နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
ဝါရှင်တန်မြို့တော်တွင် နိုဝင်ဘာလ ၆ရက်နေ့က (Karen Day)ကျင်းပခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံရှိ မြန်မာသံရုုံး၏ ထုတ်ပြန်ချက်အပေါ် လက်မခံကြောင်း ၎င်းပွဲကိုဦးဆောင်ခဲ့သော အမေရိကန်ကရင်အဖွဲ့အစည်း-KOUSA(Karen Organization of the United States of America)မှ တုံ့ပြန်ပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၇ရက်နေ့က ထုတ်ပြန်ခဲ့သော မြန်မာသံရုံး၏ ထုတ်ပြန်ချက်မှာ မြန်မာအစိုးရမှ ဆယ်စုနှစ်ပေါင်း များစွာ သုံးစွဲခဲ့သော မဟာဗျူဟာအရ ဝါဒဖြန့်မှုတစ်ခုသာဖြစ်ကြောင်း KOUSA က နိုဝင်ဘာလ ၉ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ပြောဆို လိုက်ခြင်းဖြစ်သည်။
အမေရိကန်ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ (KOUSA)၏ ပြောကြားချက်များသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အပြင် တိုင်းပြည်၏ ဒီမိုကရေစီဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးကို ထောက်ခံ အားပေးသော ပြည်တွင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကရင်တိုင်းရင်းသားများကို ကိုယ်စားပြုခြင်း မရှိပါကြောင်း ဆိုသည့်အချက် ပါဝင်သည်။
ထိုအချက်နှင့်ပတ်သက်၍ KOUSA ဥက္ကဌ စောမုကပေါ်က ကရင်လူမျိုးများအပြင် ဘဝတူ တိုင်းရင်းသားလူမျိုးစုများ ကြုံတွေ့ ခံစားနေရခြင်းကို စာနာထင်ဟပ်စေသည့်အတွက် အမေရိကန်အစိုးရအား တောင်းဆိုထားခြင်းသည် မြန်မာနိုင်ငံ၏ ပကတိအ ခြေအနေမှန်ကို ဖော်ပြရုံသာမက ဒီမိုကရေစီဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးအတွက်ပါ အကျုံးဝင်သောကြောင့် အားလုံးက ထောက်ခံ ကြိုဆိုလိမ့်မည်ဟု ယုံကြည်ကြောင်း ကေအိုင်စီသို့ ပြောသည်။
“မြန်မာနိုင်ငံရဲ့ ဒီလောက်ဆိုးဝါးလွန်းနေတဲ့ အခြေအနေကို သိသိကြီးနဲ့ ငါ့နိုင်ငံ ဘာမှမဖြစ်ပါဘူးဆိုတဲ့ ထုတ်ပြန်ချက်ထုတ်ရဲတာ ကလေးကလား တအားဆန်တယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး လာအခြေစိုက်ထားတဲ့ သံရုံးက ပြည်သူအတွက် ပကတိ အခြေအနေတွေကို massage (အသိ)ပေးရမယ့်အစား မှားယွင်းတဲ့ massage တွေပေးနေတာဟာ နိုင်ငံတကာရှေ့မှောက်မှာ လိုက်လိမ်စားနေတဲ့ လုပ်ရပ်ဖြစ်တယ်။˝ဟု စောမုကပေါ်က ပြောသည်။

လက်ရှိမြန်မာ့နိုင်ငံရေး၏ ပကတိအခြေအနေနှင့် နောင်ဖြစ်လာမည့် အခြေအနေကို မိမိတို့သိရှိသကဲ့သို့ မြန်မာအစိုးရများက ပို၍ ပင် သိရှိသော်လည်း ဖုံးကွယ်ထားရန်မသင့်ကြောင်း လက်ရှိအချိန်ထိ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များ ရှိနေဆဲဖြစ်ကြောင်း စောမုကပေါ်မှ ဆက်ပြောသည်။
KOUSA ၏ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်သည် မြန်မာသံရုံးနှင့် ရဲများအပေါ် ထိန်းချုပ်ထားဆဲဖြစ်ပြီး လတ်တလောဖြစ် ပျက်ခဲ့သည့် အစိုးရမှ လုပ်ဆောင်မည့် ကျောက်မီးသွေး စီမံကိန်းအားဆန့်ကျင်သော ဒေသခံပြည်သူများကို မြန်မာရဲတပ်ဖွဲ့က ပစ်မှတ်ထားနေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာတပ်မတော်သည် တိုင်းရင်းသားများ၏ နယ်မြေ၊ ယဉ်ကျေးမှု၊ ဘာသာစကား နှင့် ဂုဏ်သိက္ခာများအပေါ်တွင် ပျောက်ပျက်အောင် မည်မျှလုပ်ဆောင်နေခဲ့သည်ကို သိနိုင်သည်ဟူ၍ ပါရှိသည်။
သို့သော် မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုုင်ငံရှိ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွှတ်မှုကို ပျက်ပြားစေ မည့် လုပ်ရပ်မှန်သမျှကို စုပေါင်း ဆန့်ကျင်ကြပါရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြပါရန် မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှုကို ထောက်ခံအားပေးသော အမေရိကန်ပြည်ထောင်စုရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား တိုက်တွန်းအပ်ပါသည်”ဟူ၍လည်း ထည့်သွင်းဖော်ပြထားသည်။
နိုဝင်ဘာလ ၆ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ အမေရိကန်ကွန်ဂရက် အောက်လွှတ်တော် အဆောက်အဦးရှေ့တွင် အမေရိကန်နိုင်ငံ၊ ပြည်နယ် ၃ဝကျော်မှ ကရင်တိုင်းရင်းသားများ၊ ကနေဒါနိုင်ငံရှိ ကရင်တိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံ ဖွား အခြားတိုင်းရင်းသားလူမျိုးစုများ စုစုပေါင်း တစ်သောင်းခန့်က တိုင်းရင်းသားများအတွက် အမေရိကန်အစိုးရထံ တောင်းဆို ခဲ့ကြသည်။
၎င်းအချက်များမှာ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးစုများအား လူမျိုးတုံး သတ်ဖြတ်မှု လုပ်ဆောင်နေခြင်းအား ရပ် တန့်ပေးရန်၊ စစ်မှန်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)နှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် စီးပွားရေး ဒဏ်ခတ် အရေးယူမှုကို ပြန်လည်လုပ်ဆောင်ရန်နှင့် တပ်မတော်အား လက်နက်နှင့် စစ်ပစ္စည်းအသုံးအဆောင်များ ရောင်းချပေး နေခြင်းကို ရပ်တန့်ပေးရန်တို့ကို အခြေခံ၍ ပိုစတာများ ကိုင်ဆောင်ကာ အမေရိကန်အစိုးရကို တောင်းဆိုသွားခဲ့ခြင်းဖြစ်သည်။



















