Home သတင်း ဒုတိယတန်း သင်ရိုးသစ်အတွက် ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ ၇,ဝဝဝ ‌ကျော်ကို သင်တန်း‌ပေး

ဒုတိယတန်း သင်ရိုးသစ်အတွက် ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ ၇,ဝဝဝ ‌ကျော်ကို သင်တန်း‌ပေး

2901

‌မေလ ၁၁ရက် ၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ် ဒုတိယတန်းသင်ရိုးသစ်ပြဌာန်းစာအုပ် သင်ပြနည်းမှန်ကန်မှုရှိ‌စေရန် ရည်ရွယ်ကာ ‌မေ ၈ ရက်မှ ၂၃ ရက်‌နေ့အထိ ကရင်ပြည်နယ်အတွင်းရှိ မူလတန်းသင် ဆရာ၊ ဆရာမအားလုံး သင်တန်း ပြုလုပ်သွားမည်ဟု ပြည်နယ်ပညာ‌ရေးမှူး ဦးစိုးမြင့်က ‌ပြောသည်။

၎င်းက “၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှာ ဒုတိယတန်းသင်ရိုးသစ်နဲ့ ပထမတန်းသင်ရိုးသစ် ချိတ်ဆက်‌ရေးဆွဲ ထားတဲ့ သင်ရိုး‌တွေကို သင်ကြားတဲ့အချိန် အခက်ခဲမဖြစ်ရ‌အောင်၊ သင်ပြနည်းမှန်ကန်မှုရှိ‌အောင် ဘာသာရပ် ၁ဝ ခုနဲ့ သင်တန်းပို့ချ‌ပေးတာပါ” ဟု ‌မေလ ၁ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်ရိုးသစ် သင်တန်းအတွက် မူလတန်းသင်ဆရာ၊ ဆရာမ ၇,၄၅၇ ဦးကို သင်တန်းနည်းပြ ၇၅၆ ဦးတို့က ပြည်နယ်တစ်ခုလုံး သင်တန်း ၁၃ ‌နေရာ သင်ကြားပို့ချ‌ပေးလျက်ရှိပြီး စာကျက်မှတ်မှုကို ဦးစားမ‌ပေးဘဲ က‌လေး များ၏ ‌တွေး‌ခေါ်ဆင်ခြင်ဉာဏ်ကို ဦးစား‌ပေးသင်ရိုး‌ရေးဆွဲထားခြင်းဖြစ်သည်ဟု ပြည်နယ်ပညာ‌ရေးမှူး ဦးစိုးမြင့်က ဆက်‌ပြောသည်။

“ဒုတိယတန်းသင်ရိုးသစ်ကို ပြန်လည်ပို့ချ‌ပေးတာပါ။ ဆရာဗဟိုပြုသင်ယူနည်း၊ က‌လေးဗဟိုပြု သင်ကြားနည်း လမ်း‌တွေ ပိုရလာတာ‌ပေါ့။ ဒီသင်တန်းက‌နေတဆင့် က‌လေး‌တွေအတွက် သင်ကြားမှု ပိုထိ‌ရောက်လာမယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ကဇ‌ကျေးရွာ အလယ်တန်း‌ကျောင်း(ခွဲ)မှ မူလတန်းသင် ဆရာ‌စော‌ဇေယျာထူးက ‌ပြောသည်။

အစိုးရ၊ ပညာ‌ရေးဝန်ကြီးဌာနအ‌နေဖြင့် ပညာ‌ရေးစနစ်ပြုပြင်‌ပြောင်းလဲမှုပြုလုပ်လျက်ရှိပြီး ၂ဝ၁၆ ပညာသင်နှစ်တွင် (KG)သူငယ်တန်း၊ ၂ဝ၁၇ ခုနှစ်တွင် ပထမတန်း၊ ၂ဝ၁၈ ခုနှစ် ဒုတိယတန်း အ‌ခြေခံပညာ သင်ရိုးသစ်များကို အသစ်‌ရေးဆွဲပို့ချ‌ပေးလျက်ရှိသည်ဟု တာဝန်ရှိသူထံမှ သိရသည်။