“ဒေသအသီးသီးက ကရင်လူငယ်တွေ အတူတူစည်းရုံးလုပ်ဆောင်သွားဖို့ ဒီကနေ့အချိန်က အကောင်းဆုံးအချိန်အခါပဲ”
ယခုလ မေလ ၂၃ ရက်နေ့သည် ကရင်လူငယ်အစည်းအရုံး(KYO) ဖွဲ့စည်းခြင်း ၂၉ နှစ်မြောက်ဖြစ်သည်။ ထိုနေ့ကို အခြေခံပြီး လတ်တလော KYO ၏ လှုပ်ရှားမှု၊ ရင်ဆိုင်ရသည့် စိန်ခေါ်မှု၊ ချမှတ်ထားသည့် အနာဂတ် မျှော်မှန်းချက်များ ကို ဥက္ကဌဖြစ်သူ စောလယ်နယ်အား ကေအိုင်စီ-ကရင်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါ သည်။
ကရင်လူငယ်အစည်းအရုံး-KYO ကို မန်းဘခိုင်၊ မန်းဝင်းမောင်၊ မန်းကျော်စိန်တို့ ဦးဆောင်ကာ ၁၉ ၄၆ခုနှစ်တွင် ပထမ အကြိမ်အဖြစ် ဖွဲ့စည်းခဲ့ပြီးနောက် ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုကြောင့် လှုပ်ရှားမှုရပ်တန့်ခဲ့ရသည်။ ထို့နော်က ၁၉၈၉ ခုနှစ်၊ မေလ ၂၃ရက်နေ့တွင် ယခင် KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလော၌ ဒုတိယအကြိမ် ပြန်လည် ဖွဲ့စည်းခဲ့သည်။
ကေအိုင်စီ။ ။ ဒီနှစ်ကျရောက်တဲ့ ၂၉နှစ်မြောက် ကရင်လူငယ်အစည်းအရုံးနေ့မှာ ကရင်လူငယ်တွေကို ဘယ်လိုသတင်း စကား ပါးချင်သလဲ။
ကျနော်တို့ ကရင်အမျိုးသားက မြန်မာနိုင်ငံမှာ လူမျိုးကြီးတစ်မျိုးဖြစ်ပေမဲ့ ဖိနှိပ်ခံရမှု အမျိုးမျိုးကြောင့် ယနေ့ အချိန်ထိ အမျိုးသားခေါင်းဆောင်တွေမှာ မိမိအမျိုးသားရပိုင်ခွင့်အတွက် လှုပ်ရှားဆောင်ရွက် နေရဆဲ အခြေအနေမှာ ကျနော်တို့ ကရင်လူငယ်အင်အားက တကယ့်ကို လိုအပ်တယ်။ ဒီအပေါ်မှာ KYO ကရင်လူငယ် အစည်းအရုံးကို မာနယ်ပလောမှာ ၁၉၈၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်။ အခုဆိုရင် ၂၉ နှစ်ရှိ နေပြီး။
ဒါကြောင့် အနာဂတ်အတွက် လက်ရှိမှာ နိုင်ငံရေးလှုပ်ရှားနေရတဲ့ အခြေအနေမှာပဲရှိသေးတဲ့အပေါ်မှာ နေရာဒေသ အသီးသီးက ကရင်လူငယ်တွေအနေနဲ့ ကျနော်တို့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့လိုလား တောင်းတခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုတွေကိုဆက်လက် ဖြည့်ဆည်းဆောင်ရွက်ဖို့ စည်းစည်းရုံးရုံးနဲ့ ကြိုတင်ပြင်ဆင် လုပ်ဆောင်ကြဖို့ လိုအပ်တယ်။
၂၉ နှစ်မြောက်ရှိပြီးဖြစ်တဲ့ KYO အကြောင်းကိုလည်း ဒေသအသီးသီးက ကရင်လူငယ်တွေ ပိုမိုလေ့လာကြဖို့နဲ့ နေရာဒေသအသီးသီးက KYO ခေါင်းဆောင်တွေ အနေနဲ့လည်း ကရင်လူငယ်မျိုးဆက်သစ်တွေရဲ့ လုပ်နိုင်စွမ်းအား ရှိတဲ့ အပေါ်ကိုလေ့လာပြီး ပိုမိုစည်းရုံး လုပ်ဆောင် မြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဒါကြောင့် ဒေသအသီးသီး က ကရင်လူငယ်တွေအနေနဲ့ ကျနော်တို့ ပန်းတိုင်တစ်ခုထဲအောက်မှာ အတူတူစည်းရုံးလုပ်ဆောင်သွားဖို့ ဒီကနေ့အချိန်က အကောင်းဆုံးအချိန်အခါပဲ ဖြစ်တယ်။
ကေအိုင်စီ ။ ။ KYO ဆိုတာက ကရင်လူငယ်တွေအတွက် ဘယ်လောက်အရေးပါသလဲ။
နိုင်ငံတစ်နိုင်ငံရဲ့ဖွ့ွံဖြိုးတိုးတက်မှုက လူငယ်တွေအပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ အဖိုးအဖွားတွေကစလို မျိုးဆက်တစ်ခုပြီးတစ်ခု လှုပ်ရှားဆောင်ရွက်ခဲ့ပေမဲ့ ယနေ့အချိန်ထိ လိုချင်တဲ့ ပန်းတိုင်ကို မရောက်ရှိသေးဘူး။ ဒါကြောင့် လာမဲ့အနာဂတ်မှာ ပခုံးလွှဲတာဝန်ယူမယ့် လူငယ်တွေအနေနဲ့ ပြင်ဆင်မှုတွေ မလုပ်ထားဘူးဆိုရင် အနာဂတ်စိန်ခေါ်ချက် တွေ ရှိလာနိုင်ပြီး တကယ်လိုချင်တဲ့ ပန်းတိုင်ကပျောက်သွားမှာပဲ။ ဒီကနေ့လူငယ်တွေအနဲ့ အမျိုးသားရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေခံတွေကို နားလည်အောင်လုပ်ဆောင်ထားနိုင်မှ ပိုမိုကောင်း မွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်။
KYO အနေနဲ့ ရည်မှန်းချက် ၂ခု ချမှတ်ထားတာရှိတယ်။ ပထမက ကရင်အမျိုးသားအစည်းအရုံး-KNUရဲ့ ချမှတ်ပေးတဲ့ တာဝန် တွေကို အကောင်အထည်ဖော်လုပ်ဆောင်ပေးဖို့နဲ့ ဒုတိယအနေနဲ့ မျိုးချစ် ကရင်လူငယ်ခေါင်းဆောင်တွေကို မွေး ထုတ်ပေးပြီး အနာဂတ်မှာ ကိုယ့်အမျိုးသားရေးတာဝန်ကို ပြန်လည်ဦးဆောင် တာဝန်ယူပေးနိုင်ဖို့အတွက် ဖြစ်တယ်။ ဒီလို လွှဲပြောင်းဦးဆောင်နိုင်ဖို့နဲ့ အမျိုးသားရေး ရည်မှန်းချက်ကိုရောက်နိုင်အောင် KYO က ဒေသအသီးသီးက ကရင်လူငယ်တွေကို စည်းရုံးလုပ်ဆောင်တဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်။
ကေအိုင်စီ ။ ။ လတ်တလော KYOရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို ပြောပြပါအုံး။
ကျနော်တို့ KYO ဗဟိုမှာ ဌာန လေးခုရှိတယ်။ စည်းရုံးရေးနှင့် ပြန်ကြားရေး၊ လူမှုရေးရာ၊ သဘာဝ ပတ်ဝန်းကျင် နှင့် လူမှုဖွံ့ဖြိုးရေးနဲ့ မဟာမိတ်ရေးရာဆိုပြီးရှိတယ်။ အဲ့ဒီကနေတဆင့် ကျနော်တို့ (၅)ကြိမ်မြောက်ကွန်ဂရက်က နေ အကောင်း ထည်ဖော်လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ် ၁၈ ချက်ရှိတယ်။ အဲ့ဒီ ၁၈ ချက်ကို အကောင်အထည်ဖော် လုပ်ဆောင် နေတာ အခုဆိုရင် ၂ နှစ်လောက်ရှိနေပြီး။
အဲဒီ ၂နှစ်တာကာလအတွင်းမှာ များသောအားဖြင့် လှုပ်ရှားဆောင်ရွက်တာက ဒေသအသီးသီးက ကရင်လူငယ်တွေ ရှိတဲ့နေရာတွေမှာ စည်းရုံးရေးဆင်းတာ၊ ကရင်အမျိုးသားရေးသမိုင်းတွေ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို လိုက်ပြီး ကွင်းဆင်းအသိပညာပေးတာ ၊ နောက်ပြီး လူငယ်ခေါင်းဆောင်သင်တန်းတွေ ဖွင့်ပေးတာနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာတွေကို ပြုလုပ်ပေးတယ်။

ကေအိုင်စီ။ ။ အပစ်မရပ်မီ ကာလနဲ့ အပစ်ရပ်နောက်ပိုင်းကာလတွေမှာ KYO လှုပ်ရှားဆောင်ရွက်ရမှုရဲ့ ကွာခြားချက်နဲ့ စိန်ခေါ်မှုတွေက ဘယ်လိုရှိလဲ။
ကျနော်တို့ KYO ဗဟိုကစပြီး ခရိုင်၊ မြို့နယ် အဆင့်ဆင့် မှာ စိန်ခေါ်ချက် တော်တော်များများကို ကြုံတွေ့ရတယ်။ ဦးဆောင် တဲ့သူတွေရဲ့ အရည်အချင်းတွေနဲ့ လူငယ်တွေစည်းရုံးတဲ့နေရာမှာက အတော်လေး စိန်ခေါ်ချက်ကြီးတယ်။ နောက်တစ်ခုက ကျနော်တို့ လှုပ်ရှားဆောင်ရွက်ရတဲ့ အခါ ငွေကြေး ကုန်ကျမှုကရှိနေတော့ ဒီကုန်ကျ စရိတ်တွေကလည်း ကျနော်တို့ အတွက် ခက်ခဲတယ်။ အပစ်ရပ်နောက်ပိုင်းနဲ့ လက်ရှိကာလမှာ ကျနော်တို့ မိခင်အစည်းအရုံးရဲ့ ပေးအပ်လာတဲ့ တာဝန် တွေကို ခွဲယူနေရတဲ့အခြေအနေမှာ ကိုယ့်လူငယ်အစည်းအရုံးရဲ့ လုပ်ငန်းစဉ်တွေကို သေသေချာချာ အကောင်အထည် ဖော်လုပ်ဆောင်ဖို့အတွက်က အားနည်းချက်လိုဖြစ်စေတယ်။
အပစ်မရပ်မှီကာလက KYOခေါင်းဆောင်တွေအနေနဲ့ မိခင် ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟို၊ ခရိုင် မြို့နယ် အတွင်းမှာ ကရင်လူငယ်တွေကို အတူတကွ စည်းရုံးလုပ်ဆောင်ကြတာပေါ့။ အပစ်ရပ်နောက်ပိုင်းမှာတော့ ပြည်တွင်းထဲဝင်ပြီး မြို့ ပေါ် တွေအထိဝင်ပြီး စည်းရုံးနိုင်တယ်။ ဒီ ၂၀၁၂ခုနှစ်မှာ ကရင်လူငယ်ကွန်ယက်-KYNကို ကျောက်ကြီးဘက်မှာ ဖွဲ့စည်းနိုင်ခဲ့ တယ်။ အဲ့ဒီကနေတစ်ဆင့် KYOအနေနဲ့ KYNအနေနဲ့လက်တွဲပြီး မြို့ပေါ်ဒေသတွေအထိ လှုပ်ရှားနိုင်လာတယ်။
ကေအိုင်စီ- KYOရဲ့ လှုပ်ရှားမှုက တဖြည်းဖြည်းချင်းဆီ အားနည်းလာတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိလာတဲ့အပေါ်မှာ ဘယ်လိုပြောချင်လဲ။
KYOရဲ့ လှုပ်ရှားမှုပုံရိပ်က အားနည်းလာတာက ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ရဲ့ စိန်ခေါ်ချက်တွေဖြစ်တဲ့ ဗဟိုကစပြီး ခရိုင်၊ မြို့နယ် အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေမှာ အရည်အသွေးပြည့်ဝမှုနဲ့ လှုပ်ရှားဆောင်ရွက်တဲ့နေရာမှာ ထောက် ပံ့မှု အားနည်းလာတာနဲ့ မိခင်အဖွဲ့အစည်းရဲ့ လုပ်ငန်းတာဝန်တွေမှာ မိုပိုလုပ်ဆောင်ပေးနေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်လာတဲ့အတွက်ကြောင့်မိုလို့ KYOကနေ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို တိတိကျကျ မလုပ်ဆောင်နိုင်တာရှိ တာပေါ့။ ဒါပေမဲ့ အခုကျနော်တို့လူငယ်တွေရဲ့ လှုပ်ရှားမှုကို ပိုမိုအားထုတ် လှုပ်ရှားနေပြီးတော့ ကရင်လူငယ်တွေ ကို ပိုပြီးတော့မှ စည်းရုံးမှု တွေကိုမြှင့်တင်ကာ အနာဂတ်မှာပိုမိုလှုပ်ရှားဆောင်ရွက်နိုင်အောင်တော့ ကျနော်တို့ ကြိုးစားနေပါတယ်။
မေး- KYOအနေနဲ့ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်သွားမဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ မျှော်မှန်းချက်ကို သိပါရစေ။
ရှေ့လုပ်ငန်းစဉ် ၁၈ချက်ထဲကနေ လတ်တလောမှာ စည်းရုံးရေးတွေ၊ အသိပညာပေးမှုတွေနဲ့ သင်တန်းတွေ ပြုလုပ်ပေး မှုတွေအပြင် ကရင်လူငယ်မူဝါဒကို ချမှတ်အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ရှိတယ်။ နောက်ပြီး ကရင်လူငယ်နှီးနှောဖ လှယ်ပွဲကို ကျနော်တို့ ဒီ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလတွေမှာ ပြုလုပ်သွားဖို့ရှိတယ်။ နောက်ပြီး ကရင်လူငယ်ဦးရေကို အတည်ပြုသွားဖို့နဲ့ ကရင်လူငယ်စင်တာ တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက် သွားဖို့ရှိ တယ်။
ဒါကြောင့် လက်ရှိမှာ လှုပ်ရှားဆောင်ရွက်ရတဲ့ အခြေအနေမှာပဲ ရှိသေးတဲ့အတွက် ကျနော်တို့ လုပ်ငန်းတာ ဝန်တွေကို ဆက်ပြီးတာဝန်ယူသွားဖို့အရေးကြီးတယ်။ ဒါဟာ KYO ခေါင်းဆောင်တွေရဲ့ တာဝန်တစ်ခုထဲ မဟုတ်ဘူး။ ပြည်တွင်း၊ နယ်စပ်၊ ပြည်ပမှာရောက်နေတဲ့ ကရင်လူငယ်အားလုံး အနေနဲ့ အနာဂတ်ပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ အမြဲတမ်းနိုးကြားမှုနဲ့ အတူတကွ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပြီးဆိုတာကို ပြောချင်တယ်။



















