မတ်လ ၁၇ ရက်၊ ၂ဝ၂ဝ ခုနှစ်။ စောမြတ်ဦးသာ
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ဒေသခံများနှင့် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် လူထုတွေ့ဆုံပွဲအခမ်းအနားအား ဖျက်သိမ်းလိုက်ပြီဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံနှင့် ကြာအင်းဆိပ်ကြီးမြို့ဒေသခံတို့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့စဉ် ဒေသခံတစ်ဦး၏ ဖိတ်ကြားချက်အပေါ် ဘုရားသုံးဆူမြို့သို့ မတ်လ ၁၈ ရက်နေ့တွင် လာရောက် မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးမှု အခြေအနေကြောင့် တွေ့ ဆုံပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။
“ မလာဖြစ်ပါဘူးခင်ဗျာ။ ခုလက်ရှိ သိတဲ့အတိုင်းပဲ ကိုရိုနာဗိုင်းရပ်စ်က အရေးကြီးနေတော့ အဲ့အရေးကြီးတဲ့ အလုပ်တွေ လုပ်နေလို့ဖြစ်မှာပေါ့ဗျာ။ ပြန်လာစေချင်ပါတယ်။ ကျနော်တို့မျှော်လင့်ပါတယ်” ဟု ကြာအင်း ဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးဦးကျော်စိုးဦးက ကေအိုင်စီသို့ ပြောသည်။
COVID-19 ရောဂါတားဆီးရန် လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနား ပွဲလမ်းသဘင်များနှင့် မြန်မာ့ရိုးရာ သကြင်္န်ပွဲတော်အပါအဝင် မပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ထားသည်ဟု မတ်လ ၁၆ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများထံ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။


















