ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂ဝ ခုနှစ်။ နေနော်
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်၌ ယနေ့ (ဖေဖေါ်ဝါရီ ၂၅ရက်) နံနက် ပိုင်းက ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ ဆုံပွဲတွင် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် မြေယာကိစ္စအများဆုံးပါဝင်သော ပြည်သူများမှ တင်ပြတိုင်ကြားစာ (၆၀)ကျော် ပေးပို့ထားသည်ဟု သိရသည်။
မြဝတီမြို့တွင် ဖောင်းပွနေသော ကာစီနိုရုံ၊ ငါးဂိမ်းရုံ နှင့် ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းများ ပြုလုပ်သည့်(အာဝါဒေး)လောင်းကစားပွဲများ၊ လူငယ်ထုတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့နေသည့် ကိစ္စရပ် များ၊ မြေယာကိစ္စရပ်များ အများဆုံးပါဝင်သည့် တင်ပြတိုင်ကြားစာ (၆၁) စောင်ကို ပေးပို့ထားကြောင်း တင်ပြစာလက်ခံရေးဌာနနှင့် ပေးပို့သည့် ပြည်သူများ၏ ပြောကြားမှုအရ သိရှိရခြင်းဖြစ်သည်။
တင်ပြတိုင်ကြားစာပေးပို့ထားသူ မြဝတီမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင်က “ကျနော်တို့ မြဝတီမြို့ကြီးကို တားဆီးကယ်တင်ပေးပါ ဆိုတဲ့ခေါင်းစဉ်နဲ့ တိုင်ကြားစာပေးပို့ထားပါတယ်။ တိုင်ကြား စာထဲမှာ ဘာတွေပါလဲဆိုတော့ မြဝတီမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာတွေမှာ ဖွင့်လှစ် ထားတဲ့ကာစီနို ရုံများ၊ ငါးဂိမ်းလောင်းကစားရုံများ၊ အာဝါဒေးပွဲများကို ၂၀၁၉ ဇူလိုင်လနောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ စုစုပေါင်း လောင်းကစားရုံ (၁၀၀)ကျော်ကို ဦးဆောင်ဖွင့်လှစ်သူ အမည်စာရင်း နှင့်တကွ တင်ပြတိုင်ကြားစာမှာ ရေးပြီး ပေးပို့ထားတယ်”ဟု ပြောသည်။
ထို့အပြင် မြဝတီမြို့တွင် လောင်းကစားဝိုင်းများနှင့်အပြိုင် ခေါင်းနှင့် ပန်းသဖွယ် ဆက်စပ်ဖောင်းပွ နေသည့် လူငယ်ထုတွင်း မူးယစ်ဆေးဝါး စိမ့်ဝင်ပျံ့နှံ့နေသည့် ကိစ္စရပ်များကို မဲမပေါက်၍ တိုက်ရိုက် မေးမြန်းခွင့် မရခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ သိရှိထိန်းချုပ်နိုင်စေရန် အတွက် တိုင်ကြားတင်ပြစာပေးပို့ထားသည်ဟု မြဝတီမြို့အခြေစိုက် ကလေးသူငယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ခင်ထားက ပြောသည်။
၎င်းက“ မြဝတီမြို့မှာ ဆယ်စုနှစ် နှစ်ခုလောက် ကြာပြီးဖြစ်တဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြား သောင် ရင်းမြစ်မှာရှိတဲ့ ရေလယ်ကျွန်းမှာ မူးရစ်ဆေးဝါး များကိုလွတ်လပ်စွာရောင်းဝယ် သုံးစွဲခွင့်ရနေတဲ့ ကိစ္စ၊ နိုင်ငံတာကာ ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်သော မြန်မာ-ထိုင်း မြဝတီ-မဲဆောက် အမှတ်(၁)ချစ် ကြည်ရေးတံတားမှာ မြို့ရဲ့ပုံရိပ်၊ ပြည်နယ်ရဲ့ပုံရိပ်၊ နိုင်ငံ၏ ပုံရိပ်တွေကို ထိခိုက်စေတဲ့ ကလေး သူငယ်များ တောင်းရမ်းနေခြင်းကိစ္စများကို တားဆီးထိန်းချုပ်ပေးစေလိုတဲ့ အကြောင်းအရာများကို တင်ပြတိုင်ကြားစာမှာ ထည့်သွင်းရေးပို့ထားတယ်” ဟု ပြောသည်။
ယနေ့ ဖေဖေါ်ဝါရီ ၂၅ ရက် နံနက် (၁ဝး၄၀)အချိန်ခန့်က မြဝတီမြို့တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝန်ကြီးများ ပြည်နယ် အစိုးရအ ဖွဲ့ဝန်ကြီးများနှင့် မြဝတီမြို့နှင့် အနီးရှိ ကျေးရွာများမှ ပြည်သူ ၁၀,၀၀ဝ (တစ်သောင်း)ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ကြိုတင်မေးခွန်းမေးမြန်းမှုအား သက်ဆိုင်ရာမှ ပြန်လည် ဖြေကြားခြင်း၊ တိုက်ရိုက်မေးခွန်းမေးမြန်းလိုသူ ၃၉ ဦးအနက် မဲပေါက်၍ မေးမြန်းခွင့်ရရှိသော ပြည်သူ (၅)ဦးမှ တရားဥပဒေစိုးမိုးရေးနှင့် လောင်းကစားမူးယစ်ဆေးကိစ္စရပ်များနှင့်မြေယာကိစ္စရပ်များကို မေးမြန်းခြင်းနှင့် သက်ဆိုင်ရာမှ ပြန်လည်ဖြေကြားခြင်း၊ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်မှ နိဂုံးချုပ်အမှာ စကား ပြောကြားပြီးနောက် အခမ်းအနားကို မွန်းတည့်(၁၁း၅၀)နာရီ အချိန်ခန့်တွင် ရုပ်သိမ်းခဲ့သည်။