ဇွန် ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မှှိုင်းကံကျေးရွာအုပ်စု၊ ထီဖိုးခလုုံးကျေးရွာ ဖားအံ-မြိုင်ကြီးငူကားလမ်း အဝင်မုဒ်ဝ အနီးရှိ အိမ် ၄ လုံးကို မြိုင်ကြီးငူဆရာတော် ဦးစီးအဖွဲ့က လမ်းချဲ့ရန်မလွတ်ဟုဆိုကာ ဇွန် ၂၅ ရက်နေ့ မနက် ပိုင်းတွင် လာရောက်ဖြိုချသွားသည်ဟု အိမ်ပိုင်ရှင်များက ကေအိုင်စီသို့ ပြောသည်။
ဖြိုချခံရသည့် အိမ်များမှာ နှစ်ထပ်တိုက် ၂ လုံး၊ တစ်ထပ်တိုက် တစ်လုံးနှင့် ပျဉ်ထောင်အိမ် တစ်လုံးတို့ဖြစ်ပြီး ဒေသခံများကို အိမ်ဖျက်ရန် တရားဝင်ကြိုတင် အကြောင်းကြားထားခြင်းမရှိဟု ဖြိုချခံရသည့် အိမ်ပိုင်ရှင် တစ်ဦး ဖြစ်သူ စောသန်းအောင်က ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဘုန်းကြီးက ဆင်းလာပြီးနင့်အိမ်က လမ်းနယ်မလွတ်ဘူး။ ဖျက်ရမယ်။ ဆိုတော့ ကျနော်တို့လည်း အချိန်ပေးပါ တောင်းပန်ပြီး တစ်နာရီတောင်မရှိဘူး။ အိမ်ကို အကုန်လာဖျက်လိုက်တယ်။ အိမ်ပေါ်က ဘာပစ္စည်းမှ ယူလို့တောင် မရ လိုက်ဘူး။ ဘက်ဖိုးကားကြီးနဲ့ လာဖျက်သွားတယ်။ ကျနော်တို့ ကလေးငယ်တွေနဲ့ မိုးတွင်းမှာ ဘယ်လိုနေရ မလဲ။ နည်းနည်းလောက်တောင် မစဉ်စားပေးတာ စိတ်မကောင်းဘူး” ဟု စောသန်းအောင်က ပြောသည်။
ထိုသို့ ဖြိုချခံလိုက်ရသည့် အိမ်လေးလုံးတွင် နှစ်ထပ်တိုက်အိမ်တစ်လုံးအတွက် လျော်ကြေး ကျပ်သိန်း ၁၀ဝ ပေးသွားပြီး ယင်းအိမ်မှာ ဆောက်လုပ်စဉ်က ကျပ်သိန်း ၄၀ဝ ခန့် ကုန်ကျခဲ့ကြောင်း၊ ကျန်အိမ်များကို တစုံတရာ လျော်ကြေးပေးရန် ပြောဆိုထားခြင်းမရှိသလို လမ်းတစ်လျှောက်ရှိ အိမ်များကို ဆက်ဖြိုရန် အစီအစဉ် ရှိသည်ဟု ဒေသခံများကို ဆရာတော်က မိန့်ကြားထားကြောင်း စောသန်းအောင်က ဆက်ပြောသည်။
ဒေသခံတစ်ဦးဖြစ်သူ စောဒေါနက “လမ်းဘေးနားမှာ မလွတ်တဲ့ အိမ်အများကြီးရှိသေးတယ်လို့ ပြောတယ်။ ကျနော့် အိမ်လည်း ဒီနေ့လာပြီး ဆက်ဖြိုမလို့ ကျနော်တို့ ဒေသခံတွေ ဝိုင်းတောင်းပန်ရင်း မိုးရာသီအတွင်းတော့ စဉ်းစားပေးမယ်တဲ့၊ မိုးကုန်သွားရင်တော့ ဖျက်ရမယ်။ အရင်က အိမ်ဖြိုရမယ်၊ လမ်းမလွတ်ဘူးဆိုပြီး ပြောထား တယ်။ ဘုန်ကြီးက အတည်ပြောတာ ဟုတ်မဟုတ် မသိဘူး။ အခုတော့ တကယ်လာဖြိုသွားတယ်။ မနေ့က ဘေးနားက အိမ်ကို လာဖြိုချတာ ကြည့်လို့တောင် မကောင်းဘူး။ ပြောလည်းမရဲဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
မြိုင်ကြီးငူဆရာတော် ဦးစီးပြီး အဆိုပါ ဖားအံ၊ ထီဖိုးခလုံးကျေးရွာမှ မြိုင်ကြီးငူအထိ ၅၂၈ ပေအကျယ်ရှိ လမ်းကို တိုးချဲ့မည်ဖြစ်ပြီး လမ်းဘေးဝဲယာမှ မလွတ်သည့် အိမ်များ ကျန်ရှိသေးသည့် အတွက် ဇွန် ၂၆ ရက်နေ့တွင် အိမ်အချို့ကို ဆက်လက်ဖြိုရန် စီစဉ်ကာ ဒေသခံရွာသားများ တောင်းပန်ထားသောကြောင့် ရပ်နားထားသည်ဟု ရွာသားများက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖားအံမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက “ဆရာတော်က ဒီအုပ်ချုပ်ရေး အဆင့်ဆင့်ကို ဘာမှတင်ပြ မိန့်ကြားထားတာမရှိဘူး။ စလုပ်တဲ့ နောက်ပိုင်းမှ သိရတယ်။ ဒါတော့ ဆရာတော် ကိုပြန်လျှောက်ထားရမှာပေါ့။ ဥပဒေနဲ့ အညီဆက်ပြီးလုပ်ဖို့ပေါ့။ ဘေးနှစ်ဖက်ကို ဆက်ဖြိုရင် စုစုပေါင်း အိမ် ၁၉ လုံး လောက်ပဲ ကျန်မယ်။ ထီဖိုးခလုံး မူလတန်းကျောင်းဆိုရင်လည်း မလွတ်တဲ့ပုံစံမျိုးဖြစ်တယ်။ ဒါတော့ဥပဒေနဲ့ အညီ ဆက်ပြီးလုပ်သွားမယ်” ဟု ပြောသည်။
မြိုင်ကြီးငူဆရာတော်ဦးစီးပြီး လမ်းတိုးချဲ့၍ မလွတ်သည့် အိမ်များကို ဖြိုချလိုက်ခြင်းသည် လက်မခံသူ ဒေသခံ များရှိသလို လက်ခံသည့်ဒေသခံများလည်းရှိကာ ထီဖိုးခလုံးမှ မြိုင်ကြီးငူအထိသွားပါက ကျေးရွာ ၁ဝ ရွာ ကျော် ဖြတ်သွားရမည် ဖြစ်ကြောင်း သိရသည်။