ဇွန်လ ၈ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအကြောင်းပြချက်ဖြင့် မြဝတီမြို့နယ်၊ အတွင်းမဲကနယ်ကျေးရွာရှိ ဒေသခံလယ်သမားများ၏ လယ် ယာမြေများ မတရားသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး ဒေသခံများစုပေါင်း စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲ တစ်ခုကို ယခု ဇွန်လ ၁ဝ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ဦးဆောင်စီစဉ်သူများက ပြောသည်။
ဆန္ဒထုတ်ဖော်ရန်အတွက် မြဝတီမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဇွန်လ ၄ ရက်နေ့က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို လျှောက်လွှာတင်တောင်းခံခဲ့ပြီးနောက် လက်ရှိတွင် ဆန္ဒဖော်ထုတ်ခွင့်ကိုရရှိပြီးဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်စီစဉ်သူ ဦးသောင်းလှိုင်က ကေအိုင်စီသို့ပြောသည်။
၎င်းက “ကျနော်တို့ဆန္ဒပြဖို့က သေချာနေပြီ။ ပထမ တင်တုန်းက သူတို့ အချက်တစ်ချက် ဖျက်ခိုင်းတယ်လေး။ နံပါတ်(၃) အချက်က ကရင်ပြည်နယ်အစိုးရတာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးရေးအချက်ကို ဖျက်ခိုင်းတယ်။ အဲ့တော့ ကျနော် က သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးရေးလို့ ကျနော်ပြင် လိုက်တယ်။ ဘာဖြစ်လဲဆိုတော့ အဲ့ဒီဟာကို မဖျက်ပေးရင် ကျနော်တို့ကို ဆန္ဒပြခွင့်မပေးဘူးလို့ ပြောတယ်လေ။ အဲ့ဒါ ကျနော်စုံစမ်းကြည့်တော့ ဦးသောင်းလှိုင်ရေး ၁ဝ ရက်နေ့ကျရင် ပြလို့ရပြီးလို့ပြောတယ်လေ”ဟု ကေအိုင်စီ သို့ ပြောခဲ့သည်။
ဒေသခံရွာသားများ၏ လယ်ယာမြေများကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းခန့်မှစ၍ (DKBA)မှ ဗိုလ်ညီညီ ဆိုသူက သိမ်းယူခဲ့ပြီး မြေကွက်များကို အကွက်ချရောင်းစားခဲ့ခြင်းအပေါ် ဒေသခံများမှ ပြန်လည်ရရှိရေးအတွက် တာဝန်ရှိသူများမှ ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်သည်ဟုလည်း ဦးသောင်းလှိုင်က ဆက်ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲကို ဇွန်လ ၁ဝရက်၊ နံနက် ၉နာရီခွဲမှစကာ အတွင်းမဲကနယ်ရွာစခန်းကုန်းမှ အတွင်း မဲကနယ်လမ်း တစ် လျှောက် လမ်းလျှောက်ချီတက်ကာ ရွာမြေများအား မူလပိုင်ရှင်များမှ ပြန်လည်ရရှိရေး၊ ရွှေမြစန္ဒီစီမံကိန်းအ ကြောင်းပြ၍ လယ်ယာမြေမတရားသိမ်းသည့် DKBAမှ ဗိုလ်ညီညီအား အလိုမရှိ၊ အတွင်း မဲကနယ်လယ်ယာမြေများမတရားသိမ်းဆည်း ခံရခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ မှ အမြန်ဆုံးဖြေရှင်း ပေးရေးစသည့်ကြွေး ကြော်သံများဖြင့် ခန့်မှန်း လူထုအင်အား ၃၀ဝခန့် ပါဝင်သွားမည်ဖြစ်ကာ နေ့လည် ၁၂နာရီတွင် ရွှေမြစန္ဒီစေတီပရဝုဏ်အတွင်း လူစုခွဲသွားမည်ဟု သိရသည်။
၂၀၁၃ ခုနှစ်က စတင်ခဲ့သည့် အစိုးရ၏ အဆိုပါ အိမ်ရာစီမံကိန်းကို အကြောင်းပြကာ ယခင် မဲကနယ်ရွာဟောင်း မြေဖြစ် သည့် မြေဧကပေါင်း ၃၁၇ ဒသမ ၇၁ ဧကခန့်ကို သိမ်းဆည်းခံထားရပြီး လက်ရှိတွင် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရားဝင်စာတင် တောင်းဆိုသွားရန် စီစဉ်နေပြီဖြစ်သလို လတ်တလောကောက်ခံထားသည့် စာရင်းအရ မြေယာသိမ်းဆည်းခံရသည့် ဒေသခံရွာသား ၁၇ ဦးခန့် စာရင်းရရှိထားသည်ဟု ဦးသောင်းလှိုင်က ပြောသည်။



















