မတ်လ ၂၄ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ
ကမာ္ဘတစ်ဝှမ်း COVID -19 ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ် ၇ မြို့နယ်အတွင်း ဇာတ်၊ ဆိုင်း၊ ကနား၊ အငြိမ့်၊ တေးဂီတများ ဖျော်ဖြေမှု မပြုလုပ်ကြရန် ကရင်ပြည်နယ် သဘင်အစည်းအရုံးအဖွဲ့က မတ်လ ၂၁ ရက်နေ့တွင် အသိပေးစာထုတ်ပြန်လိုက်သည်။
မတ်လ(တန်ခူးလရာသီ)တွင် ကျေးရွာအများစုမှာ ဗုဒ္ဓပူဇနိယဘုရားပွဲ၊ မြန်မာ့ရိုးရာအတာသကြင်္န်ပွဲတော်များတွင် အငြိမ့်၊ ဇာတ်သဘင်၊ တေးဂီတဖျော်ဖြေမှုများ ထည့်သွင်းကျင်းပလေ့ရှိပြီး ယခုနှစ် ပြည်နယ်အတွင်းရှိ ဘုရားပွဲတော်အများစုမှာ ဇာတ်ပွဲ များထည့် သွင်းခြင်း မပြုလုပ်တော့ဘဲ ရေစက်ချ တရားနာမှုသာ ပြုလုပ်ကျင်းပတော့မည်ဟု ဂေါပကတာဝန်ရှိသူများထံမှ သိရသည်။
ဖလုံဆိုကျန်ကျန် (ဖုုံဆိုဒ်ကျိုင်ကျိုင်) ကရင်ဇာတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် စောဘောင်းဟီးက “ဘုရားပွဲတော်အတွက် ကပြဖျော်ဖြေဖို့ ၅ နေရာလောက် ပွဲလာငှားထားတယ်။ အသိပေးထုတ်ပြန်ထားတော့ မကတော့ဘူးပေါ့နော်။ ကမယ်ဆိုရင် အရေးယူခံရမယ် ပြောထားတယ်။ စရံငွေပေးထားတဲ့ ပွဲငှားသူတွေကို ပြန်ပြီးညှိနှိုင်းသွားကြရမယ်” ဟု မတ်လ ၂၄ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။
ကရင်ပြည်နယ်တွင် ဇာတ်အဖွဲ့ ၁ဝ ကျော်ရှိပြီး ဧပြီလကုန်အထိ ကပြဖျော်ဖြေခွင့် ဆိုင်းငံ့ထားမည်ဖြစ်ကာ လိုက်နာမှုမရှိပါက သဘင်အစည်းအရုံး၏ စည်းကမ်းချက်နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက သတ်မှတ်ကာလ တိုးမြှင့် သွားမည်ဟု ပြည်နယ်သဘင်အစည်းအရုံး၏ ထုတ်ပြန်ချက်စာအရ သိရသည်။



















