စက်တင်ဘာလ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အောက်ကော့ရင်းရွာကြီးပိုင်းလမ်းသစ် အစိုးရမူလွန်ကျောင်းအုပ်ဆရာ တစ်ဦး ထံမှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က စိတ်ကြွမူးယစ်ဆေးပြား WY ၇၇ ပြား ဖမ်းဆီးရမိကြောင်း ကရင်အမျိုးသားအစည်းအရုံး -KNU သထုံခရိုင် လက်အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့ -KNPF ထံမှ သိရ သည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အခြေအနေနှင့်ပတ်သက်၍ အောက်ကော့ရင်း အုပ်ချုပ်ရေးမှူး စောသန်း ဝင်း စိန်က “ ဖမ်းမိတာက ကျောင်းဝင်းထဲမှာပဲ။ ကျောင်းအုပ်ဆရာဆိုတော့ သူ့အခန်းနဲ့သူပေါ့။ အခန်းထဲမှာဖမ်း ဆီးရတယ်လို့ သိရတယ်။ ကျောင်းအုပ်ဆရာက ဒီဇာတိရွာမဟုတ်ဘူး။ ဒီရွာမှာ တာဝန်ကျတာ ၂နှစ် လောက်ပဲ ရှိအုံးမယ်။
KNPFက အဲဒီကျောင်းဆရာကို မေးမြန်းစစ်ဆေးပြီးရင် အစိုးရရဲဘက်ကို လွှဲပေးမယ်လို့ KNU ဘက်က ကျနော့်ကိုတော့ အဲလိုအကြောင်းကြားထားတာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိထားသည့် အဆိုပါ မူလွန်ကျောင်းအုပ်ကို လက်ရှိတွင် KNPF ဖားအံမြို့ နယ်ရုံးတွင်ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး ၎င်းကို မြန်မာနိုင်ရဲတပ်ဖွဲ့ထံသို့တဖန် ပြန်လည် လွှဲပြောင်းပေးသွားမည်ဟုလည်း KNPFက ပြောသည်။
“ သတင်းရထားတာက တော်တော်ကြာပြီ။ သူဒီဟာကိုလုပ်တာလည်း တစ်နှစ်လောက်ရှိပြီးလို့ ကြားထားတယ်။ အခုမှ သွားရောက်ဖမ်းဆီးမိတာ အခုလောလောဆယ်တော့ ဖမ်းဆီးစစ်ဆေးထားတယ်။ အစိုးရဌာနဆိုင်ရာက လည်း သူတို့ဘက် လွှဲပြောင်းပေးဖို့ လာပြောတာရှိတယ်။ မသေချာသေးဘူး။ ဒီဘက်က တရားစီရင်ရေးအရ စစ်ဆေးနေတုန်းဘဲ” ဟု KNPF အရာရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ယခု မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှာ ဒေသခံများ၏ တိုင်တန်းသတင်းပေးမှုကြောင့် KNPF က သွားရောက်ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့်ဆက်စပ်သူအချို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုနှင့်ဆက်နွယ်နေ သည့်အတွက် ဖမ်းဆီးရမိခြင်းမရှိသေးဘဲ လွတ်မြောက်နေသူများလည်းရှိနေသေးကြောင်း ၎င်း KNPF အရာရှိက ပြောသည်။
အောက်ကော့ရင်းကျေးရွာတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရဲတပ်ဖွဲ့က ယခင်က တကြိမ်ဖမ်း ဆီးရရှိထားမှုများရှိခဲ့ပြီး ယခု KNPF၏ ဖမ်းဆီးရမိခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်ဟု အောက်ကော့ရင်း အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။



















