(မောင်ကျော်စွာ)
(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်)
“မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရတယ်”ဆိုတာ ကျနော်တို့ တိုင်းပြည်နဲ့လူထုအဖို့ ဘာမှ မဆန်းကျယ်တဲ့သတင်း ဖြစ် နေပါပြီ။ မူးယစ်ဆေးဝါးမိတယ်ဆိုရင် ဒါပိုင်ရှင်မဲ့ပဲဆိုတဲ့ လှောင်ပြောင်ပျက်လုံးကို ပြည်သူတွေက ထုတ်နေကြပြီမဟုတ်ပါလား။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်လေဆိပ်မှာ “ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါတွေဆီကနေ ပစ္စတိုတွေ နဲ့ မူးယစ်ဆေးဝါးဖမ်းမိတဲ့ သတင်း”ကတော့ တိုင်းပြည်နဲ့ လူထုအဖို့ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖြစ်သွားပါတယ်။
နေပြည်တော်၊ ရန်ကုန် စသဖြင့် မီးခိုးကြွက်လျှောက် လိုက်လံစစ်ဆေးဖော်ထုတ် ဖမ်းဆီးလိုက်တော့ သေနတ်တွေက တစ်လက် နှစ်လက်မဟုတ်၊ အတို/အရှည် အလက် ၂၀ကျော်။ မီးကြိုးမောင်းပျက် မဟုတ်၊ ခေတ်မီလက်နက်အသစ်စက်စက်တွေ ဖြစ်နေ ပါတယ်။ သေနတ်တွေတင်မဟုတ် ဆက်သွယ်ရေး စက်က ၃၄လုံး၊ ဒရုန်း (Drone) ဆိုတာက ၇စင်း။ အမှုနဲ့ပတ်သက်နေသူ ၁၂ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
(ARSA) အကြမ်းဖက်သမားတွေဆီကတောင် ဒီလိုခေတ်မီလက်နက်မျိုး၊ ဆက်သွယ်ရေးစက်မျိုးတွေ ဖမ်းမိတယ်လို့ မကြားမိ၊ မတွေ့မိပါဘူး။ အကြမ်းဖက်သမားတွေထဲတော့ (ARSA)က မျက်နှာမွဲအကြမ်းဖက်သမားထင်ပါတယ်။ ချောက်တီးချောက်ချက် လုပ်သေနတ်လေးတွေရယ်၊ ဘုရားစူးလက်လုပ်ဗုံးနဲ့မိုင်းဆိုတာရယ်။ ဓားမတို၊ ဓားရှည်တချို့ရယ်၊ မှိန်းရယ်လှံရယ်၊ လောက် လေးခွရယ်။ ဒီလိုအမျိုးအစားတွေ ပြောနိုင်တာက အစိုးရသတင်းစာထဲမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံတွေကိုကြည့်ရလို့ပါ။
စစ်တပ်နဲ့ရဲက “ဂျင်ဂလိနဲ့လောက်လေးခွ” ကို လက်နက်စာရင်းသွင်းထားတာပါ။ အခုလို နေပြည်တော်လေဆိပ်မှာ ပစ္စတိုသေ နတ်တွေနဲ့ မူးယစ်ဆေးဝါး ဟိုးလေးတကျော်မိတော့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးက ဖြေပုံက သင်းပါတယ်။
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆောင်ထားတဲ့ အတိုလေးတွေပါတဲ့။ အခုတော့ အတိုရော၊ အရှည်ရော၊ ဆက်သွယ်ရေးစက်ရော၊ ဒရုန်းရောမိတော့ ဒီရဲမှူးကြီး ဘယ့်နှယ့် ထပ်ပြောအုံးမယ် မသိပါဘူး။
စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းဖူးတဲ့ ကျနော်တို့တိုင်းပြည်နဲ့လူထုဟာ သေနတ်နဲ့ မစိမ်းပါဘူး။ “တော်မီဂန်းတွေ၊ ဘရင်းတွေ၊ စတင်းတွေ၊ ကာဘိုင်တွေ၊ မော်တာတွေ၊ စိန်ပြောင်းတွေ၊ ရန်ပုံခွင်းတွေ” စတဲ့ သေနတ်နာမည်တွေနဲ့ အင်မတန်ရင်းနှီးပါတယ်။ တောင်ပေါ်သားတွေက မြေပြန့်သားတွေထက် သေနတ်နဲ့ပိုပြီး ရင်းနှီးပါတယ်။ ဘဝပေးအနေအထားကိုက သေနတ်နဲ့ရင်းနှီးဖို့ ဖန်တီးထားတာပါ။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ကယား(ကရင်နီ)၊ ကယန်း၊ ပအိုဝ်း၊ ရှမ်းတောင်ပေါ်ရွာတွေကို သွားကြည့်ပါ အိမ်တိုင်းနီးပါးမှာ “တူမီးသေနတ်”ကို တခမ်းတနား ချိတ်ဆွဲထားတာတွေ့ရပါလိမ့်မယ်။ သေနတ်ဟာ သူတို့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ် ခုလို့ပြောရင် အပြောလွန်ရာကျလိမ့်မယ်လို့ မထင်ပါဘူး။
စစ်တပ်ကတော့ ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်နေ့ အာဏာသိမ်းလိုက်တော့ “သေနတ်” (ဂျီသရီး – ဂျီဖိုးအကြောင်း) တောရော မြို့ ပါ ရေရေလည်လည် သိကုန်ပါတယ်။ ၁၉၆၂ခုနှစ်၊ “၇ရက်ဇူလိုင်” မှာ တက္ကသိုလ်ကျောင်းသားတွေကို ပွဲဦးထွက် ပစ်ခတ်သတ် ဖြတ်ပြလိုက်တာ အဲဒီ “ဂျီသရီး – ဂျီဖိုးတွေ”ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် (တကသ) အဆောက်အအုံကို အာဏာသိမ်းစစ်တပ်က ဖြို ချပစ်လိုက်တော့ “ဒိုင်းနမိုက်နဲ့ ရီကွိုင်းလက်ဂန်း” ဆိုတာကလည်း ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့အသဲမှာ အခဲမကြေစရာ နာကျည်းစရာ စကားလုံးဖြစ်လာခဲ့ပါတယ်။
“သေနတ်”နဲ့ ပတ်သက်ပြီး တောရောမြို့ပါ ပြည်သူတွေ သိတဲ့အသိက ဒီသေနတ်ကို “ဘယ်နိုင်ငံ”က ထုတ်လုပ်တယ်။ “တစ်တောင့်ချင်းရော အတွဲလိုက်ပါ” ပစ်ခတ်နိုင်တယ်၊ “ပြောင်းထွက်ရှိန်”ဘယ်လောက်ရှိတယ်၊ “ဘယ်လောက်အကွာအဝေး” ကို ထိရောက်စွာ ပစ်ခတ်နိုင်တယ်ဆိုတဲ့ အချက်အလက်ဆန်ဆန်အသိမျိုး မဟုတ်ပါဘူး။
ပြည်သူတွေသိတဲ့ အသိက “သေနတ်နဲ့အကြမ်းဖက်ဖိနှိပ်တာကို သေနတ်စွဲကို်င်ပြီး ခုခံတော်လှန်တာဟာ တရားမျှတပြီး၊ ထာ ဝစဉ် မှန်ကန်တယ်ဆိုတဲ့ အသိတရား” ဖြစ်ပါတယ်။
“ဒီအသိ၊ ဒီတရား”ကို ပြည်သူတွေဟာ သူတို့လက်တွေ့ဘဝဖြတ်သန်းမှုတွေထဲကနေ နာနာကျင်ကျင် သင်ယူတတ်မြောက်လာခဲ့ ကြရတာပါ။ ဒီအသိနဲ့ဒီတရားကို ဗြိတိသျှကိုလိုနီအုပ်စိုးမှုရဲ့မှောင်မိုက်ခါးသီးလှတဲ့ဘဝဖြတ်သန်းမှုထဲမှာ သဘောပေါက်လာခဲ့ကြ ပြီး ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးမှာ ဒီအသိတရားကို လက်တွေ့နဲ့ပေါင်းစပ်နိုင်ခဲ့ကြပါတယ်။ ဒီလိုပေါင်းစပ်နိုင်မှုရဲ့ အဓိက ရလဒ်ကတော့ လွတ်လပ်ရေးလမ်းကြောင်း ဖြောင့်တန်းသွားစေတဲ့အချက်ပါပဲ။
အဂင်္လိပ်ကိုလိုနီအုပ်စိုးသူများဟာ ဖက်ဆစ်ဂျပန်တော်လှန်စစ်မီးထဲမှာ ဆေးသားတင်ထားတဲ့ သံမဏိပြည်သူတွေကို အချိန်ထပ် ပြီး မဆွဲဝံ့တော့ဘဲ တစ်နှစ်အတွင်း လွတ်လပ်ရေးပေးပါ့မယ်ဆိုတဲ့ ကတိပေးခဲ့ရတာဖြစ်ပါတယ်။ “ရရင်ရ မရရင်ချ” ဆိုတာ အဲဒီ ခေတ်ကာလရဲ့ အတောက်ပြောင်ဆုံးကြွေးကြော်သံဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံး နိုးကြားစည်းလုံးနေတယ်၊ အဲဒီလို နိုးကြားစည်းလုံးနေတဲ့ပြည်သူတွေရဲ့လက်ထဲမှာ သေနတ်တွေ ကိုင်ထား ပြီး လက်နက်နဲ့ခုခံတော်လှန်ရင် လွတ်မြောက်မယ်ဆိုတဲ့ အသိတရားက ပြည်သူတွေရင်ထဲအသဲထဲမှာ ပီပီပြင်ပြင်ခိုင်ခိုင်မာမာ တည်ရှိနေပြီဆိုတာကို အဂင်္လိပ်ကိုလိုနီနယ်ချဲ့သမားက ကောင်းကောင်းကြီးသိပါတယ်။
ဒါကြောင့် မစားရတဲ့အမဲ သဲနဲ့ပက် ဆိုတဲ့စကားလို ပက်စက်တဲ့အကြံယုတ်နဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးတပ်ဦး(ဖဆပလ) သွေးစည်းညီညွတ်မှုကို ဖြိုခွဲကာ၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ပြီးမှ လွတ်လပ်ရေးကို ပေး သွားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဝန်ကြီးအဖွဲ့ကို လုပ်ကြံသတ်ဖြတ်တဲ့ သေနတ်တွေနဲ့ခဲယမ်းတွေကို နယ်ချဲ့စစ်တပ်က ထုတ် ပေးခဲ့တာပါ။ ဒီသေနတ်တွေ၊ ခဲယမ်းတွေနဲ့ နယ်ချဲ့လက်ကိုင်တုတ်(ဂဠုန်ဦးစောနဲ့အပေါင်းအပါ)တွေက ဗိုလ်ချုပ်အောင်ဆန်းတို့ ကို မိုက်မိုက်ကန်းကန်း လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။
လွတ်လပ်ရေးရလာပြန်တော့လည်း အုပ်စိုးသူအစိုးရက လက်နက်အကြမ်းဖက်ဖိနှိပ်ပြန်ပါတယ်။ ဒီအခါမှာ ကိုလိုနီဘဝနဲ့ ဖက် ဆစ်တော်လှန်ရေးအတွင်းမှာ ရခဲ့တဲ့တရားကို နောက်တစ်ကြိမ်ထပ်ပြီး လက်တွေ့နဲ့သက်သေပြရပြန်ပါတယ်။ လက်နက်နဲ့ ဖိနှိပ် အုပ်စိုးလာတာကို လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ရပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၄၈-၄၉ စတဲ့တော်လှန်ရေးတွေ ပေါက်ကွဲပေါ်ထွက် လာခဲ့ရပါတော့တယ်။ ဒီတရားနဲ့ ဒီအသိကို ၁၉၈၈ခုနှစ်မှာ ကျောင်းသားလူငယ်တွေက သူတို့လက်တွေ့ဘဝနဲ့ တဖန် ထပ်မံ သက်သေပြပြန်ပါတယ်။
“၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီး”ကို စစ်တပ်က လက်နက်နဲ့ဖိနှိပ်အကြမ်းဖက်ချေမှုန်းလို့ ကျောင်းသားလူငယ်တွေဟာ နယ် စပ်ဒေသတွေကို တိမ်းရှောင်ပြီး ရရာလက်နက်စွဲကိုင်ကာ တော်လှန်ခုခံကြရပြန်တယ် မဟုတ်ပါလား။ (ABSDF)နဲ့ အခြားတော် လှန်တဲ့ကျောင်းသားလူငယ်တပ်ဖွဲ့တွေကို ဒီဘဝ၊ ဒီအသိနဲ့ဒီတရားကနေ မွေးဖွားပေးလိုက်တာဖြစ်တယ် ဆိုတဲ့အချက်ကို ဘယ် သူက ပြန်လှန် ငြင်းခုန်ဝံ့မှာမို့လဲ။
ဒီသမိုင်းဖြစ်ရပ်တွေကနေ “သေနတ်” နဲ့ပတ်သက်ပြီး အခုလို သုံးသပ်သိရှိနိုင်ပါတယ်။
ဘယ်သူ့လက်ထဲက သေနတ်လဲ။ ဘယ်လိုရည်ရွယ်ချက်အတွက် စွဲကိုင်ထားသလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေ နဲ့ ချိန်ထိုးစိစစ်ကြည့်လိုက်ရင် သေနတ် ကိုင်ထားသူ ဘာလဲဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်၊ သိနိုင်၊ သဘောပေါက်နိုင်ပါတယ်။
“ဂဠုန်ဦးစော” လက်ထဲက “တော်မီဂန်းတွေ”ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံသတ်ဖြတ်ဖို့ပဲ။
“ကြည်လင်း” လက်ထဲက “သေနတ်” ဟာ ရှေ့နေကြီးဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ပဲ။
ဓားပြလက်ထဲက “သေနတ်”ဟာ အများပြည်သူကို အနိုင်ကျင့်လုယက်ဖို့ပါ။
ဖိနှိပ်အုပ်စိုးသူလက်ထဲက “သေနတ်”ဟာ ပြည်သူလူထုအုံကြွမှုနဲ့ တော်လှန်မှုတွေကို ဖိနှိပ်ချေမှုန်းဖို့ပါ။
တော်လှန်သူတွေလက်ထဲက “သေနတ်” ဟာ ဖောက်ပြန်တဲ့အုပ်စိုးသူတွေရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ခုခံတော်လှန်ဖို့ပါ။
(လက်ပတော့/ ကားပါမစ်တို့နဲ့ လဲလှယ်ဖို့ မဟုတ်ပါဘူး)
ဒါကြောင့် သေနတ်နဲ့ပတ်သက်လာရင် ဘယ်သူလက်ထဲက သေနတ်လဲ၊ ဘယ်လို ရည်ရွယ်ချက်အတွက် ကိုင်စွဲထားသလဲဆိုတဲ့ အချက်တွေကို မြင်အောင်ကြည့်တတ်ကြဖို့ လိုပါတယ်။ ပြည်သူ့အကျိုးကို ရှေ့ရှုဆောင်ရွက်နေသူတွေလက်ထဲမှာရှိတဲ့ သေနတ် ဟာ ပြည်သူတွေအတွက် အန္တရာယ်မဟုတ်။ ကျရောက်လာမယ့် ဘေးအန္တရာယ်ရန်စွယ်မှန်သမျှကို ခုခံကာကွယ်ဖို့ လက်နက် ဖြစ်ပြီး နယ်ချဲ့ကျူးကျော်ရေးသမား၊ ဗိုလ်ကျစိုးမိုးရေးသမား၊ ဖောက်ပြန်သောအုပ်စိုးသူများ၊ ဂဠုန်ဦးစော၊ ကြည်လင်းတို့လို လူစားတွေလက်ထဲက သေနတ်က တော့ “အကြမ်းဖက်ဖိနှိပ်ရေးနဲ့ လုပ်ကြံသတ်ဖြတ်ရေးလက်နက်”တွေသာ ဖြစ်မြဲဖြစ်ပါတယ်။
ဂဠုန်ဦးစောလက်ထဲက “သေနတ်တွေ”က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးများကို သေပွဲဝင်စေခဲ့ပြီ။ ထိုနည်းတူ “ကြည်လင်း” လက် ထဲက “သေနတ်”ကလည်း ရှေ့နေကြီးဦးကိုနီကို ဇီဝိန်ချွေခဲ့ပြီးပြီ။
ဒါဆိုရင် အခုဖမ်းဆီးရမိထားတဲ့ “ ဖြိုးကိုကိုတင့်ဆန်းတို့ရဲ့ သေနတ်အတိုအရှည် အလက် ၂၀ကျော်”က ဘယ်ရည်ရွယ်ချက်အ တွက် ကိုင်စွဲထားသလဲ။ “ကိုယ့်ကိုယ်ကို ကာကွယ်ဖို့” လို့ဆိုရင် ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလက်နက်တွေ ရယူပိုင်ဆိုင်ကိုင်စွဲထား သလဲ။
“ဖြိုးကိုကိုတင့်ဆန်းတို့ရဲ့ သေနတ်အတိုအရှည်အလက် ၂၀ကျော်” ဖမ်းဆီးရမှုကနေ အောက်ပါအချက်တွေကို ထင်ဟပ်ပြသ နေပါတယ်။
(၁) တိုင်းပြည်မှာ အလားတူလက်နက်တွေ ရယူပိုင်ဆိုင် ကိုင်စွဲထားတဲ့သူတွေ အုံနဲ့ကျင်းနဲ့၊ အဖွဲ့နဲ့အစည်းနဲ့ရှိနေနိုင်သေးတယ် ဆိုတဲ့အချက် (စစ်ဗိုလ်ချုပ်ကြီးဟောင်း/သစ် သားသမီး၊ သူဋ္ဌေးအကောင်ကြီးသားသမီးတွေ၊ တပည့်တပန်းတွေ လက်ထဲမှာ )
(၂) လက်နက်မှောင်ခိုလုပ်ငန်း ကြီးကြီးမားမားကျယ်ကျယ်ပြန့်စုဖွဲ့တည်ရှိနေတယ်ဆိုတဲ့အချက်
(၃) တည်ရှိနေတဲ့ လက်နက်မှောင်ခို သယ်ဆောင်ရောင်းဝယ်ကိုင်ဆောင်မှုမှာ စစ်ဘက်၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက် ဝန်ထမ်း တွေနဲ့၊ အပစ်ရပ် (သို့မဟုတ်) BGF တပ်ဖွဲ့ဝင်တွေ နက်နက်ရှိုင်းရှိုင်း ပါဝင်ဆက်နွယ်မှုရှိနေနိုင်တယ်ဆိုတဲ့အချက်
(၄) ဖြိုးကိုကိုတင့်ဆန်းတို့အုပ်စုဟာ (အခြားအုပ်စုတွေဟာ) ဒီလိုသေနတ်တွေ၊ ဆက်သွယ်ရေးစက်တွေအမြောက်အများကို ဘာရည်ရွယ်ချက်အတွက် ရယူစွဲကိုင်ထားကြသလဲဆိုတဲ့အချက်
— စတဲ့စတဲ့ အချက်တွေကို အတိအလင်း ထုတ်ဖော်ပြသနေပါတယ်။
ဒါ့အပြင် ဒီချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းပြောကြားတဲ့ “တိုက်တွန်းချင်တာကတော့ တကယ့်တရားခံ မိအောင်လုပ်ပါ။ တကယ့်တရားခံကို ဖော်ထုတ်ပါ။ ဒီပုဂ္ဂိုလ်တွေက တရားခံမဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။ သို့သော် ဒီထက်ပိုပြီးတော့ ခေါင်းဆောင်တွေရှိနိုင်တယ်လို့ ကျွန်တော်တော့ထင်ပါတယ်” ဆိုတဲ့အချက်ကလည်း အင်မတန်မှ အလေး ထားပြီး ထည့်သွင်းစဉ်းစားသုံးသပ်ဖို့၊ လေ့လာစစ်ဆေးကြည့်ဖို့လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။
ဒီအချက်တွေကို မေးမြန်းစစ်ဆေးဖော်ထုတ်ဖို့၊ ထိထိရောက်အရေးယူအပြစ်ပေးဖို့၊ ဥပဒေပြဋ္ဌာန်းပြီး ကြပ်ကြပ်မတ်မတ် ကိုင် တွယ်ဖို့ အစိုးရမှာ၊ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေမှာ အဓိကအားဖြင့် တာဝန်ရှိပါတယ်။ အစိုးရ၊ လွှတ် တော်တို့အနေနဲ့ ဒီလိုအမှုတွေကို လက်ဦးမှုရှိရှိ၊ အလျင်အမြန်ဖော်ထုတ်နိုင်ပါစေ၊ ထိန်းချုပ်ကိုင်တွယ်နိုင်ပါစေ၊ ထိထိမိမိ အရေး ယူနိုင်နိုင်ပါစေလို့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။
ညွန်း
– (၁၉-၁၀-၂၀၁၇) မြန်မာ့အလင်းသတင်းစာ၊ ပြည်ထဲရေးဝန်ကြီးဌာနကြေညာချက် (စာမျက်နှာ ၄)နှင့် စာမျက်နှာ ၁၂ရှိမှုခင်း သတင်း
– 7 Day Daily – သတင်းစာ Issue No.1602 Saturday, October 21, 2017 – “ဖြိုးကိုကိုတင့်ဆန်းအပြင် အခြားခေါင်း ဆောင်များရှိနိုင်ကြောင်း ဦးဉာဏ်ဝင်းပြော” (http://www.7daydaily.com/story/110762)