို ့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုကလည်း အမှတ် ၅ ရပ်ကွက်မှ အိမ်ထောင်စု စာရင်း ရရှိ ရန် ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းတွင် ရပ်ကွက်ရုံးစာရေး ရဲအောင်ဆိုသူထံကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်ကာ စာရင်းတောင်းခဲ့သော်လည်း စာရင်းအချိန်မီတက်မလာသည့်အတွက် လစဉ်ပြန်တမ်းလူဦး ရေစာရင်းကို ကြည့်ပြီး အိမ်ထောင်စု ၁,၂၀ဝ ကို ပြည်နယ်သို ့စာရင်းတင်ပေးလိုက်ရ ခြင်းဖြစ်ကြောင်း ပြောဆို ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် အမှတ် ၅ ရပ်ကွက် ထွေအုပ်ရုံးစာရေး ရဲအောင် ဆိုသူအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ၎င်းမှ လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။
Covid-19 အရေးပေါ်ကာ သကြင်္န်ရုံးပိတ်ရက်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၁၁ စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ ပေးသည့် စားနပ်ရိက္ခာ ၅ မျိုးရရှိရန် အိမ်ထောင်စု (၂၄,၀၁၈) စု စာရင်းတင်ထားပြီး စာရင်းတင်ထား သည့် အိမ်ထောင်စုအားလုံး ထောက်ပံ့မှု စားနပ်ရိက္ခာရရှိခဲ့ကြသည်ဟု မြို့နယ် တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။



















