နိုဝင်ဘာ ၇ ရက်၊ ၂၀၁၇ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်လူငယ်အစည်းအရုံး(KYO) နှင့် ကရင်လူငယ်ကွန်ရက် KYN တို့ ဦးဆောင်ပြီး တိုင်းဒေသအသီးသီး ရှိ ကရင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် နိုဝင်ဘာလ ၅ ရက်မှ ၆ရက်အထိ နှစ်ရက်တာပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို ဒေသအသီးသီးရှိ ကရင်လူငယ်များ ချိတ်ဆက်မှုရရှိရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များ ပါဝင်နိုင်ရေးနှင့် လူငယ်နှီးနှောဖလှယ်ပွဲ တစ်ရပ်ဖြစ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များနှင့် ပြုလုပ်ကျင်းပခြင်း ဖြစ်သည်ဟု ကရင်လူငယ်အစည်းအရုံး (KYO) ဗဟို ဥက္ကဌ စောလယ်နယ်က ပြောသည်။
၎င်းက“အရင်တုန်းက ချမှတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေ ရှေ့ဆက်ပူးပေါင်း လုပ်ငန်းတွေကို ပူးပေါင်း တိုင်ပင်ဆွေး နွေးပြီး ရင်းနှီးမှုပိုရှိလာအောင်လုပ်ပါမယ် ။ ရှေ့ဆက်အမျိုးသားရေးလုပ်ငန်းတွေကို ဦး ဆောင်နိုင်ဖို့ပြီးတော့ ကရင်လူငယ် နှီးနှောဖလှယ်ပွဲဖြစ်မြောက်ဖို့အတွက် ဒီမှာဆွေးနွေး သွားကြမှာဖြစ်ပါတယ်”ဟု ပြောသည်။
နှစ်ရက်တာပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲအရ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များ မည်သို့ပါဝင်သင့်ကြောင်းနှင့် ကရင်အမျိုးသားရေးတာဝန်ကို ကရင်လူငယ်များ မည်သို့ပါဝင်ရမည်ကို ဆွေးနွေးသွားသည့်အပြင် လက် ရှိငြိမ်း ချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲအခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ကရင်လူငယ်များအနေဖြင့် နေရာဒေသစုံတွင် ရှိနေသည့်အတွက် ယခင်က ချိတ်ဆက်မှုအခက် အခဲများရှိခဲ့သော်လည်း ယခု NCA လက်မှတ်ထိုးပြီး အစိုးရမှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ အား ပယ်ဖျက်လိုက်ပြီဖြစ်သည့်အတွက် ကရင်လူငယ်များအကြား ပွင့်လင်းစွာ ချိတ်ဆက်သွားရန် လိုအပ်သလို လက်ရှိ ကရင်လူငယ်များတက်ကြွစွာပါဝင်မှုမှာ အားတက်စရာဖြစ်ကြောင်းလည်း ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးမှ ပြောဆိုဆွေးနွေး သွားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်သည့် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က“ နိုင်ငံရေးဆွေးနွေးပွဲကို ကရင်တွေက ပထမဦးဆုံးအကြိမ်ကျင်းပနို်င်တာဖြစ်တယ် ။ အားလည်းအားရတယ်။ ပြန်ကြည့် လိုက်မယ်ဆိုရင် ကရင်လူငယ် အင်အားအများကြီးပါတယ်။ ကရင့်တော်လှန်ရေးက အခု ကရင်လူငယ်လက်ထဲမှာပဲရှိတယ်”ဟု ပြောဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်း ဧရာဝတီတိုင်းနှင့် နယ်စပ်ဒေသရှိ လူငယ်ခေါင်းဆောင်များတက်ရောက်ကာ တက်ရောက်သူ ၁၀ဝ ကျော်ရှိ သည်ဟု သိရသည်။



















