Home သတင်း ဖားအံမြို့ ကြာအင်း‌တောင်တက် အ‌ပျော်တမ်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

ဖားအံမြို့ ကြာအင်း‌တောင်တက် အ‌ပျော်တမ်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

3350

ဩဂုတ်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံလက်‌ရွေးစင် စက်ဘီးအားကစားသမားများ၊ စက်ဘီးစီး ဝါသနာရှင်များပါဝင်မည့် မိုးရာသီ ဖားအံမြို့ ကြာအင်း‌တောင် အ‌ပျော်တမ်း ဖိတ်‌ခေါ်စက်ဘီးပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၁ ရက်‌နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပပြုလုပ်ဖြစ်သည်။

အဆိုပါပြိုင်ပွဲမှာ ကရင်ပြည်နယ်အား/ကာ‌ကော်မတီ ၊ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်၊ ဘားအံ Rider Clubနှင့် GTM စက်ဘီး‌ရောင်းဝယ်‌ရေး Joy Trading Company တို့မှ ပူး‌ပေါင်းကျင်းပမည့် ပွဲဖြစ်ပြီး ဝင်‌ရောက် ယှဉ်ပြိုင် သူ ၁၅ဝခန့် လျာထားသည်ဟု ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ် အား/ကာ ဒုတိယညွှန်ကြား‌ရေးမှူး စတင်‌အောင်မြင့်က“ ဒီပြိုင်ပွဲကို ကျင်းပတဲ့ အဓိကရည်ရွယ် ချက်က စက်ဘီးအားကစားနည်းကို လူထုများက စိတ်ပါဝင်စားဖို့၊ ကျန်းမာကြံ့ခိုင်‌စေဖို့နဲ့ စက်သုံးဆီ‌တွေ
‌လျှော့သုံးပြီး သဘာဝပတ်ဝန်းကျင် ‌လေထုညစ်ညမ်းတာကာကွယ်ဖို့နဲ့ ကရင်ပြည်နယ်အတွင်း မျိုးဆက်သစ် စက်ဘီး အားကစားသမား‌တွေ‌ပေါ်ထွက်ဖို့ အဲဒီရည်ရွယ်ချက်‌တွေပါဝင်တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စက်တင်ဘာလ ၁ ရက်‌နေ့ ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပပြုလုပ်မည့် ၎င်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား အတန်း ၃တန်း သတ်မှတ်ထားပြီး အလွတ်တန်း၊ ၄ဝ ‌အောက်တန်း နှင့် ၄ဝ အထက်တန်း စသည်ဖြင့် အဆင့် ၃ ဆင့် သတ်မှတ်ကာ ၂၄ မိုင်အကွာအ‌ဝေးကို ပြိုင်ပွဲဝင် အချိန် ၂ နာရီကြာအများဆုံး ခန့်မှန်းသတ် မှတ်ထားသည်ဟု သိရသည်။

စက်တင်ဘာလ ၁ရက်‌နေ့ မနက် ၈နာရီအချိန်ခန့်တွင် ပြိုင်ပွဲအခမ်းအနားစတင်မည်ဖြစ်ပြီး အမှတ် ၉ ရပ်ကွက် ဇွဲကပင်ပလာဇာ‌ရှေ့ မှ စတင်တာလွှတ်မည်ဖြစ်ကာ လှာက‌ဒေါင်ရွာလမ်းဆုံ ‌တောလမ်းမှ ‌နောင်လုံ ‌တောင်ကြား လမ်း၊ ထိုမှတစ်ဆင့် ဇွဲကပင်‌တောင်‌ခြေတစ်ပတ်ပတ်၍ ကြာအင်း‌တောင်‌ပေါ်တွင် ပန်းဝင်‌နေရာ သတ်မှတ်ထား သည်ဟု ကျင်းပ‌ရေးတာဝန်ရှိသူထံမှ သိရသည်။

မကြာမီ ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပ‌တော့မည့့် ကြာအင်း‌တောင် အ‌ပျော်တမ်းဖိတ်‌ခေါ် စက်ဘီးပြိုင်ပွဲ တွင် ‌တောင်ကြီး၊ မန္တ‌လေး၊ ရန်ကုန်၊ သံဖြူဇရပ်၊ ‌မော်လမြိုင်အပါအဝင် ဖားအံမြို့ရှိ စက်ဘီးဝါသနာ ရှင်များလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု ကနဦးသိရှိရသည်။