Home သတင်း ၂၁ပင်လုံတွင် ‌ဆွေး‌နွေးမည့်စာတမ်းများကို KPP အတည်ပြုပြီးစီး

၂၁ပင်လုံတွင် ‌ဆွေး‌နွေးမည့်စာတမ်းများကို KPP အတည်ပြုပြီးစီး

2272

‌မေ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်သူ့ပါတီ (KPP)အ‌နေဖြင့် ‌နေပြည်‌တော်တွင် ကျင်းပမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁ရာစုပင်လုံ)သို့ တရားဝင် တက်‌ရောက်ခွင့်ရရှိထားသည့်အတွက် ထိုညီလာခံတွင် ‌ဆွေး‌နွေးမည့် စာတမ်းများကို အတည်ပြု ပြီးစီးသွားပြီးဖြစ် ‌ကြောင်း ပါတီ၏အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စော‌စေးဝါးက ‌မေလ ၁၈ရက်တွင် ‌ပြောဆိုသည်။

သူက “ညီလာခံမှာတင်သွင်းဖို့အတွက် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ သယံဇာတနဲ့ ကာကွယ်‌ရေးအပိုင်း အဲ့ ငါးခုကို ‌ဆွေး‌နွေး ရမယ်။ အဲ့ဒါ‌တွေနဲ့ပတ်သက်လို့ စာတမ်း‌တွေကို ပါတီဗဟိုအလုပ်မှု‌ဆောင် အစည်းအ‌ဝေးမှာ အတည်ပြုလိုက်ပြီး။ စာတမ်း‌တွေ က‌တော့ အများအားဖြင့် ‌ကေယူပီစီတို့ ‌နောက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ရလဒ်‌တွေနဲ့ ကွာခြားမှု ကြီးကြီးမားမားမရှိဘူး”ဟု ‌စော‌စေး ဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မေလ ၂၄ရက်‌နေ့တွင် စတင်ကျင်းပမည့် ၂၁ပင်လုံညီလာခံသို့ ကရင်ပြည်သူ့ပါတီမှ တရားဝင်ကိုယ်စားလှယ် (၆)ဦးတက်‌ရောက် ခွင့် ရရှိထားရာ ပါတီ ဥက္ကဌ ‌စောထွန်း‌အောင်မြင့်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စော‌စေးဝါး၊ ဗဟို အလုပ်အမှု‌ဆောင်များဖြစ်ကြ သည့် ‌စောဂျူပလီစံလှ၊ မန်းထွန်းတင်၊ နန့်ခင်‌အေးဦးနှင့် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်တို့ကို ပါတီ ဗဟိုအလုပ်အမှု‌ဆောင်အစည်းအ‌ဝေးတွင် ‌ရွေးချယ် အတည်ပြုထား‌ကြောင်း ‌စော‌စေးဝါးက ဆက်‌ပြောသည်။

ထို့အပြင် ပါတီမှ တရားဝင် ညီလာခံကိုယ်စားလှယ်အဖြစ် ‌ရွေးချယ်ခွင့်ရှိသည့် တိုင်းရင်းသားအစုအဖွဲ့အတွက် သံ‌တောင်ကြီးမြို့ နယ်မှ မိုဘွာကရင်အမျိုးသား ဆရာမန်းစံနှင့် တတ်သိပညာရှင် အစုအဖွဲ့အတွက် ကရင်ဝန်ထမ်း‌ဟောင်းများ လူမှု‌ရေးအသင်း ဥက္ကဌ မန်းစိုးဟန်တို့ကိုလည်း ကိုယ်စားလှယ်အဖြစ် ပါတီက အမည်စာရင်း ‌ပေးပို့ထားသည်ဟု ပါတီဗဟိုအလုပ်အမှု‌ဆောင်များ ထံမှ သိရသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲအနိုင်ရပါတီအဖြစ် ညီလာခံတက်‌ရောက်ခွင့် ရရှိထားပြီး ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ရက်‌နေ့တွင် စတင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံတွင်လည်း ကိုယ်စား လှယ် ၆ဦး ပါဝင်တက်‌ရောက်ခဲ့ပြီး ကဏ္ဍအလိုက်စာတမ်းများကို အသီးသီး တင်သွင်းခဲ့သည်။