Home သတင်း ကရင်ပြည်နယ် မြို့နယ် ၄ခုသို့ နိုင်ငံ‌တော် အတိုင်ပင်ခံ သွား‌ရောက်မည်

ကရင်ပြည်နယ် မြို့နယ် ၄ခုသို့ နိုင်ငံ‌တော် အတိုင်ပင်ခံ သွား‌ရောက်မည်

3095

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

နိုင်ငံ‌တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် လာမည့် ‌ဖေ‌ဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ရက်‌နေ့တို့တွင် ကရင်ပြည် နယ်ရှိ မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲမြို့များသို့ လာ‌ရောက်ကာ ‌ဒေသခံပြည်သူများနှင့် လူထု‌တွေ့ဆုံ ပွဲပြုလုပ်မည်ဖြစ်‌ကြောင်း သိရသည်။

နိုင်ငံ‌တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့တွင် ကြာအင်းဆိပ်ကြီးမြို့သို့ ‌ရောက်ရှိလာပြီး ‌ဒေသခံလူထုနှင့် ‌တွေ့ဆုံသွားရန်စီစဉ်ထားသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ အုပ်ချုပ်‌ရေးမှူးဦး‌ကျော်စိုးဦးက ‌ပြောသည်။

“၂၄ ရက်‌နေ့ လာမယ်လို့‌တော့ ‌ပြောတယ်ခင်ဗျာ။ အ‌ခြေအ‌နေ‌တော့ မသိ‌သေးဘူး။ အတိအကျ‌ပြောလို့‌တော့ မရဘူး‌ပေါ့။ ဒါက အ‌ရေးကြီးပုဂ္ဂိုလ်ဆို‌တော့ ကျ‌နော်တို့ ကြိုတင်ပြင်ဆင်မှု‌တွေ လုပ်‌နေပါတယ်။ လူထု‌တွေ့ဆုံပွဲ လုပ်ဖို့ပါ” ဟု အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်စိုးဦးက ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့ ဇမိခန်းမ၌ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထု‌တွေ့ဆုံပွဲပြုလုပ်ရန်အတွက် ကြိုတင်ပြင် ဆင်မှုများ လုပ်‌ဆောင်‌နေကြပြီး ‌ဒေသအတွင်းဖြစ်ပျက်‌နေမှုနှင့် လိုအပ်ချက်များ တင်ပြခွင့်မရမည်ကို ‌ဒေသခံအချို့ စိုးရိမ်မှုရှိ သည်ဟု သိရသည်။

“ရပ်ကွက်တိုင်းမှာ သန့်ရှင်း‌ရေးလုပ်ဖို့နဲ့ လမ်းမတစ်‌လျှောက်မှာ အုတ်၊ သဲ၊ ‌ကျောက်၊ ကားအပျက်‌တွေ ရှင်းလင်းဖို့ ‌ဆော်ဩထား တာရှိတယ်။ လမ်းတံတား ရုံး‌တွေ ထုံးသုတ်‌နေပြီး‌ပေါ့‌နော်။ သတ်မှတ်ထားတဲ့ လူနဲ့ပဲ အ‌မေးအ‌ဖြေလုပ်ရမယ်ဆိုရင် ဒီမှာဖြစ် ‌နေတဲ့ ပြဿနာ‌တွေ သူသိမှာ မဟုတ်ဘူး‌လေ။ ‌ဒေသခံပြည်သူ‌တွေ ‌တွေ့ဆုံ‌မေးခွင့်ရရင် ပို‌ကောင်းမယ်” ဟု ကြာအင်း ဆိပ်ကြီး မြို့ခံကိုလတ်က ‌ပြောသည်။

လူထု‌တွေ့ဆုံပွဲတွင် ‌ဒေသခံပြည်သူများသည် နိုင်ငံ‌တော်အဆင့်ပုဂ္ဂိုလ်ထံ ‌တွေ့ဆုံ‌မေးမြန်းခွင့် ရရှိရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံမှတဆင့် တင်ပြရမည့်အ‌ပေါ် အခက်အခဲအချို့ရှိနိုင်သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ ကိုထိန်လင်းက ‌ပြောသည်။

နိုင်ငံ‌တော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ‌ဖေ‌ဖော်ဝါရီ ၂၄ရက်‌နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နှင့် ‌ကော့ကရိတ်မြို့တွင် လူထု‌တွေ့ဆုံပွဲပြု လုပ်မည်ဖြစ်ကာ ၂၅ ရက်‌နေ့တွင် မြဝတီနှင့် လှိုင်းဘွဲမြို့တွင် လူထု‌တွေ့ဆုံပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု ကနဦး သတင်း အရ သိရသည်။