ဇွန် ၂ဝရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်များနှင့် ပြည်တွင်းစစ်ပြေးရှောင် (IDPs)များ နေရပ်ပြန်လည်နေထိုင်ရေးနှင့် ပတ်သက်၍ ကရင် ကျောင်းသားကွန်ရက်အဖွဲ့(KSNG)မှ အချက် ၂ဝချက်ပါ ၎င်းတို့၏ သဘာထားရပ်တည်ချက်တစ်စောင်ကို ယနေ့ (ဇွန်လ ၂ဝ ရက်)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day)တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် ဒုက္ခသည်များနှင့်ပြည်တွင်းစစ်ပြေးရှောင် IDPs များ နေရပ်ပြန်ရန် ဖိအား ပေးမှုများရှိလာခြင်းနှင့်အတူ မြန်မာအစိုးရ၏ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုနှင့် အဆင်သင့်ဖြစ်မှု မရှိသေးသည့်အပေါ် ယခုလို ရပ် တည်ချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု KSNG ဥက္ကဌ စောထူးထူးစတင်းက ယခုလို ပြောသည်။
၎င်းက “နိုင်ငံရေးအခြေအနေအရ တစ်နေ့ကျရင် ကျနော်တို့ဒုက္ခသည်တွေ နေရပ်ပြန်ရမှာ သေချာတယ်။ အဲ့လိုပြန်တဲ့တစ်နေ့ ကျရင် ကျနော်တို့ ကျောင်းသားလူငယ်တွေအတွက် အဆင်သင့်ဖြစ်အောင်လို့ပေါ့။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဒါကိုထုတ်ပြန်ခြင်း ဖြစ်တယ်။ ဒီထဲမှာ အဓိကရည်ရွယ်တာက IDP နှင့် ဒုက္ခသည်စခန်းထဲမှာရှိတဲ့ ကျောင်းသားလူငယ်တွေအတွက် သူတို့ မပြန်ခင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ နေရပ်ကိုပြန်တဲ့အချိန်မှာ ရသင့်ရထိုက်တဲ့ သူတို့အခွင့်အရေးတွေအတွက် အဓိကထားပြီး ထုတ်ပြန်ခြင်းဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်နေသည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၊ အရပ်ဖက်နှင့် နိုင်ငံတကာအစိုးရ အဖွဲ့အစည်းအသီးသီးမှ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အပေါ်ယံအနေအထားများထက် မြေပြင် အခြေအနေ၏ ပကတိအခြေအနေများကို သေချာစွာရှုမြင်ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဂုဏ်သိက္ခာရှိသည့် ဒုက္ခသည် များ၏ အိမ်ပြန်လမ်းကို ဖန်တီးပေးရန်လည်း တိုက်တွန်းလိုသည်ဟု စောထူးထူးစတင်းက ဆက်ပြောသည်။
ဒုက္ခသည်များနေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး KSNG အဖွဲ့၏ ထုတ်ပြန်ချက်အရ ဒုက္ခသည်များ ထွက်ခွာခြင်းမပြုမီ အကြိုကာလ ရပ်တည်ချက်နှင့် ထွက်ခွာပြီးနောက်ပိုင်းကာလ ရပ်တည်ချက်အပြင် ဒုက္ခသည်များ ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ ရပ်တည် ချက် အပိုင်းနှစ်ပိုင်း ပါဝင်သည်။
အဆိုပါ ရပ်တည်ချက်၏ ပထမကာလတွင် ဒုက္ခသည်ပညာရေးကို အသိအမှတ်ပြုရေး၊ ဒုက္ခသည်ကျောင်းသားများကို အဆင့် မြင့်ပညာရေး ဆက်လက်လေ့လာသင်ယူခွင့်၊ ကိုယ်ပိုင်သင်ရိုးညွန်းတမ်း ရေးဆွဲခွင့်၊ ကရင်ကျောင်းသားများနှင့် လူငယ်များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ နိုင်ငံရေးပြုပြင်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ခွင့်၊ ဒုက္ခသည်များအား ကူညီပေးနေသည့် အဖွဲ့ အစည်းများမှ ဒုက္ခသည်များ အိမ်ပြန်နိုင်သည်အထိ ဆက်လက် ထောက်ပံ့သွားရန် စသည့်အချက် ၈ ချက် ပါဝင်သည်။
ထို့အပြင် ဒုတိယ ကာလအတွက် တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ် ထိုးပြီးခါမှ ပြန်သင့်ကြောင်း၊ အစိုးရတပ်စခန်းများ ကျေးရွာအနီး မထားရှိရန်၊ မြေမြုပ်မိုင်းများ ရှင်းလင်းပြီးသားဖြစ်စေရန်၊ အာမခံ ချက်ရှိသည့်မြေယာများကို ပြန်လည်ပေးဝေရန်၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် ဒီမိုကရေစီ ဖက်ဒရယ်တည်ဆောက်ပြီးခါမှ ပြန်သင့် ကြောင်း၊ ကရင်ပညာရေးဌာန၏ မူဝါဒများကို အသိအမှတ်ပြုရေး၊ မိမိသင်ရိုးညွန်းတမ်းအတိုင်း ပညာ စာပေ လေ့လာသင်ယူခွင့် ရှိရန်၊ မိမိနေရပ်သို့ ပြန်ရောက်လျှင် ခွဲခြားဆက်ဆံခံရမှုမရှိစေရန်၊ ပြန်သွားသူများအား ၎င်းတို့ကိုယ်တိုင်ရပ်တည်နိုင်သည်အထိ လူသားချင်းစာနာသည့် အဖွဲ့အစည်းများက အကူအညီပေးရန်၊ ကျွန်ပြုမှုမရှိသည့် အလုပ်အကိုင် အခွင့်အလမ်း ရှိစေရန်၊ လှုပ် ရှားပြောဆိုခွင့်၊ အခြားလူမျိုးစုလူငယ်များနှင့် ကွန်ရက်ချိတ်ဆက်လုပ်ဆောင်ခွင့် ရှိရမည် အပါအဝင် အချက် ၁၂ချက် ပါရှိသည်။
ကရင်ဒုက္ခသည်ကော်မတီ KRC ၏ ပညာရေးတာဝန်ခံ စောဟေစိုးက “ထောက်ပံ့မှုတွေ နည်းလာတဲ့အပေါ်မှာ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ပုံစံမျိုးနဲ့ ဖိအားပေးတာမျိုးမဖြစ်စေချင်ဘူး။ အခုလို ကူညီထောက်ပံ့မှုတွေ နည်းလာတဲ့အပေါ်မှာဒုက္ခသည်တွေက ပြန်ရမလား၊ နေရမလားဆိုတာမျိုး ဝိရောဓိ ဖြစ်စေတာပေါ့။ သူတို့ရဲ့ လုပ်ဆောင်မှုတွေက တိကျသေချာမှုရှိမှ ဒုက္ခသည်တွေအ တွက် ဖိအားတစ်ခုလိုမဖြစ်စေဘဲနဲ့ ဒုက္ခသည်တွေရဲ့ ဝိရောဓိဖြစ်မှုနဲ့ ကြောက်ရွံ့မှုတွေက လျော့နည်းသွားစေမှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို KSNG အဖွဲ့က ဦးဆောင်ဦးရွက်ပြုပြီး ထိုင်းနယ်စပ်တစ်နေရာ၌ နယ်စပ်အခြေ စိုက် ကရင်ဒုက္ခသည်ကော်မတီ-KRC၊ ရှေ့ပြေးအသံ- Progressive Voice ၊ ကရင်လူငယ်အစည်းအရုံး-KYO၊ Burma Link နှင့် မီဒီယာအဖွဲ့အစည်းအချို့မှ စုစုပေါင်းလူဦးရေ ၃ဝနီးပါး တက်ရောက်ခဲ့ကြပြိီး KSNG၏ ရပ်တည်ချက်များကို ထုတ်ပြန်ပြောဆို ခြင်းအပြင်၊ ဒုက္ခသည်များ၏ လိုလားချက်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ သရုပ်ဖော်ဇာတ် ကပြခြင်းနှင့် ဒုက္ခသည်များ၏ လက်ရှိအ ခြေအနေများကို တက်ရောက်လာသည့် တာဝန်ရှိသူကိုယ်စားလှယ်များက ရှင်းလင်းပြောကြားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖုိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယန်း၊ ထမ်းဟင်၊ ကရင်နီ အမှတ်(၁) နှင့် အမှတ်(၂) ဟူ၍ မြန်မာဒုက္ခသည်စခန်း ၉ခု၌ ဒုက္ခသည်ဦးရေ ၁သိန်းကျော်ရှိသည့်အပြင် အီးတူထာ့ပြည်တွင်းစစ်ရှောင် စခန်း၌ IDPs ၃၀၀၀ကျော်နှင့် မြိုင်ကြီးငူ၊ ထီးသေ့ခီ့နှင့် နော်တ စသည့် ပြည်တွင်းစစ်ရှောင်စခန်းများတွင်မူ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ကျော် ခိုလှုံနေရဆဲဖြစ်သည်။ လတ်တလောတွင် အကူအညီများ လျော့နည်းလာသဖြင့် ၎င်းတို့အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှု အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ဒုက္ခသည်အရေးကူညီဆောင်ရွက်သူများက ဆိုသည်။
၁၉၅၁ခုနှစ်က ပြုလုပ်သည့် ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း၏ ၅ဝကြိမ်မြောက် နှစ်ပတ်လည်တွင် ချမှတ်ခဲ့သည့် သဘောတူ ညီချက်အမှတ် ၅၅/၇၆ အရ ၂၀၀ဝခုနှစ်၊ ဒီဇင်ဘာလ ၄ရက်၌ ပြုလုပ်သည့် UN အထွေထွေညီလာခံတွင် ဇွန်လ ၂ဝရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day) အဖြစ် သတ်မှတ်ခဲ့သည်။ ယနေ့ ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း အသီးသီးတွင်လည်း ကျင်းပကြသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်းပြည်ပတွင် နေထိုင်လျှက်ရှိသည့် ကရင်ကျောင်းသူကျောင်းသား များ တဖွဲ့နှင့်တဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အတွေ့အကြုံ ဗဟုသုတများကို ဝေငှနိုင်ရန် ရည်ရွယ်၍ ၁၉၉၆ခုနှစ်တွင် KSNG ကို စတင် ဖွဲ့စည်းခဲ့သည်။