ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂ဝ ခုနှစ်။ စအိုင်ဆူး
လတ်တလောဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) လက် အောက်ခံတပ်ဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်ဘေးသင့်ပြည်သူများ ဦးရေများထပ်တိုးလာသည့် အ တွက် ဒေသတွင်းကျေးရွာသူရွာသားများမှာ စိုးရိမ်မှုမြင့်တက်လာလျက်ရှိကြောင်း နယ်မြေခံတာဝန်ရှိသူများက ပြောသည်။
မြန်မာ့တပ်မတော်မှ KNU တပ်မဟာ (၅)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် ဖေဖော်ဝါရီလ အစောပိုင်းက စစ်ပြေးရှောင်သူ ၃၀ဝ ကျော်ရှိခဲ့ရာမှ လက်ရှိတွင် စစ်ပြေးရှောင်ရန် ပြင်ဆင်ထား သူပေါင်းနှစ်ထောင် (၂,၀၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း KNU မူတရော်(ဖာပွန်)ခရိုင် အတွင်းရေးမှူး စောရော် ဘင်မှူးက ယခုလိုပြောသည်။
“အခု စာရင်းအရ ကျေးရွာအုပ်စုတွေ များလာတဲ့ အပေါ်မှာ ၂,၀၀ဝ ကျော် အထိရှိလာတယ်။ ဒါပေမဲ့ အဲ့ နှစ် ထောင်ကျော်က ဒီထွက်ပြေးနေရတဲ့သူတွေကော စိုးရိမ်မှုအခြေအနေအောက်မှာရှိနေတဲ့သူတွေပါပါတယ်။ အဲ့ လူတွေက တစ်ခုခုဆိုရင်ပြေးဖို့အတွက် သတိအနေအထားနဲ့ပြင်ဆင်ထားတဲ့သူတွေဖြစ်တယ်။ တချို့ရွာ တွေက ပစ်ခတ်မှုဖြစ်တာနဲ့ ပြေးရတာပဲလေ။ သူတို့က စိုးရိမ်ရတဲ့ နယ်မြေဒေသမှာရှိနေတာ” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။
ယခင် ဖေဖော်ဝါရီလ ပထမအပတ်ခန့်က မြန်မာ့တပ်မတော်မှ လူသောမြို့နယ် တကူဒဲ ကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် လူဦးရေ ၃၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် ပဋိပက္ခဒေသအတွင်းရှိနေသည့် စစ်ဘေးသင့်ပြည်သူ လူဦးရေ (၂,၁၃၇) ဦးရှိနေကြောင်း နယ်မြေခံ တာဝန်ရှိသူများနှင့် အရပ်ဖက်ကရင်အဖွဲ့အစည်းများ၏ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။
၎င်းစာရင်းများအရ သက်ကြီးရွယ်အိုများနှင့် ငါးနှစ်အောက် ကလေးငယ်များပါဝင်ပြီး KNU ထိန်းချုပ်နယ် မြေ မူတရော်ခရိုင်၊ လူသော မြို့နယ်အတွင်းမှ ဖလခို့၊ ယဲမုပလော နှင့်ခေးပူ စသည့် ကျေးရွာ အုပ်စုများရှိ ကျေးရွာ ပေါင်း (၉)ရွာမှ ဒေသခံ ကျေးရွာ သားများဖြစ်ပြီး အိမ်ထောင်စု ၂၅၃ စုမှ ၅နှစ် အထက် ကျား/မ လူဦးရေ ၁,၇၂ဝ ဦးနှင့် ၅နှစ်အောက် ကလေးငယ် ၄၁၇ ဦး ပါဝင်ကြောင်းဖော်ပြထားသည်။
KNU ဘက်မှ တပ်မတော် စခန်းများကို မိုင်းထောင်ခြင်း၊ လာရောက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ တပ်မတော် က လက်နက်ကြီးတချို့ပစ်ခတ်ပြီး ပြန်တုံ့ပြန်ရခြင်းဖြစ်ကြောင်း၊ ကရင်ရွာများဘက်ကို ကျရောက်ခြင်းမှာ မ ဟုတ်မမှန်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဧရာဝတီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။
ထို့အပြင် လမ်းဖောက်လုပ်ခြင်းကိစ္စရပ်များကြောင့် လတ်တလော ပဋိပက္ခများဖြစ်ပွားခြင်းဖြစ်သည်ဟု KNU ဘက်က ဆိုသော်လည်း ကရင်ပြည်နယ်အတွင်း လမ်းဖောက်သည့် ကိစ္စရပ်များကို KNU အနေဖြင့် အမြင်မ ကျဉ်းသင့်ကြောင်း ဖေဖော်ဝါရီလ ၂၂ရက်နေ့က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သော တပ်မတော်၏ သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများ၏ ပြောဆိုမှုကို ကိုးကား၍ ပြည်တွင်း သတင်းမီဒီယာ များမှ အကျယ်တဝင့်ဖော်ပြခဲ့သည်။
လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသူအချို့ထဲတွင် နာမကျန်းဖြစ်နေသည့် သက်ကြီးရွယ်အိုများပါဝင်သလို ကျောင်းသားကလေးငယ်များလည်းပါဝင်ကာ ၎င်းတို့အတွက် ကျန်းမာရေးနှင့် ပညာရေး အခက်အခဲများရှိနေပြီး ၎င်းကိစ္စကို ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဗဟိုဌာနအဆင့်ဆင့်သို့ တင်ပြထားကြောင်းလည်း KNU မူတရော်ခရိုင်က ဆိုသည်။
လတ်တလော ဖြစ်ရပ်များအပေါ်ဒေသတွင်း အရေးပေါ်ကူညီမှုများအတွက် မူတရော်ခရိုင်အတွင်း ဖွဲ့စည်းထား သည့် ကော်မတီနှင့်ပူးပေါင်းလုပ်ဆောင်နေသည့် ကရင်အမျိုးသမီးအစည်းအရုံး-KWOအဖွဲ့အစည်းအနေဖြင့် လည်း အပြင်းအထန်ရှုတ်ချထားပြီး စစ်ပြေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများနှင့် မိမိနေရပ်သို့ လုံခြုံစိတ်ချစွာပြန်နိုင်ရေးကို တောင်းဆိုကြောင်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ရက်)က ထုတ် ပြန်ထားသည်။
KWO အတွင်းရေးမှူး နော်ကညောဖော က “လောလောဆယ်တော့ ခရိုင်တာဝန်ရှိသူတွေက သူတို့ကို လုံခြုံရေး တော့ ပေးထားပေါ့။ ဒါပေမဲ့ သူတို့ပုံမှန်စားဖို့သောက်ဖို့က ဘယ်အဆင်ပြေမလဲ ။ နောက်ပြီး အခုက အေးနေ တုန်းအချိန်ဆိုတော့ မီးဖိုပြီး အိပ်ကြရတော့ အန္တရာယ်ရှိတာပေါ့။ မိန်းမသားတွေ၊ သက်ကြီး ရွယ်အိုတွေက ပိုခံစားရတာပေါ့။”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် မြန်မာတပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံရွာသားများ၏ ဒေသအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပေးရန် လိုအပ်ကြောင်းလည်း KWO က တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက်နေ့က KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ များနှင့် အမှတ် (၈) စစ်ဆင်ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံတပ်ရင်းတို့အကြား ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့သလို မြန်မာ့ တပ်မတော်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ၂၃ ရက်နေ့ တွင်လည်း ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များလည်း ပါဝင်လာကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။
ယခုလ ၁၉ ရက်နေ့တွင် KNU ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် ဗဟိုခေါင်းဆောင်ကိုယ်စား လှယ်များနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ကိုယ်စား လှယ် အဖွဲ့တို့သည် အဆိုပါ လမ်းဖောက်လုပ်မှုကိစ္စအပါအဝင် အပစ်ရပ်ခိုင်မာရေးအတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ ယင်းတွေ့ဆုံမှုရက်ပိုင်းအကြာတွင် ပစ်ခတ်မှုများ ထပ်မံဖြစ် ပွားခဲ့ခြင်းဖြစ်သည်။