ဩဂုတ် ၂၈ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ထိုင်းနိုင်ငံနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်၊ ဆူမွဲမြို့နယ်ရှိ မယ်ရာမို ကရင်ဒုက္ခသည်စခန်းတွင် ယခုလ ၂၂ ရက်နေ့က H1N1 လူနာသုံးဦးတွေ့ရှိအတည်ပြုမှုကြောင့် ရောဂါပြန့်နှံ့မှုကို ကာကွယ်ရန် စခန်းတွင်း ဝင်ထွက်သွားလာခြင်းအား ဩဂုတ် လ ၂၃ ရက်နေ့မှစ၍ ၁၅ ရက်တာ ခေတ္တဖြတ်တောက်ထားကြောင်း ကရင်ဒုက္ခသည်ကော်မတီ -KRCက အတည်ပြုပြောဆို သည်။
မယ်ရာမိုစခန်းအတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် Malteser International (MI) အဖွဲ့မှတစ်ဆင့် ချင်းမိုင် တက္ကသိုလ်၏ ဆေးဌာနမှ H1N1 ဖြစ်ကြောင်း အတည်ပြုချက်ရယူပြီးနောက်ပိုင်း စခန်းတာဝန်ရှိသူများ နှင့် မဲဟောင် ဆောင်ခရိုင်အတွင်းရှိ နီးစပ်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနများကို အကြောင်းကြားခဲ့ပြီး မြို့နယ် တာဝန်ရှိသူများ၏ ညွှန် ကြားချက်ဖြင့် ဝင်ထွက်သွားလာမှုကို ဖြတ်တောက်ထားခြင်းဖြစ်သည်ဟု KRC မြောက်ပိုင်းတာဝန်ခံ စောတူးတူးက ယနေ့( ၂၈ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက “စခန်း ထိုင်းအာဏာပိုင်က ဒီတုပ်ကွေးရောဂါဟာ မြန်မာပြည်ဘက်ခြမ်းကနေပြီးတော့ မဲဆောက်တို့ မယ်လမတ်တို့ ဘက်က လာတယ်လို့ကြားပြီးတော့ လမ်းကိုပိတ်ထားပြီး မဲဆောက်ကော၊ မြန်မာပြည်ဘက်ခြမ်းကကော လာတဲ့လူတွေကို စခန်းထဲကို တစ်ယောက်မှဝင်ခွင့်မပေးဘူး။ ၁၅ ရက်ပိတ်ထားတယ်။ လက်ရှိ အချိန်ထိတော့ ဘာမှထူး ထူးခြားခြားဖြစ် တာမကြားသေးဘူး”ဟု ပြောသည်။
H1N1 တုပ်ကွေး ဖြစ်ကြောင်း စတင်တွေ့ရှိ အတည်ပြုထားသည့်လူနာ ၃ ဦးမှာ ကလေးငယ် ၂ ဦး နှင့် ဆယ်ကျော်သက် တစ်ဦးဖြစ်ကြောင်း ကျန်းမာရေးအဖွဲ့၏ မှတ်တမ်းအချက်အလက်အရ သိရပြီး နောက်ဆက်တွဲ ရောဂါပိုးရှိသည့် လူနာ ၁၂ ဦးကိုပါ ထပ်မံတွေ့ရှိခဲ့ကာ စုစုပေါင်း ၁၅ ဦးခန့်တွေ့ရှိခဲ့သော်လည်း အသေအပျောက်မရှိခဲ့ကြောင်းနှင့် အချို့မှာ သက်သာ သွားကြပြီဖြစ်ကြောင်း စောတူးတူးက ဆက်ပြောသည်။
၎င်း H1N1 တုပ်ကွေးရောဂါသည် မြန်မာပြည်ဘက်ခြမ်းမှ ကူးစက်လာသည်ဟု MI တာဝန်ရှိသူများက ယူဆထားပြီး တုပ် ကွေးရောဂါပိုမိုမဖြစ်ပွားအောင် ကျန်းမာရေးတာဝန်ရှိသူများက စခန်းတွင်း သန့်ရှင်းရေးလုပ်ခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေသိုလောင်ကန်များတွင် ဆေးခတ်ခြင်းစသည့် ကြိုတင်ကာကွယ်မှုမျိုးကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
မယ်ရာမို ဒုက္ခသည်စခန်းအတွင်း N1N1 ရောဂါတွေ့ရှိမှုမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုအနက် ပထမဦး ဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကာ လတ်တလောတွင် စခန်းအတွင်း ဝင်ထွက်သွားလာမှုကို ခေတ္တဖြတ်ထောက်ထားသော်လည်း အရေးပေါ်လူနာများ ပေါ်ပေါက်လာလျှင် MI ၏ ကားဖြင့်သာ ဝင်ထွက်သွားလာမှုကို ခွင့်ပြုပေးထားပြီး စခန်းနေပြည်သူ များနှင့် စခန်းတွင်း အကူအညီပေးနေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ဝန်ထမ်းများကို ရောဂါကူးစက်မှုအ ခြေအနေပေါ်မူတည်၍ ဝင်ထွက်သွားလာမှုကို ပြန်လည်ခွင့်ပြုသွားမည်ဟု သိရသည်။
အလားတူ ကရင်ပြည်နယ်အတွင်း ပြင်းထန်အဆုတ်ရောင်ရောဂါ A (H1N1) ရောဂါ သံသယရှိသူ ၁၂ ဦးနှင့် A(H1N1) ရောဂါ အတည်ပြုလူနာ ၂ ဦးရှိကြောင်း ကရင်ပြည်နယ် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ဩဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြောဆိုခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှဩဂုတ်လ ၂၇ရက်နေ့အထိ သေဆုံးသူ ၃၅ ဦးရှိခဲ့ပြီးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်တွင် ရောဂါကြို တင် ကာကွယ်ရေးနှင့် ကုသရေးအတွက် အသိပညာပေးလုပ်ငန်းများကို ပြည်နယ် ပြည်သူ့ဆေးရုံအပြင် မြို့နယ် ၇ မြို့နယ်တွင် ရောဂါကုသနိုင်သည့်အရေးပေါ် ဆေးဝါးများ ကြိုတင်ပြင်ဆင် ထားကြောင်းလည်း ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။