မေ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
အစိုးရနှင့် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးတို့ အုပ်ချုပ်ရေး ရောနှောနေသည့် ဒေသအတွင်း လက်နက်ကိုင်ဆောင် သွားလာမှုအပေါ် ကန့်ကွက်ခံရခြင်းနှင့် ပတ်သက်၍ အောက်ခြေအဆင့် ညှိနှိုင်းသွားမည်ဟု ကေအဲန်ယူ(ဗဟို) ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောရှီးရှိုက မေလ ၁၇ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၃ရက်မှ ၄ရက်နေ့အထိ ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ် ကော့လုံကျွန်းရှိ ငှက်ပျောတော ကျေးရွာ၌ ပြုလုပ်ခဲ့သော ကရင်၊ ရှမ်း(သျှမ်း)၊ ကရင်နီ(ကယား)၊ မွန်ပြည်နယ်တို့မှ လူမှုအဖွဲ့အစည်းများ ဒေသခံများ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အပါအဝင် စုစုပေါင်း ၃၀ဝဦးကျော်တက်ရောက်သည့် “သံလွင်အလှစကားဝိုင်းနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ”သို့ ကေအဲန်ယူ၊ လှိုင်းဘွဲမြို့နယ် အတွင်းရေးမှူး ပဒိုစောအယ်ထီးကော်မှ လက်နက်ကိုင်ဆောင်၍ တက်ရောက်ခဲ့ခြင်းကို ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကေအဲန်ယူ ဗဟိုဆက်ဆံရေးရုံးသို့ မေလ ၁ဝရက် နေ့စွဲဖြင့် ကန့်ကွက်စာ ပေးပို့ခဲ့သည်။
ဗိုလ်မှူးစောရှီးရှိုက “ဒါကတော့ အောက်ခြေမှာ ဖြစ်တော့ အောက်ခြေမှာ ပြန်ညှိနှိုင်းရမှာပေါ့။ စာတင်တဲ့လူကတော့ သူတင်ရ မယ့် တာဝန်ရှိလို့ သူ တင်တာပေါ့။ နောက်ပြီး သူ တင်တဲ့စာက သတင်းထောက်တွေလည်းပါတယ်။ သတင်းထောက်တွေက ပွဲရှိတော့ သတင်းသွားယူတာ၊ သူတို့ရှုထောင့်နဲ့သွားတာပဲ။ ဒါပေမယ့် ကန့်ကွက်စာက ရောထွေးပြီးတော့ တင်ထားတာ တွေ့ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းကန့်ကွက်စာထဲတွင် CoC ၏ အခန်း(၃)၊ စာပိုဒ်(၁၀၊ စာပိုဒ်ခွဲ(က)ပါ “လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့်နေရာကိုမဆို လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် လွတ်လပ်စွာသွားလာခွင့်ပြုရန်”ဟူသော သဘောတူညီ ချက်အားလည်းကောင်း၊ စာပိုဒ်ခွဲ(ခ)ပါ “တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာ ရန်လိုအပ်လာပါက နှစ်ဖက် ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန်”ဟူသော သဘောတူညီချက်အားလည်းကောင်း ဖောက် ဖျက်နေသည့်အတွက် ဟူ၍ ရေးသားဖော်ပြထားသည်။
အပစ်ရပ်ကာလအတွင်း နယ်မြေပိုင်းခြားသတ်မှတ်ရေး မလုပ်ဆောင်နိုင်သေးသလို နှစ်ဖက်တပ်များ လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct)ကို အောက်ခြေတပ်ဖွဲ့ဝင်များအထိ နားလည်သဘောပေါက်အောင် ချပြနိုင်ခြင်းမရှိသေးသည့်အတွက် နား လည်မှု လွဲမှားခြင်းဖြစ်ကြောင်း ပြည်နယ်အဆင့် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် နန်းစေအွာက သုံးသပ်ပြောဆို သည်။
ယင်းသို့ လက်နက်ကိုင်ဆောင်သွားလာမှုနှင့် ပတ်သက်၍ ငှက်ပျောတောကျေးရွာမှ ရပ်မိရပ်ဖ စောလေးငယ်က “ကေအဲန်ယူ က ကျနော်တို့ဖိတ်လို့ လာတယ်။ လက်နက်တွေပါရင်လည်း ကျနော်တို့အတွက် ဘာမှကြောက်ဖို့လည်း မလိုသလို ဘာစိတ်အ နှောက်ယှက်မှလည်း မဖြစ်ဘူး။ ကေအဲန်ယူဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် လာနေကျနယ်မြေပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
သံလွင်မြစ်ထဲရှိ အကြီးဆုံးကျွန်းဖြစ်သည့် ကော့လုံကျွန်းတွင် ပြုလုပ်ခဲ့သော ထိုနေ့လှုပ်ရှားမှု အစီအစဉ်သို့ ကရင်၊ ရှမ်း(သျှမ်း)၊ ကရင်နီ(ကယား)၊ မွန်ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ KNU မှ တာဝန်ရှိသူများ၊ ဖားအံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်၊ ကရင်စာပေ/ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် ဒေသခံများ အပါအဝင် စုစုပေါင်း ၃၀ဝဦးကျော် တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြန်မာမြစ်ချောင်းဆိုင်ရာကွန်ရက်(Burma Rivers Network-BRN)၊ သံလွင်ထိန်းသိမ်းရေးဆိုင်ရာကွန် ရက်နှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဖိတ် ကြားချက်အရ ပြည်နယ်တွင်းအခြေစိုက် သတင်းမီဒီယာများလည်း တက်ရောက်သတင်းယူခဲ့ကြောင်း သိရသည်။