ဖေဖော်ဝါရီလ ၂ဝ ရက်၊ ၂၀၂ဝခုနှစ်။ နန်းဝေဖြိုးဇာ
ပြည်တွင်းဖာလာထွက်ကုန်များကို လက်ရှိကုန်သွယ်နေသည့် ဈေးကွက်ထက် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် အစိုးရအနေဖြင့် လုပ်ဆောင်ပေးစေလိုကြောင်း ကရင်ပြည်နယ် ဖာလာစိုက် တောင်သူများနှင့် ကုန်သည်များက တောင်းဆိုလိုက်သည်။
ကရင်ပြည်နယ် သံတောင်ကြီးဒေသတွင် ဖာလာစိုက်ပျိုးရေးလုပ်ငန်းအများဆုံးဒေသတစ်ခုဖြစ်ပြီး ဒေသထွက် ဖာလာ များကို နိုင်ငံတကာဈေးကွက်ထဲဝင်ရောက်ရန်နှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ ၂ဝရက်နေ့တွင် ဖားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်သည့် အစိုးရအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးသည့်ပွဲတွင် တောင်သူများက ယခုလိုတောင်း ဆိုလိုက်ခြင်းလည်းဖြစ်သည်။
လက်ရှိ ဖာလာဈေးကွက်အခြေအနေနှင့်ပတ်သက်၍ ချဉ်ပေါင်ဖာလာအဖွဲ့ ဥက္ကဋ္ဌ စောခရစ္စစတိုဖာက“ကျနော်တို့ဆီမှာရှိတဲ့ ဖာလာ ၉၅ ရာခိုင်နှုန်းဟာ တရုတ်ပြည်ကဝယ်တယ်။ ဝယ်တာလည်း တရားဝင်လမ်းကြောင်းနဲ့ ဝယ်တာမဟုတ်ဘူး။ တ ရုတ်ပြည် ကွမ်ဒုံပြည်နယ်က ဖာလာတင်သွင်းခွင့် တန် ၅၀ဝ ပဲပေးတယ်။ ကျန်တဲ့တန်ထောင်ချီရှိတဲ့ဖာလာတွေက အောက် လမ်းက မှောင်ခိုဈေးကွက်မှာပဲဝင်ရတယ် ။ တကယ်လို့ အစိုးရချင်း နားလည်မှု စာချွန်လွှာတွေလက်မှတ်ထိုးပြီး အရောင် အဝယ်လုပ်ပေးနိုင်ရင် ကျနော်တို့တောင်သူအတွက် အများကြီးအထောက်အကူပြုမယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အတွက် လက်ရှိ ချဉ်ပေါင်ဖာလာ ကဏ္ဍ၊ အခွင့်အလမ်း၊ အခက်အခဲ စိန်ခေါ်မှုများနှင့်ပတ်သက်၍ သံတောင် ကြီး မြို့နယ်ရှိ ချဉ်ပေါင်ဖာလာစိုက်တောင်သူများနှင့် ရောင်းသူဝယ်သူများမှ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး ဆွေးနွေးတင်ပြနိုင်ရန်အတွက်ပြုလုပ်သည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရတာဝန်ရှိသူများမှ တက်ရောက်ခြင်း မရှိသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းလည်း စောခရစ္စတိုဖာက ဖြည့်စွက်ပြောသည်။
ကရင်ပြည်နယ်ဖာလာဈေးကွက်တွင် ယခင်က တပိဿာလျှင် ကျပ်၂ သောင်းအထိ ဈေးနှုန်းရှိရာမှ ယခု ၆ထောင် မှ ၇ ထောင်အထိသာ ဈေးနှုန်းရှိတော့ပြီး တရုတ်နိုင်ငံရှိ တရားမဝင် ကုန်သည်များက တိုက်ရိုက်ဝင်ရောက် ဝယ်ယူကာ ဈေး နှုန်းဖြတ်သည့်အတွက် စိုက်ပျိုးတောင်သူများနှင့် ပြည်တွင်း ဖာလာကုန်သည်ဒိုင်များမှာ နစ်နာမှုရှိလာသည်ဟုလည်း သိရသည်။
အစိုးရအဖွဲ့တာဝန်ရှိသူများမတက်ရောက်သည့် ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ချဉ်ပေါင်ဖာလာ ကဏ္ဍ အခြေအနေများ တင်ပြခြင်း၊ ချဉ်ပေါင်ဖာလာအဖွဲ့ ဖွဲ့စည်းထားသည့်အခြေအနေများတင်ပြခြင်းနှင့်ဖာလာတောင်သူများ အခွန်ငွေ ပေးရသည့် အခြေအနေနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်သည့် သံတောင်ကြီးမဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စောလှမြင့်က“ ဖာလာဈေးကွက်နဲ့ပတ်သက်ပြီး အစိုးရဘက်က ဘာမှလုပ်ပေးခဲ့တာမရှိသေးဘူး။ ဖာလာတွေကို အခွန်ကောက်တာ က တော့ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်၊ တံတားဆောက်ကျောင်းဆောက် အဲဒီမှာပြန်သုံးတယ်လို့ ဝန်ကြီးတစ်ပါး အဲလို ဖြေထားပေးဖူးတာရှိတယ်။ ဒီကိစ္စက သူတို့တင်ပြပြီးလို့ ကြောင်းမထူးရင်တော့ မေးခွန်းလောက်တော့ မေးပေးချင်တယ် ” ဟု ကေအိုင်စီသို့ပြောသည်။
လက်ရှိအချိန်တွင် ဖာလာချဉ်ပေါင် ဈေးနှုန်းမရှိသည့်အတွက် အချို့ဖာလာစိုက်တောင်သူများအနေဖြင့် ဖာလာခြံများ ကိုခုတ်ကာ ဖာလာအစား နနွင်းများ ပြန်လည်စိုက်ပျိုးသော်လည်း ဈေးကွက်မရှိသည့်အ ခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟုလည်း တက်ရောက်သည့်တောင်သူများကဆိုသည်။
မြန်မာနိုင်ငံတွင် ချဉ်ပေါင်ဖာလာကို ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ တနသင်္ာရီတိုင်းဒေသကြီးများတွင် စိုက်ပျိုးမှုများရှိရာ ကရင်ပြည်နယ်သံတောင်ကြီးဒေသမှာအများဆုံးစိုက်ပျိုး ထုတ်လုပ်သည့်ဒေသဖြစ်ပြီး ပိဿာချိန် (၂) သန်းဝန်းကျင် ထုတ် လုပ်နိုင်သည်ဟု မြန်မာ့ချဉ်ပေါင်ဖာလာ အဖွဲ့မှချဉ်ပေါင်ဖာလာ ထုတ်လုပ်မှုနှင့် ဈေးကွက် အခြေအနေနှင့်ပတ်သက်၍ ပြုစု ထားသည့် အချက်အလက်အရ သိရသည်။
ယနေ့ပြုလုပ်သည့် မြန်မာ့ချဉ်ပေါင်ဖာလာ အဖွဲ့၏ တင်ပြဆွေးနွေးမှုများအရ အဆိုပါဒေသများတွင် ဖာလာစိုက် ပျိုးမြေဧက ၇၅,၀၀ဝ ဧကရှိပြီး ချဉ်ပေါင်ဖာလာ၏ နှစ်စဉ်ဒေသအတွင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရှိသည်ဟု သိရ သည်။