ဩဂုတ် ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
လတ်တလောဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် နိုင်ငံရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအသိ ပညာများကို ကရင်ကျောင်းသားနှင့် လူငယ်များအကြား ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြီး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ထီးကဟောကျေးရွာ သူးမွဲကိုယ်ထူကိုယ်ထအထက်တန်းကျောင်း၌ အသိအမြင်ဖလှယ်မှုဆိုင်ရာ တွေ့ဆုံပွဲ တစ်ခုကို ဩဂုတ်လ၂၈ မှ၃ဝ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
ကရင်ကျောင်းသားကွန်ယက်အဖွဲ့-KSNGမှ ဦးဆောင်ပြီး KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အတွင်းရှိ ကရင်ပညာရေးဌာန -KED အထက်တန်းကျောင်းပေါင်း (၆)ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံ ကရင်လူငယ်တို့ကို ဖိတ်ခေါ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကွန်ယက်၏ ဥက္ကဌဖြစ်သူ စောစေးမူးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတွေအပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ လူငယ် တွေက အဓိကကျတယ်။ လူကြီးတွေက အချိန်အတိုင်းအတာတစ်ခုအထိပဲ လုပ်ဆောင်လို့ရမှာဖြစ်တဲ့အတွက် နောက်လာမဲ့ လူငယ်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးရမှာပဲ။ နောက်ပြီးတော့ ကျနော်တို့ခေါင်းဆောင်တွေ လုပ်ဆောင်မှုကို ပြန်ကြည့်တဲ့အခါ လူငယ်တွေကို အားပေးအားမြောက်မှုက တအားနည်းတယ်။ ဒါကြောင့် လူငယ်တွေက သူတို့ ဘယ်ပုံစံ၊ ဘယ်ကဏ္ဍကပါဝင်ရမလဲဆိုတာ နားမလည်တဲ့အတွက်ကြောင့် ဒါကို ရည်ရွယ်ပြီးလုပ်တာပါ” ပြောသည်။
သုံးရက်တာပြုလုပ်သည့် အဆိုပါ လူငယ်တွေ့ဆုံဖလှယ်ပွဲသို့ ကော်လားဟေး၊ နယ်ခို့ခီး၊ ဖားအံခရိုင်အထက်တန်းကျောင်း၊ မယ်လာအားခီး၊ သူးမွဲကိုယ်ထူကိုယ်ထအထက်တန်းကျောင်း၊ ဝစော စသည့် ကျောင်း(၆) ကျောင်းမှ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများနှင့် ဒေသခံကရင်လူငယ်ပေါင်း ၁ဝဝ ကျော်ပါဝင်တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျား/မတန်းတူရေး၊ လက်ရှိနိုင်ငံရေး အခြေအနေများ၊ ဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို သက်ဆိုင်ရာ ခေါင်းဆောင်များမှ လာရောက်ဦးဆောင်ပြီး လူငယ်များအကြား ဆွေးနွေးဖလှယ်မှုများပြုလုပ်ခဲ့ကြသည်။

မယ်လာအားခီး ကျောင်းဆရာက စောလားဆဲခမ်းက “ဒီဆွေးနွေးဖလှယ်မှုကနေ ခေါင်းဆောင်တွေရဲ့ အသိ ပညာတွေ လာရောက်ဝေမျှပေးမှုအရ စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု နဲ့ ကိုယ့်ရဲ့ လူ့အဖွဲ့အစည်း ထဲမှာ လုပ်ဆောင်ရမဲ့ဟာတွေကို ပိုနားလည်သဘောပေါက်လာတာပေါ့။ ဒီလိုအစီအစဉ်မျိုးများများရှိခြင်းဖြင့် လူငယ် တွေအကြား အသိပညာပိုတိုးပွားပြီး အမြင်တွေ ပိုမို ကျယ်ပြန့်လာမယ်ဆိုရင် ကိုယ့်အမျိုးသားအတွက် ပိုလုပ် ဆောင်ပေးနိုင်မယ့် အခြေအနေတွေ ပိုရှိလာမှာပါ ”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းပြုလုပ်သည့် အစီအစဉ်ကို ကရင်ကျောင်းသားကွန်ယက်အဖွဲ့မှ အကောင်အထည်ဖော်ဦးဆောင်၍ ကရင်ပညာရေးဌာန၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်သဘာဝပတ်ဝန်းကျင် နှင့်လူမှုရေး ဆိုင်ရာလှုပ်ရှားမှုကွန်ယက်(KESAN)နှင့် ပြည်တွင်းနေရပ်ရင်းစွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP အဖွဲ့အစည်းများမှ ပါဝင်ထောက်ပံ့ကူညီပေးခဲ့သည်။
KSNGမှဦးဆောင်ပြီး ကရင်လူငယ်နှင့်ကျောင်းသားအသိအမြင်ဖလှယ်ခြင်းကို အစိုးရနှင့် KNUတို့ကြား ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်အကောင်အထည်ဖော်မှုကာလအတွင်း၂၀၁၄ခုနှစ်မှစ၍ တစ်နှစ်တစ်ကြိမ် ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် ၄ ကြိမ်မြောက်ဖြစ်သည်။



















