ဇွန်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
ဩစတြေးလျားနိုင်ငံရှိ ပြည်သူပိုင် အသံလွှင့်ဌာနတစ်ခုဖြစ်သည့် (Special Broadcasting Service-SBS)တွင် တိုင်းရင်းသား ဘာသာအသစ် ငါးမျိုးဖြင့် အွန်လိုင်းရေဒီယို တိုးချဲ့ထုတ်လွှင့်ရာ ကရင်၊ ချင်းတိုင်းရင်းသားများ အစီအစဉ်များ ပါဝင်ပြီး ယခုနှစ် မေလ ၂၈ရက်နေ့မှစ၍ ထုတ်လွှင့်နေပြီးဖြစ်သည်ဟု ၎င်းရေဒီယိုလိုင်း တာဝန်ရှိသူများက ပြောသည်။
ဩစတြေးလျားနိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်ကြသည့် ကရင်နှင့် ချင်းတိုင်းရင်းသားလူမျိုးများအတွက် ပညာပေး အစီအ စဉ်များ အပါအဝင် ရိုးရာ၊ ယဉ်ကျေးမှု စသည့်ဖျော်ဖြေရေးအပြင် သတင်းအချက်အလက်များကို ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ပါဝင်ကာ စီစဉ်ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု ကရင်ပိုင်းတာဝန်ခံ နန်းရှားဖောင်က ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ဩစတြေးလျားနိုင်ငံမှာ လာရောက်အခြေချတဲ့ ဒီရွှေ့ပြောင်းတွေထဲမှာ ကျမတို့ကရင်တိုင်းရင်းသားတွေ တော်တော်များ များ ပါဝင်တယ်။ အဲ့ဒါကြောင့် လူဦးရေအပေါ်မှာကြည့်ပြီး လိုအပ်ချက်တွေ ရှိမယ်။ သတင်းအချက်အလက်ကို ကိုယ့်ဘာသာနဲ့ ကိုယ် လေ့လာလို့ရအောင်ဆိုပြီး ကရင်ဘာသာကို ဒီနှစ်မှာ စတင်ပြီးတော့ တည်ထောင်တာပေါ့နော်”ဟု ပြောသည်။
အသစ်တိုးချဲ့လိုက်သည့် ဘာသာစကား ငါးမျိုးတွင် ကရင်နှင့် ဟားခါးချင်းဘာသာများအပြင် တိဗက်၊ မွန်ဂိုလီးယားနှင့် ကန်ရန်ဒိ (Kirundi)ဘာသာစကားများ ပါဝင်သည်။ အထူးသဖြင့် စကောကရင်ဘာသာစကားဖြင့် ဩစတြေးလျားနိုင်ငံ၏ သိသင့်သိထိုက် သည့် ဥပဒေများ၊ ရိုးရာနေ့ထူးနေ့မြတ်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ ကရင်အမျိုးသားများ၏ လှုပ်ရှားဆောင်ရွက်မှု အဖြစ်အပျက်များ ကို သတင်းဆောင်းပါးအနေဖြင့် တင်ဆက်ပေးနေခြင်းဖြစ်သည်ဟုလည်း နန်းရှားဖောင်က ဆက်ပြောသည်။
အဆိုပါ အွန်လိုင်းရေဒီယိုအစီအစဉ်များကို SBS သတင်းဌာန၏ ဝက်ဘ်ဆိုဒ်ကနေတစ်ဆင့် sbs.com.au/karen၊ sbs.com.au/ tibetan၊ sbs.com.au/hakhachin၊ sbs.com.au/kirundi၊ sbs.com.au/mongolian စသည့် ဝက်ဘ်ဆိုဒ်လင့်ခ်များသို့ တိုက် ရိုက် ဝင်ရောက်နားဆင်နိုင်သလို sbs.radio. ကနေတစ်ဆင့် ဒေါင်းလုတ်ရယူ နားဆင်နိုင်ပြီး ကရင်ဘာသာအစီအစဉ်ကို တစ် ပတ်လျှင် နှစ်ကြိမ်ဖြင့် အဂင်္ါ၊ ကြာသပတေးနေ့များ၌ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း သိရသည်။



















