Home သတင်း ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံရန် ဝင်လာ‌သော ဖာပွန်‌ဒေသမှ စစ်‌ရှောင် ၁၆ ဦးကို ပြန်လည်ပို့‌ဆောင်

ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံရန် ဝင်လာ‌သော ဖာပွန်‌ဒေသမှ စစ်‌ရှောင် ၁၆ ဦးကို ပြန်လည်ပို့‌ဆောင်

2297

ဧပြီ ၂၆ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံသို့ ခိုလှုံရန် ဝင်‌ရောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး၊ မူတ‌ရော်(ဖာပွန်)ခရိုင် စစ်‌ရေး တင်းမာမှုဖြစ်ပွားရာ လယ်မူပ‌လော‌ဒေသမှ စစ်‌ရှောင်ဒုက္ခသည် အိမ်‌ထောင်စု ၃ စု၊ လူဦး‌ရေ ၁၆ ဦးကို ထိုင်းအာဏာပိုင်များက ယ‌နေ့(ဧပြီ ၂၆)တွင် မြန်မာဘက်ခြမ်းသို့ ပြန်လည်ပို့ ‌ဆောင်လိုက်သည်ဟု ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်(KPSN)က ‌ကေအိုင်စီသို့ ‌ပြောသည်။

က‌လေး ၉ ဦးပါဝင်သည့် အဆိုပါ စစ်‌ရှောင်ဒုက္ခသည် အိမ်‌ထောင်စု ၃ စုသည် ဖာပွန်‌ဒေသအတွင်း စစ်‌ရေး ပဋိပက္ခ‌ကြောင့် ‌နေရပ်ရင်းကို စွန့်ခွာကာ ‌ဆွေမျိုးများ ခိုလှုံရာ ထိုင်း-မြန်မာနယ်စပ် မယ်ရာမို ဒုက္ခသည်စခန်း တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ‌ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ခိုလှုံခွင့်ရရှိရန် စခန်းတာဝန်ရှိ သူထံ အသိ‌ပေးအ ‌ကြောင်းကြားရာတွင် ထိုင်းအာဏာပိုင်များဘက်က လူသစ်များ ဝင်‌ရောက်ခိုလှုံခွင့်မ‌ပေးသည့်အ‌ပေါ် ယခုလို ‌နေရပ်ရင်းသို့ ပြန်လည်ပို့‌ဆောင်လိုက်ရခြင်းဖြစ်သည်ဟု KPSN ‌ပြောခွင့်ရသူ ‌နော်ဆာမူးက ‌ပြောသည်။

“သူတို့‌တွေ အသက်‌ဘေးအန္တရာယ် လွတ်‌မြောက်ရာ‌နေရာ ‌ဆွေမျိုး‌တွေဆီကို လာ‌ရောက်ခိုလှုံဖို့ဆိုပြီး ‌ရောက်လာ တာဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်ဘက်က လူသစ်‌တွေကို လက်မခံ‌တော့တဲ့အ‌ကြောင်း ‌ပြောလာတဲ့အတွက် သူတို့‌တွေ‌နေလို့ မရ‌တော့ဘူး‌ပေါ့‌လေ။ ဒါ‌ကြောင့် ဒီ‌နေ့ ‌နေ့လည် ‌လောက်မှာ ထိုင်းစစ် တပ်က ကား‌တွေစီစဉ်‌ပေးပြီး ပြန်ပို့လိုက်တာပါ။ အိမ်‌ထောင်စု တစ်စုကို ဘတ် ၃,ဝဝဝ စီ ‌ထောက်ပံ့‌ပေးပြီး အီတူးထာ့(စစ်‌ရှောင်စခန်း)မှာပဲ ပြန်ပို့လိုက်တာဖြစ်ပါတယ်။ ”ဟု ‌ပြောသည်။

အီတူးထာ့ ပြည်တွင်း စစ်‌ရှောင်စခန်းသည် ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ် သံလွင်မြစ် ကမ်းနံ‌ဘေး တစ်‌နေရာတွင်တည်ရှိပြီး လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်က နအဖ (နိုင်ငံ‌တော် ‌အေးချမ်း သာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး ‌ကောင်စီ) စစ်အစိုးရမှ ‌ကေအဲန်ယူ တပ်မဟာ (၂)နယ်‌မြေအား ထိုးစစ် ဆင်မှု‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် ‌တောင်ငူ‌ဒေသမှ စစ်‌ဘေး‌ရှောင်ပြည်သူများအား ခိုလှုံနိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်ရှိ လူဦး‌ရေ ၃,ဝဝဝ ခန့် ‌နေထိုင်လျက်ရှိသည်။

ယခုနှစ် မတ်လ ၄ ရက်မှစ၍ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့ နယ်ရှိ ‌ခေးပူနှင့် လယ်မူပ ‌လောကြား ကားလမ်း‌ဟောင်းအနီးတွင် နယ်‌မြေခံ ‌ကေအဲန်ယူတပ်ဖွဲ့ဝင်နှင့် အစိုးရ တပ်မတာ်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း‌ကြောင့် ကားလမ်း အနီးအနားရှိ ‌ကျေးရွာ ၁၆ ရွာမှ ‌ဒေသခံ ၂,၃ဝဝ ‌ကျော်မှာ အသက်‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး ထိုအထဲတွင် ယခု ပြန်ပို့ခံရသည့် မိသားစုဝင်များလည်း အပါအဝင်ဖြစ်သည်ဟု KPSNက ‌ပြောသည်။

အဆိုပါ ပြန်လည်ပို့‌ဆောင်မှုနှင့်ပတ်သက်၍ ကရင်ဒုက္ခသည်‌ကော်မတီ( KRC) ‌မြောက်ပိုင်းတာဝန်ခံ ‌စောတူးတူးက “ မြို့နယ်အဆင့်က‌တော့ ‌ပြောထားပြီးသားဖြစ်ပါတယ်။ လူသစ်‌တွေ ဝင်လာခွင့်မပြု‌တော့ ဘူး‌ပေါ့‌နော်။ ပြီး‌တော့ UNHCRကလည်းပဲ ဘာမှမ‌ပြောတဲ့အတွက်‌ကြောင့် ဒီအ‌ခြေအ‌နေဖြစ်စဉ် တစ်ခုအ‌ပေါ်မှာ ဒုက္ခသည်‌တွေကို လက်ခံသင့်၊ မသင့်က‌တော့ ကျ‌နော်တို့အ‌နေနဲ့က နည်းနည်း‌လေး နားစွင့်ထားဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က မဲ့သ‌ဝေါ ‌ဒေသတစ်‌လျှောက် ဖြစ်ပွားသည့် အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ် (BGF)နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA- ခွဲထွက်အဖွဲ့)တို့အကြား တိုက်ပွဲ‌ကြောင့် ရာနှင့်ချီ‌သော ‌ဒေသခံကရင်ပြည်သူများမှာ နယ်စပ် ထိုင်းဘက်ခြမ်းတွင် လအတန်ကြာ ထွက်‌ပြေးတိမ်း‌ရှောင်လာခဲ့ရာတွင် ‌ရေရှည်ခိုလှုံရန် ထိုင်းအာဏာပိုင်ဘက်က ခွင့်မပြုသဖြင့် အလားတူ ‌နေရပ်ရင်းသို့ ပြန်လည် ပို့‌ဆောင်ခဲ့ဖူးသည်ဟု သိရသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် အမှတ် (၁) ၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်း အပါအဝင် စခန်း ၉ ခုတွင် မြန်မာဒုက္ခသည် စုစု‌ပေါင်း တစ်သိန်း‌ကျော် ခိုလှုံ‌နေရဆဲဖြစ်သည်။