Home တွေ့ဆုံမေးမြန်းခန်း KOUSA ဥက္ကဌ ‌စောမူ့က‌ပေါ်နှင့် ဆက်သွယ်‌မေးမြန်းခြင်း

KOUSA ဥက္ကဌ ‌စောမူ့က‌ပေါ်နှင့် ဆက်သွယ်‌မေးမြန်းခြင်း

2743
KOUSA ဥက္ကဌ ‌စောမူ့က‌ပေါ် ( Photo_Mu Kpawsaw)

“ကရင့်သမိုင်းမှာ မှတ်တမ်းတင်‌ရေးထိုးရမယ့် လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။”

အ‌မေရိကန်ကရင်အဖွဲ့အစည်း (Karen Organization of the United States of America – KOUSA)က ဦး‌ဆောင်ကာ အ‌မေ ရိကန်နိုင်ငံ၊ ပြည်နယ် ၃ဝ‌ကျော်မှ ကရင်တိုင်းရင်းသားများ၊ က‌နေဒါ၊ ‌နော်‌ဝေနိုင်ငံများရှိ ကရင်တိုင်းရင်းသားလူမျိုး ၁ဝ,ဝဝဝခန့် သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအ‌ရေးနှင့်ပတ်သက်၍ ဝါရှင်တန်ဒီစီရှိ အ‌မေရိကန်ကွန်ဂရက်‌အောက်လွှတ်‌တော် အ‌ဆောက် အဦး‌ရှေ့တွင် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၆ရက်‌နေ့က ဆန္ဒထုတ်‌ဖော်‌တောင်းဆိုမှုများ သွား‌ရောက်ပြုလုပ်ခဲ့သည်။

ထို့အပြင် ဆန္ဒထုတ်‌ဖော်မှုအစီအစဉ်တွင် ပွဲကို ဦး‌ဆောင်သူအချို့က အ‌မေရိကန်အစိုးရ တာဝန်ရှိသူများနှင့် ကွန်ဂရက်လွှတ် ‌တော်ရုံး၌ သွား‌ရောက်‌တွေ့ဆုံခဲ့ရာ အချက် ၃ချက်ကို အ‌ခြေခံကာ ‌တောင်းဆိုခဲ့သည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။ ၎င်းဆန္ဒထုတ်‌ဖော်မှု အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ပွဲဦး‌ဆောင်သူ KOUSA ဥက္ကဌ ‌စောမူ့က‌ပေါ်အား ‌ကေအိုင်စီ-ကရင်သတင်း ဌာနက ဆက်သွယ်‌မေးမြန်းထားချက်များကို တင်ပြလိုက်ပါသည်။

ဆန္ဒထုတ်‌ဖော်မှု ဖြစ်‌ပေါ်လာပုံ

ကျ‌နော်တို့ရဲ့ ဒီဆန္ဒ ထုတ်‌ဖော်မှုက‌တော့ မြန်မာပြည်ရဲ့အ‌ခြေအ‌နေက ‌ပြောင်းလဲလာမှု မရှိဘူး။ မိခင်အစည်းအရုံး ‌ကေအဲန်ယူ လက်မှတ်ထိုးထားတဲ့ အဲန်စီ‌အေရဲ့ ၂နှစ်တာ ကာလအတွင်းမှာ ဘာမှ တိုးတက်မှုမရှိဘူး။ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုလည်း မရှိဘူး။ ‌နောက်ပြီး စစ်တပ်က တိုင်းရင်းသားလူမျိုးစု‌တွေအ‌ပေါ် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု၊ ကျူးလွန်မှု‌တွေ ‌တော်‌တော်လုပ် ‌ဆောင်‌နေပါတယ်။ ‌နောက်တစ်ခုက ရိုဟင်ဂျာဆိုတာ မြန်မာပြည်က တိုင်းရင်းသားလူမျိုးစုတစ်စု မဟုတ်‌သော်လည်းဘဲ ရခိုင် ပြည်မှာ ဖြစ်‌ပေါ်‌နေတဲ့ အခက်အခဲ ပြဿနာရပ်‌တွေဟာ စစ်တပ်က တာဝန်ရှိတယ်။ ဒီလူ‌တွေအတွက် စီစဉ်လုပ်‌ဆောင်‌ပေးဖို့ လိုအပ်တယ်။

သို့‌သော်လည်း မလုပ်‌ဆောင်‌ပေးတဲ့အပြင် ရခိုင်ပြည်နယ်မှာ ပြဿနာပိုမို ကြီးထွား‌အောင် လုပ်‌ဆောင်‌နေတယ်။ ကရင်ပြည်နယ်အတွင်းမှာလည်းပဲ DKBA(တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်)နဲ့ BGF (ကရင်နယ်ခြား ‌စောင့်တပ်)တို့ ပဋိပက္ခ ဖြစ်‌ပေါ်လာ‌အောင် ဖန်တီး‌ပေးတယ်။ အဲဒီအပြင် NCA (Nationwide Ceasefire Agreement)‌ကြောင့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်‌တွေ၊ IDP (Internally Displaced Persons)‌တွေအတွက် ‌နေရပ်ပြန်ဖို့အတွက် အခက်အခဲဖြစ်လာပါ တယ်။ အဲဒါ‌ကြောင့် ဒီစစ်အစိုးရက တိုင်းရင်းသားလူမျိုးစု‌တွေအ‌ပေါ် သ‌ဘောထားမှန်ကန်မှု ရှိမ‌နေဘူး။ တိုင်းရင်းသားလူမျိုးစု ‌တွေ စည်းလုံးညီညွတ်‌ရေးအတွက် စိတ်ဓာတ်ထားဖို့လည်း သူတို့မှ မရှိဘူး။ အဲဒါက ကျ‌နော်တို့ စုရုံးဖြစ်လာရတဲ့ လမ်း‌ကြောင်း တစ်ခု ဖြစ်ပါတယ်။

‌တောင်းဆိုချက်များ

ကျ‌နော်တို့ အ‌ခြေခံ အ‌ကြောင်းအရာ အချက်သုံးချက်ကို ချမှတ်တယ်။ (၁)တစ်ချက်က‌တော့ Ethnic Cleansing, တိုင်းရင်းသားလူမျိုးစု‌တွေအ‌ပေါ် လူမျိုးတုံးသတ်ဖြတ်မှု‌ပေါ့။ မြန်မာပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသား‌တွေအားလုံးကို ဆိုလိုပါ တယ်။ ‌နောက် (၂)တစ်ချက်က‌တော့ မြန်မာနိုင်ငံကို စီးပွား‌ရေး ပိတ်ဆို့ ဒဏ်ခတ်အ‌ရေးယူမှု‌တွေ လုပ်‌ဆောင်ဖို့ဖြစ်ပါတယ်။ ပြီး ‌တော့ မှန်ကန်တဲ့ NCA လမ်း‌ကြောင်းဖြစ်‌ပေါ်လာဖို့ ပြန်လည်ပြင်ဆင်‌ပေးဖို့ဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ အခု ချမှတ်လုပ် ‌ဆောင်‌နေတဲ့ NCA လမ်း‌ကြောင်းက ၂ဝဝ၈ အ‌ခြေခံဥပ‌ဒေအ‌ပေါ်မှာပဲ မူတည်ပါတယ်။ ၂ဝဝ၈ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဆိုတာက တိုင်းရင်းသားလူမျိုးစု‌တွေ လက်မှတ်သွားထိုးလို့ရှိရင် တစ်‌နေ့ လက်နက်ချရမှာဖြစ်ပါတယ်။ တစ်‌နေ့ ဗမာလူမျိုး‌တွေရဲ့တပည့် လုပ်ရမယ်။ ‌နောက်ဆုံးမှာ‌တော့ ဗမာလူမျိုးပဲ ကြီးစိုးမှာဖြစ်ပါတယ်။

ဘာ‌ကြောင့်လဲဆို‌တော့ အားလုံးက ၂ဝဝ၈ ဖွဲ့စည်းပုံဥပ‌ဒေထဲမှာ အကုန်ရှိပြီးသားဖြစ်ပါတယ်။ အဲဒါ‌ကြောင့် Economic Sanction, Reconstitute NCA ဆိုတာ အစိုးရက မဖြစ်မ‌နေ လုပ်‌ဆောင်ရမယ့်အရာ ဖြစ်ပါတယ်။ (၃)ချက်တစ်ချက်က‌တော့ အ‌မေရိကန်အစိုးရအ‌နေနဲ့ စစ်သင်တန်း‌ပေးမှု‌တွေကို ရပ်တန့်‌ပေးဖို့ဖြစ်‌စေ၊ သူနဲ့အတူ ပူး‌ပေါင်းလုပ်‌ဆောင်ကြတဲ့ နိုင်ငံ‌တွေအား လုံး မြန်မာနိုင်ငံနဲ့ မပတ်သက်ဖို့၊ စစ်သင်တန်း‌ပေးတာပဲဖြစ်ဖြစ်၊ လက်နက်ခဲယမ်း၊ စစ်ပစ္စည်း‌တွေ မြန်မာနိုင်ငံကို လုံးဝ ‌ရောင်းချ ‌ပေးခြင်းမလုပ်ဖို့ကို ကျ‌နော်တို့ ‌တောင်းဆိုတယ်။

အဲဒါ‌ကြောင့် မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ပူး‌ပေါင်းလုပ်‌ဆောင်တဲ့နိုင်ငံ‌တွေက‌တော့ ရုရှားဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ အိနိ္ဒယဖြစ်ဖြစ် ကျ‌နော်တို့ နာမည်‌ဖော်ပြတဲ့ အခြားနိုင်ငံ‌တွေကို အ‌ကြောင်းအရာ အချက်အလက်‌တွေကို ကျ‌နော်တို့ တင်ပြ တယ်။ တိကျခိုင်မာတဲ့ အ‌ကြောင်းအရာ‌တွေ ချန်ထား‌ပေးလိုက်တဲ့အတွက် ကျ‌နော်တို့ ကရင်လူမျိုး‌တွေအတွက် အ‌ဖြေ၊ တိုင်း ရင်းသားလူမျိုးစု‌တွေအတွက် အ‌ဖြေထွက်လာဖို့ ကျ‌နော်တို့ အမှန်တကယ် ယုံကြည်ပါတယ်။

အ‌မေရိကန် အစိုးရ၏ တုံ့ပြန်မှု

သွား‌ရောက်‌တွေ့ဆုံမှုက‌တော့ Congress Meetingကို သွား‌တွေ့တာ ၁ဝဖွဲ့ရှိတယ်။ ကျ‌နော်တို့ ကိုယ်စားလှယ် ဆယ်ဖွဲ့ ခွဲပြီး‌တော့ သွား‌တွေ့တယ်။ ပြီး‌တော့ US Senate မှာ ကျ‌နော်တို့ သုံးဖွဲ့သွားတယ်။ ‌နောက်တစ်ဆင့် Executive Meeting က‌တော့ House မှာတဖွဲ့၊ ပြီး‌တော့ Executive Senate Meeting မှာ ၂ဖွဲ့‌တွေ့တယ်။ ပြီး‌တော့ State Department မှာကျ‌တော့ တစ်ဖွဲ့သွား‌တွေ့တယ်။ ပြီး‌တော့ USAID မှာက တစ်ဖွဲ့‌တွေ့တယ်။ ကျ‌နော်တို့ အဲလိုခွဲပြီး‌တော့ သွား‌ရောက်‌တွေ့ဆုံတယ်။

ကျ‌နော်တို့ ‌ဆွေး‌နွေးတဲ့ အ‌ကြောင်းအရာ‌တွေက‌တော့ ‌စော‌စောက ကျ‌နော်‌ပြောတဲ့ အ‌ကြောင်းအရာ သုံးချက်ပဲဖြစ်တဲ့ Ethnic Cleansing, Economic and Reconstitution NCA, မြန်မာနိုင်ငံ လက်နက်ခဲယမ်းပစ္စည်း‌တွေကို ‌ရောင်းချ‌ပေးတဲ့ ကိစ္စ ‌တွေ ဖြစ်ပါတယ်။ အဲဒါ‌ကြောင့် ဒီအ‌ကြောင်း‌တွေကို သူတို့ ‌တွေ့မြင်သိရှိပြီး‌တော့ သူတို့ သိလိုက်ရတာက‌တော့ ဒီအ‌မေရိကန် ပြည်‌ထောင်စုမှာ ဒီ‌သောင်းနဲ့ချီတဲ့ ကရင်လူမျိုး‌တွေရဲ့ လာ‌ရောက် ဆန္ဒထုတ်‌ဖော်မှုရဲ့ အဓိက လိုလားချက်က‌တော့ ငြိမ်းချမ်း‌ရေး ပါပဲ။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား‌တွေအားလုံး ‌အေး‌အေးချမ်းချမ်း ‌နေထိုင်သွားနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

အဲဒါ‌ကြောင့်မို့ အ‌ကြောင်းအရာ‌တွေအားလုံးကို သူတို့ ပြန်ပြီး ဆန်းစစ်မှု‌တွေလုပ်‌ဆောင်ပြီး‌တော့ လာမယ့် ‌တွေ့ဆုံ‌ဆွေး ‌နွေးမှု အစည်းအ‌ဝေးမှာ ‌ရေးသားတင်ပြသွားမယ်။ အ‌မေရိကန်အစိုးရရဲ့ သက်ဆိုင်ရာ ဆုံးဖြတ်ချက် အဆင့်ဆင့်တိုင်းမှာ သွားဖို့ ဖြစ်ပါတယ်။ ကျ‌နော်တို့အတွက်‌ကော၊ သူတို့အတွက်ပါ အ‌ရေးကြီးဆုံးတစ်ခုက‌တော့ ကျ‌နော်တို့အချင်းချင်း ဆက်သွယ်မှု လုပ် ‌ဆောင်ကြမယ်။ Lead Behind Letters လို့‌ခေါ်တယ်။ ဒါကို ခင်ဗျားတို့ ပြီး‌အောင်လုပ်‌ဆောင်ရမယ်။ ဒီအချိန်မှာ ဒါကိုလုပ် ‌ဆောင်ရမယ်။ ဒါ‌တွေကို ကျ‌နော်တို့ ‌သေ‌သေချာချာကို ‌ရေးဆွဲထား‌ပေးတယ်။ Lead Behind Letters ‌တွေက‌တော့ အင်မတန် ‌ကောင်းပါတယ်။ House Congressional အဆင့်မှာ ကျ‌နော်တို့ ဘယ်လိုအ‌ကြောင်းအရာ‌တွေ‌ပေးလဲ၊ Senate အဆင့်မှာ ကျ‌နော်တို့ ဘယ်အ‌ကြောင်းအရာ‌တွေ‌ပေးသလဲ။ ပြီး‌တော့ State Department အဆင့်မှာလည်းပဲ ဘယ်လို အ‌ကြောင်းအရာ ‌တွေ ‌ပေးခဲ့သလဲ။ သူတို့ ဒါ‌တွေကို ‌တွေ့မြင်ရတဲ့အခါမှာ ‌ဪ.. ခင်ဗျားလာ‌ရောက် ‌ဖော်ပြတဲ့ အ‌ကြောင်းအရာ‌တွေဟာ မြန်မာ ပြည်မှာ အမှန်တကယ် ဖြစ်ပျက်‌နေတဲ့ အ‌ကြောင်းအရာ‌တွေပဲ ဖြစ်ပါတယ်ဆိုတာ သိရှိလာမယ်။

ဒါ‌တွေဟာ ကျ‌နော်တို့ပြည်သူ‌တွေအတွက် စိတ်ဓာတ်ခွန်အားတစ်ရပ်ဖြစ်‌စေသလို ကျ‌နော်တို့အတွက်လည်း စိတ်ဓာတ် ခွန်အား ဖြစ်‌စေပါတယ်။ ဒီ နိုဝင်ဘာ ၆ရက်‌နေ့မှာလုပ်တဲ့ ကျ‌နော်တို့ရဲ့ လှုပ်ရှားမှုအစီအစဉ်က ဗမာပြည်အတွင်း ကြီးမားတဲ့ အ‌ပြောင်းအလဲတစ်ခုဖြစ်‌စေမယ်လို့ ကျ‌နော်တို့ ယုံကြည်တယ်။ ကျ‌နော်တု့ိ ပြည်သူ‌တွေအတွက် အကျိုး‌ကျေးဇူးဖြစ်‌စေမှာ ဖြစ်ပါ တယ်။ ပြီး‌တော့ တိုင်းရင်းသားလူမျိုးစု‌တွေအားလုံးအတွက် အကျိုး‌ကျေးဇူး‌တွေ သယ်‌ဆောင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆန္ဒထုတ်‌ဖော်မှုတွင် ကရင်ပြည်သူများ ပူး‌ပေါင်းပါဝင်မှု

ဒီနိုဝင်ဘာလ ၆ရက်‌နေ့ ဆန္ဒထုတ်‌ဖော်မှုက ကျ‌နော်တို့ KOUSA ရဲ့ ဦး‌ဆောင်မှုနဲ့ သွားတာဖြစ်ပါတယ်။ ‌နောက်ပြီး ကျ‌နော်တို့ KOUSA ရဲ့ အကြံ‌ပေးပုဂ္ဂိုလ်‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်တယ်။ ဒီပွဲကိုလာကြတဲ့ ကရင်လူမျိုး‌တွေကို ကျ‌နော်တို့ ‌ပြော တယ်။ ဒီ‌နေ့က အ‌ရေးကြီးတဲ့‌နေ့တစ်‌နေ့ဖြစ်ပါတယ်။ ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်သွားကြရမယ့် ‌နေ့တစ်‌နေ့ဖြစ်ပါတယ်။ အမျိုးသား‌ရေးနဲ့ပတ်သက်ပြီး ကျ‌နော်တို့ ကရင်လူမျိုး‌တွေက စိတ်အားထက်သန်မှုကြတယ်။ ကျ‌နော်တို့ ဆန္ဒထုတ်‌ဖော်မယ်လို့ ‌ပြောလိုက်တဲ့အခါကမှ သူတို့က ကျ‌နော်တို့ကို ဆက်သွယ်လာတယ်။ ကျ‌နော်တို့က‌တော့ သူတို့ကို လုပ်မယ့်‌နေရာ၊ သွားရမယ့် လမ်း‌ကြောင်း‌တွေကို ‌ပြောပြတယ်။ အချိန်ကျ‌ရောက်တာနဲ့ ကျ‌နော်တို့ကရင်ပြည်သူ‌တွေ အများအပြား လာ‌ရောက်စုရုံးကြတယ်။ သူတို့‌နေထိုင်တဲ့ ပြည်နယ်အားလုံးက လာကြတယ်လို့ ‌ပြောလို့ရတယ်။ အခု အ‌မေရိကန်မှာ ကရင်လူမျိုး‌တွေ ‌ရောက်ရှိ‌နေထိုင် တာ ၇‌သောင်းခန့်ရှိတယ်လို့ ‌ပြောနိုင်တယ်။

ဒီအ‌ခြေအ‌နေမှာ ကျ‌နော်တို့ လူအုပ်စု နှစ်စုခွဲတယ်။ အရမ်း‌ဝေးလို့ မလာ‌ရောက်နိုင်တဲ့သူ‌တွေအတွက် Lincold Nebraska မှာဆိုရင် လူ ၂ဝဝဝ‌ကျော်‌လောက် စုရုံးခဲ့ကြတယ်။ US Capital မှာကျ‌တော့ တစ်‌သောင်းနီးပါး‌လောက်ရှိတယ်။ ဒီပွဲ ‌ရောက်လာတဲ့သူ‌တွေက ကိုယ်ပုိုင်ကား၊ ဘတ်စ်ကား၊ ဘတ်စ်ကားကြီး‌တွေ ငှားပြီးလာရတာ ‌ငွေ‌သောင်းချီ(‌ဒေါ်လာ)ကုန်‌ပေမယ့် သူတို့ ဘာမှမ‌ပြောကြဘူး။ အ‌ကြောင်းက မျိုးချစ်စိတ်ဓာတ်ဖြစ်ပါတယ်။ ‌နောက်ပြီး အမျိုးသားအခွင့်အ‌ရေးကို ‌သွေး‌မြေမကျတဲ့ နည်းလမ်းနဲ့တိုက်ကြတယ်။ ဒီဆန္ဒထုတ်‌ဖော်မှုက မြန်မာပြည်ထဲမှာ “‌ပြောဖို့လည်း ပါးစပ်မဟရဲဘူး။ ငို‌ကြွေးချင်‌ပေမယ့်လည်း မျက်ရည်မရှိ‌တော့ဘူး။ ခို‌အောင်းဖို့လည်း ‌နေရာမရှိ‌တော့ဘူး˝ ဖြစ်‌နေကြတဲ့ ကျ‌နော်တို့ပြည်သူ‌တွေကိုယ်စား အ‌မေရိ ကန်နိုင်ငံမှာရှိတဲ့ ကျ‌နော်တို့ကရင်လူမျိုး‌တွေက ဆန္ဒထုတ်‌ဖော်‌ပေးခြင်းပဲ ဖြစ်ပါတယ်။

ကရင်လူမျိုးများအတွက် သမိုင်းသစ် ‌ရေးထိုးခြင်း

အရင်‌ခေတ် အချိန်အခါတုန်းကဖြစ်‌စေ၊ အခုအချိန်အခါမျိုးမှာဖြစ်‌စေ၊ ဒီလို အ‌မေရိကန်နိုင်ငံ၊ Capital မှာ ဒီ‌လောက် လူဦး‌ရေ အ‌မြောက်အများနဲ့ သွား‌ရောက်ဆန္ဒ‌ဖော်ထုတ်နိုင်တာ ဒါက ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ကျ‌နော်တို့တိုင်းပြည်မှာ ‌နေလို့ရှိရင် ဒီအ‌မေရိကန်နိုင်ငံကို လာ‌ရောက်ပြီး ဆန္ဒထုတ်‌ဖော်မှုပြီး ကရင့်အ‌ရေး လာ‌ပြောဖို့ ကျ‌နော်တို့မှာ အခွင့်အ‌ရေးရှိမှာ မဟုတ်ပါဘူး။ ဒီလို ကျ‌နော်တို့ ကရင်လူမျိုး‌တွေအ‌မြောက်အများ ဆန္ဒထုတ်‌ဖော်နိုင်တာက ကျ‌နော်တို့ ကရင်ပြည်သူ‌တွေ ဝမ်းသာအားရတဲ့အပြင် ကျ‌နော်တို့ ဘဝတူတုိုင်းရင်းသား‌တွေ အ‌ခြေအ‌နေအားလုံးကို ထင်ဟပ်‌စေတဲ့အတွက်‌ကြောင့် ဝမ်းသာ ကြိုဆိုလိမ့်လို့ ယုံကြည်ပါတယ်။

ဘာ‌ကြောင့်လဲဆို‌တော့ ဒါက ပထမအကြိမ် ကရင်လူမျိုး‌တွေ အ‌မြောက်အများစု‌ပေါင်းပြီး‌တော့ ဒီအ‌မေရိကန် Capital ‌ရှေ့‌မှောက်မှာ ‌ဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ ကျ‌နော်တို့ အားရပါးရ ထုတ်‌ပြောခွင့်ရတဲ့ ‌နေ့တစ်‌နေ့ဖြစ်ပါတယ်။ အသံကျယ် ကျယ်‌လောင်‌လောင်ကြီး‌အောက်မှာ ကျ‌နော်တို့ ကရင်လူမျိုး‌တွေငြိမ်သက်စွာ နား‌ထောင်‌နေကြတယ်။ ကျ‌နော်တို့ အ‌မေရိကန် အစိုးရတာဝန်ရှိသူ‌တွေနဲ့ သွား‌ရောက်‌တွေ့ဆုံတဲ့အခါ တာဝန်ရှိသူက ‌ပြောတယ်။ ခင်ဗျားတို့ ကရင်ပြည်သူ‌တွေက ဆန္ဒထုတ်‌ဖော် မှုက အရမ်းကို ငြိမ်သက်ပါတယ်။ ကျ‌နော်တို့ ဆန္ဒထုတ်‌ဖော်မှုက Demonstrate(ဆန္ဒပြ)လုပ်တာ မဟုတ်ပါဘူး။ We Support the US Government ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအ‌ပေါ် ထိ‌ရောက်စွာ အ‌ရေးယူနိုင်ဖို့ အ‌မေရိကန်အစိုးရကို သွား‌ရောက်တိုက် တွန်း‌ပေးတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒါက‌တော့ ကရင့်သမိုင်းမှာ မှတ်တမ်းတင်‌ရေးထိုးရမယ့် လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

စစ်မှန်သည့် အ‌ပြောင်းအလဲ ဖြစ်‌ပေါ်လာရန်

အခုအချိန်မျိုးမှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အ‌ပြောင်းအလဲ ဖြစ်လာဖို့အတွက်က‌တော့ ဒီမြန်မာနိုင်ငံရဲ့ နိုင်ငံ‌ရေးအ‌ခြေ အ‌နေကို ပြန်လည်ဆန်းစစ်ဖို့က စစ်အစိုးရပဲဖြစ်ဖြစ်၊ အခု အာဏာရယူထားတဲ့ NLD အစိုးရမှာလည်း တာဝန်ရှိတယ်။ ပြီး‌တော့ မြန်မာပြည်ရဲ့ ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းကို ‌ဆောင်ကြဉ်း‌ပေးနိုင်ဖို့အတွက်က NCA လမ်း‌ကြောင်းကို ပြန်လည်ပြုပြင်ဖို့ လိုအပ်ပါ တယ်။ ဒါကိုပဲ အဓိက လုပ်‌ဆောင်ရမှာဖြစ်ပါတယ်။ ဒါကို မပြုပြင်ဘဲနဲ့ တိုင်းရင်းသား‌တွေက ၂၁ပင်လုံ အစည်းအ‌ဝေးကို ၃ကြိမ်၊ ၄ကြိမ်မက အကြိမ် ၁ဝအထိ ကျင်းပ‌ပေမယ့်လည်း ငြိမ်းချမ်း‌ရေး ရရှိမှာမဟုုတ်‌သေးဘူး။ အ‌ကြောင်းက‌တော့ ဒီဟာ‌တွေအားလုံး က ၂ဝဝ၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ‌အောက်ကိုပဲ ပြန်သွားကြတာဖြစ်တဲ့အတွက် ကျ‌နော်တို့ တိုင်းရင်းသား‌တွေအဖို့ ‌မျှော်လင့် ချက်ရှိမှာ မဟုတ်ပါဘူး။

အဲဒီအပြင် ကျ‌နော်တို့ ကရင်လူမျိုး‌တွေပဲဖြစ်ဖြစ်၊ အခြားတိုင်းရင်းသားလူမျိုးစု‌တွေပဲဖြစ်ဖြစ် သူတို့ရဲ့‌မြေယာ‌တွေဟာ သူတို့ရဲ့ ‌မွေးရာပါ အ‌မွေအနှစ်‌တွေပဲ ဖြစ်တဲ့အတွက်‌ကြောင့် ‌အေး‌အေးချမ်းချမ်း၊ ‌ပျော်‌ပျော်ရွှင်ရွှင်၊ ‌ကျေ‌ကျေနပ်နပ်နဲ့ပဲ ‌နေသွားရ မှာ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် ဒီစစ်အစိုးရက ဒါ‌တွေကို လိမ်လည်လှည့်ဖြားတယ်။ တိုင်းရင်းသားနယ်‌မြေ‌တွေကို ရယူချင်တယ်။ နည်းလမ်း‌ပေါင်းစုံ ကြံဖန်ရယူတယ်။ အခုအချိန်မျိုးမှာ ကျ‌နော်တို့ ကရင်လူမျိုး‌တွေကို NCA လမ်း‌ကြောင်းနဲ့ ဆွဲ‌ဆောင်တယ်။ ဆွဲလို့မရတဲ့ အခြားတိုင်းရင်းသား‌တွေကို သွားပြီးတိုက်တယ်။ ပြဿနာ‌တွေကို တကွက်ပြီးတကွက် ဆူပူ‌အောင်ဖန်တီးတယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့က အ‌မေရိကန်အစိုးရကို ဒီလို ‌ပြောပြတယ်။

ဒီ မြန်မာစစ်အစိုးရက ငြိမ်းချမ်း‌ရေးကို တကယ်လိုလားတာ မဟုတ်ဘူး။ လုံးဝ မလိုလားဘူး။ သူတို့စစ်အုပ်စု အာဏာ တည်မြဲဖို့အတွက်၊ အာဏာပါဝါ‌တွေကို အသုံးပြုနိုင်ဖို့အတွက် သူတို့ရဲ့ အစီအစဉ်‌တွေကို နည်းလမ်း‌ပေါင်းစုံ ‌ပြောင်းသုံးလိုက် တာ ဖြစ်ပါတယ်။ အဲဒါ‌ကြောင့် ဒီလမ်း‌ကြောင်း‌တွေကို အ‌မေရိကန်အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံတကာ‌ခေါင်း‌ဆောင်‌တွေပဲဖြစ်ဖြစ် သတိ ပြုပြီး‌တော့ မြန်မာစစ်အစိုးရအ‌ပေါ် ထိ‌ရောက်စွာ အ‌ရေးယူ‌ပေးရမှာဖြစ်ပါတယ်။

နိဂုံးစကား

အခက်အခဲ အမျိုးမျိုးကြားက လာ‌ရောက်ပူး‌ပေါင်းကြတဲ့ ကျ‌နော်တို့ ကရင်ပြည်သူ‌တွေအားလုံးကို ‌ကျေးဇူးတင်တယ်။ ကရင်လူမျိုး‌တွေဟာ ကိုယ့်ရဲ့အမျိုးသား‌ရေးဆို အားလုံး စိတ်အားထက်သန်ကြတယ်။ ဒါ‌ကြောင့် ဒီအစီအစဉ်က ကျ‌နော်တို့ ကရင်လူမျိုး‌တွေဟာ ကိုယ့်လူမျိုးကို ဘယ်‌လောက်ချစ်သလဲ၊ ငြိမ်းချမ်း‌ရေးကို ဘယ်‌လောက်မြတ်နိုးသလဲဆိုတာ လာ‌ရောက် ‌ဖော်ထုတ်တဲ့ ပွဲဖြစ်ပါတယ်။ ဒါ‌တွေက မြန်မာအစိုးရ သိဖို့လိုအပ်တယ်။ အဲဒီအပြင် ဒီဆန္ဒထုတ်‌ဖော်မှု အစီအစဉ်မှာ က‌နေဒါနိုင်ငံ ‌ရောက် ကရင်လူမျိုး‌တွေရဲ့ကိုယ်စားလှယ်‌ရောက်လာတယ်။ ‌နော်‌ဝေလည်း လာ‌ရောက်ပါဝင်တယ်။ အချို့က နာရီ‌ပေါင်း ၂ဝ ‌ကျော်‌လောက် ကား‌မောင်းပြီးလာရတယ်။ ‌လေယာဉ်နဲ့လာရတယ်။ သူတို့အလုုပ်ကို ပစ်ထားပြီး‌တော့ ဒီပွဲကိုဖြစ်‌အောင်လာ ‌ရောက်ပူး‌ပေါင်းကြတယ်။ ဒါ‌ကြောင့် ကျ‌နော်‌ပြောချင်တာ ပြည်တွင်းမှာ‌နေတဲ့ ကျ‌နော်တို့ကရင်လူမျိုး‌တွေအ‌နေနဲ့ ဒီနိုင်ငံတကာ ‌ရောက်ရှိ‌နေကြတဲ့ ကရင်လူမျိုး‌တွေဟာ ခင်ဗျားတို့ကို ဘယ်‌တော့မှမ‌မေ့ဘူး၊ ပစ်မထားပါဘူးဆိုတာပါပဲ။ ကျ‌နော်တို့အချင်းချင်း ချစ်ခင်ကြတယ်။ တစ်‌ယောက်သတင်းတစ်‌ယောက် အမြဲတမ်း နား‌ထောင်တယ်။ ကျ‌နော်တို့ တတ်နိုင်တဲ့ဘက်က ကြိုးပမ်း လုပ်‌ဆောင်သွားမယ်လို့ ‌ပြောချင်တယ်။

“ပြည်တွင်းမှာ‌နေတဲ့ ကျ‌နော်တို့ကရင်လူမျိုး‌တွေအ‌နေနဲ့ ဒီနိုင်ငံတကာ‌ရောက်ရှိ‌နေကြတဲ့ ကရင်လူမျိုး‌တွေဟာ
ခင်ဗျားတို့ကို ဘယ်‌တော့မှမ‌မေ့ဘူး၊ ပစ်မထားပါဘူးဆိုတာပါပဲ …”