(လကင်္ာဒီပ)
ကောက်ရိုးမီးတွေ မဟုတ်ကြဘူး
ဆူးကြားက ဆူးများနဲ့
ဖူးပွင့်ခဲ့တဲ့ ပန်းလေးပေါ့
ကမော့ယှိူးရယ် ခွဲကဘောင်ရယ်
သူးမွဲထရယ် နောင်ခလာရယ်
ရှင်သန်မယ်လေ အတူတူပဲကွယ်
တို့နယ် တို့မြေ တို့ရေက
စတုတ္ထမဏ္ဍိုင်မှာ
ဝိုင်းရံကာ အားဖြည့်ကြမယ်။
ထောင်ရာဇာ လက်နက်ရာဇာ
တဏှာရာဇာ မူးယစ်ရာဇာတွေ မှိုလို
မှောင်ခိုရာဇာ ဂိုင်းဂဏရာဇာတွေကြားမှာ
စွန့်စားကာ သတင်းတွေရယူ
ပြည်သူရှေ့ ချပြရတဲ့အလုပ်
သက်ဖက်ထုတ် လူတန်းစားနှယ်
အန္တရာယ်အသွယ်သွယ် ဘေးအသွယ်သွယ်။
လူ့အခွင့်အရေးများ
တိုင်းရင်းသားအခွင့်အရေး
ဒီမိုကရေစီအရေးတွင် ရပ်တည်ရင်း
အလျဉ်း…တစုံတဦး အသင်းအဖွဲ့တို့ရဲ့
ဦးနှိမ်တဲ့ ဩဇာခံမဟုတ်သော
ဘယ်သောအခါမှ နယ်စည်းမခြားသော
ဘယ်သောခါမှ ဆန္ဒရင်းစွဲ
လူမျိုး ဘာသာ ဝါဒစွဲမရှိသော
သဘောအမှန် အရှိတရားကိုသာပြောသော
ဘယ်သောအခါမှ ဘက်မလိုက်သော
လွတ်လပ်သော ခိုင်မာတည်ကြည်သော
ခန့်ညားသော အသွင်တစ်ရပ်ကို ဆောင်နေလျက်ကွယ်။
အနှစ်(၂၀) ရွက်နုတွေဝေပျို
အိုဘယ့် ကေအိုင်စီ (သို့) မနှင်းဆီဆိုတဲ့ပန်း
ရည်မှန်းချက် ဝါသနာ
တာဝန်တွေရှိတဲ့ တာဝန်တွေသိတဲ့နေရာ
အဿပြာ ပဓာနမပြုရှာ
ရာဇာတွေရဲ့ ခြိမ်းခြောက်မှုတွေကြား
မိသားစု ငြိုငြင်မှုတွေကြားက ထိုးဖောက်
သင်တို့ လျှောက်နေတဲ့ လမ်းပုံရိပ်
ကျုပ်… ခေါင်းငြိမ့်ဦးညွှတ် လေးစားဂုဏ်ယူနေမိပါတယ်။
အမျိုးသား တန်းတူရေးနဲ့ အချိုးအစား
တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်
ပန်းတို့ ပွင့်ကြစေချင်ပါရဲ့
ဝေးနေတဲ့ အဝေးရောက် လုပ်ဖော်ကိုင်ဖက်တွေရယ်
မျှော်နေမယ် သင်တို့ရင်ခုန်သံ
ပဲ့တင်သံ ရင်လှိုင်းခတ်သံ
အားပေးသံ အပြုသဘောသဏ္ဍာန်
မာန်တွေမချလိုက်ပါနဲ့ဦး
ဆိုရိုးထုံးဖွဲ့စကား
နွားကွဲရင် ကျားဆွဲခံရသတဲ့
ရှိခဲ့တဲ့သင်ခန်းစာ
တပ်လှန့်ကာ ပြောလိုက်ပါရစေ
ကေအိုင်စီဆိုတာ
ထာဝရ မွှေးပျံ့ သင်းပြန့်နေမယ့်
ဆူးများနဲ့ နှင်းဆီအမှန် ဖြစ်တော့တယ်။
၁၈ ဇွန်လ၊ ၂၀၁၇