ဩဂုတ် ၂၆ ရက်၊ ၂ဝ၁၉ ခုနှစ်။ ကေအိုင်စီ
မြေယာစီမံခန့်ခွဲမှုနှင့် သဘာဝသစ်တော သယံဇာတ၊ တောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ် ရန်ရည်ရွယ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများနှင့် သဘာဝပတ်ဝန်းကျင်အ ရေးလှုပ်ရှားသည့် လူမှုအဖွဲ့များပါဝင်သည့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ အစီအစဉ်တစ်ခု ကို တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ထိုလွီဝါး ကော်သူးလေလူထုအထက်တန်းကျောင်း၌ ဩဂုတ် (၂၃) ရက်မှ (၂၄)ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုအဖွဲ့ (KESAN) မှ မြေ ယာနှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုတာဝန်ခံ စောမာဘူ့ထူးက “ရည်ရွယ်ချက်ကတော့ ၃ ချက် ပေါ့နော်။ (၁)တစ်ချက်ကတော့ (မြေယာနှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး) မူတြော် (ဖာပွန်)ခရိုင်မှာ လုပ်ဆောင်နေတဲ့ သံလွင်ငြိမ်းချမ်းရေးက ဘယ်လိုတွေ အစီအစဉ်မျိုးနဲ့ လုပ်ဆောင် သလဲ ဝေမျှမယ်။ (၂)တစ်ချက်ကတော့ ရှေ့ဆက် ကျနော်တို့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မလဲ၊ (၃)ချက်တစ်ချက်ကတော့ ဒါကို ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ကြတယ်”ဟု ပြောသည်။
ထို့အပြင် ယခုနှီးနှောဖလှယ်ပွဲတွင် နယ်မြေခံ တာဝန်ရှိသူများက မြေယာနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာကြသလို နှီးနှောဖလှယ်ပွဲမှတစ်ဆင့် နယ်မြေခံ တာဝန်ရှိ ခေါင်းဆောင်များ၊ ဒေသခံလူထုများက ဌာနေတိုင်းရင်းသာားများ၏ အခွင့်အရေး၊ မြေယာပိုင်ဆိုင်ခွင့် များကို ထိန်းသိမ်းကာကွယ်ရေးအတွက် ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု စောမာဘူ့ထူးက ဆက်ပြောသည်။
၂ ရက်တာ နှီးနှောဖလှယ်ပွဲတွင် မူတြော်ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကာကွယ်ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုများကို ဆွေးနွေးဖလှယ်ခြင်း၊ ဌာနေလူထုများ မြေယာထိန်းသိမ်း ကာကွယ်မှုအခွင့်အရေး ဆိုင်ရာများကို ဆွေးနွေးခြင်း၊ အမြန်အလှန် မေးမြန်းခြင်း၊ မြေယာအပါအဝင် သစ်တော၊ မိရိုးဖလာ များကို ထိန်းသိမ်းကာကွယ်ရန် ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ခဲ့ကြသည်။
နှီးနှောဖလှယ်ပွဲမှ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော် ဆောင်နိုင်ရန် ခရိုင်၊ တပ်မဟာ၊ မြို့နယ်၊ တပ်ရင်း၊ သစ်တောဌာန၊ လယ်ယာဌာန၊ စည်းရုံးရေးဌာန၊ ဘာသာရေးခေါင်းဆောင်နှင့် KESAN အဖွဲ့များပါဝင်သည့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်မှု ကော်မတီတစ်ရပ်ကိုု ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
အဆိုပါ ဖွဲ့စည်းလိုက်သည့် ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ် အသေး စိတ်ကို ယခုနှစ် ၂ဝ၁၉ ခုနှစ်အတွင်း ချမှတ်လုပ်ဆောင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နယ်မြေခံ လူထုများကို ချပြသွားမည်ဟုလည်း ယင်းကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက “ကျနော်တို့ နယ်မြေအတွင်းမှာ မြေယာတွေကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာနဲ့ပတ်သက်ပြီး ဒီဆွေးနွေးမှုအပေါ်မှာ ကျနော်ကတော့ ကောင်းတယ်လို့ မြင်တယ်။ အရင်တုန်း ကျနော်တို့ ပိုင်ဆိုင်တဲ့နယ်မြေတွေကို ဘယ်လိုစံမံခန့်ခွဲးရမလဲဆိုတဲ့ အဓိပ္ပါယ်၊ အကျိုးကျေးဇူးကို မသိရှိကြဘူး။ အခုလိုလာပြီးဆွေးနွေးရတာ ကောင်းတယ်။ နောက်လာပြီး ဆွေးနွေးမှုအားလုံးအတွက် အကျိုးကျေးဇူးရှိမယ်လို့ မြင်မိပါတယ်။”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ထွက်ပေါ်လာသည့် မြေယာဥပဒေများသည် ဌာနေတိုင်းရင်းသားများ၏ မွေး ရာပါ ပိုင်ဆိုင်သည့် မြေယာ၊ သဘောဝသစ်တောများကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်သည့် ဥပဒေများဖြစ်သည့်အတွက် ယခုပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသည် မိမိအနာဂတ်ဘဝအတွက် ကာ ကွယ်နိုင်မည့် လုပ်ဆောင်ချက်များဖြစ်လိမ့်မည်ဟုလည်း ပဒိုစောအယ်ဝါးက ဆက်ပြောသည်။
တောင်ငူခရိုင်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ယင်းမြေယာစီမံခန့်ခွဲမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ကေအဲန်ယူ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ KESAN အဖွဲ့ ၊ မူတြော်ခရိုင် သံလွင်ငြိမ်းချမ်း ရေးဥယျာဉ်ကော်မတီဝင်များ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်၊ လူမှုအဖွဲ့ အစည်းကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ကျေးရွာအဆင့် လူထုကိုယ်စား လှယ်များ အပါအဝင် စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ကြသည်။