မေ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်၍ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကရင်ဝင်းစိန်ကျေးရွာ အထက်တန်း(ခွဲ) စာသင်ကျောင်း၌ ဧပြီ ၂၂ မှ မေ ၂၃ ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သည့် နွေရာသီ အဂင်္လိပ်စာသင်တန်းတွင် တက်ရောက်သူ ၁၅ဝ ဦးရှိကာ ယခင်နှစ်ထက် များပြားလျှက်ရှိသည်။
အဆင့်သုံးဆင့်ဖြင့် လေးတန်းမှ ခြောက်တန်းအထိ၊ ခုနှစ်တန်းမှ ကိုးတန်းအထိ၊ ဆယ်တန်းမှ တက္ကသိုလ်အထိ ဟူ၍ သင်ကြားပေးသည့် အဆိုပါ သင်တန်း၌ ယခင်နှစ်က သင်တန်းသားဦးရေ ၁၀ဝ ဦးမှ ယခုနှစ် ဒုတိယ အကြိမ်တွင် ၁၅ဝ ဦးအထိ တိုးမြင့်လာခြင်းဖြစ်သည်ဟု သင်တန်းဖြစ်မြောက်ရေး စီစဉ်ဦးဆောင်သည့် ဦးဇင်း ဦးပညာဝံသက ယမန်နေ့ သင်တန်းဆင်းပွဲအပြီး ကေအိုင်စီသို့ ယခုလို မိန့်ဆိုသည်။
“ကမ္ဘာသုံးဖြစ်တဲ့ အဂင်္လိပ်စာအရည်အသွေး ပိုကောင်းမွန်လာဖို့ ကလေးတွေအတွက် သင်တန်းပြုလုပ်တာပေါ့။ ဒီနှစ်က တက်ရောက်သူ များလာတယ်။ ဒါတောင် ဦးရေ ကန့်သတ်ထားတာပါ။ အဆင်ပြေရင် ဒီထက်တောင် ဖြစ်သင့်ပါတယ်။ နောက်နှစ်ကျရင် ကွန်ပျူတာသင်တန်းနဲ့ပါ တွဲဖွင့်နိုင်အောင် ဦးဇင်းအနေနဲ့ ရည်မှန်းထားပါတယ်”ဟု ဦးပညာဝံသက မိန့်သည်။
ယင်းသင်တန်း၌ သပြေဖောင်ဒေးရှင်း ဒါရိုက်တာ ဖြစ်သူ ဆရာစောကပိမှ တဆင့် သပြေဖောင်ဒေးရှင်းမှ သင်တန်းဆရာတစ်ဦးနှင့် ဆရာမ နှစ်ဦးတို့၏ အကူအညီဖြင့် ကျောင်းသားကျောင်းသူများအား အဂင်္လိပ်စာ သဒ္ဒါ၊ အရေး၊ အဖတ်နှင့် အပြောဟူ၍ သင်ကြားပို့ချခဲ့ခြင်း ဖြစ်သည်။
သင်တန်းပြုလုပ်ပြီးနောက် ယမန်နေ့က ပြုလုပ်သည့် သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌစောအောင်ကျော်သိန်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင် အပါအဝင် သင်တန်းသား/သူများ၊ ဆရာ/မများ၊ ဒေသခံ ရပ်မိရပ်ဖနှင့် ရွာသူရွာသားများ စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲသို့ တက်ရောက်သည့် ဆရာမ နန်းနှင်းနုနွယ်က “ဒီလိုသင်တန်းရှိတာ အရမ်းကောင်းတယ်။ ကလေးတွေက သဒ္ဒါအပိုင်းမှာ ဆယ်တန်းအထိ ပါသွားမှာလေ။ ကျောင်းစာအတွက်လည်း အများကြီး အထောက်အကူတယ်။ ဒီသင်တန်းရဲ့အစမှာဆို အဂင်္လိပ်လို နှုတ်ဆက်ရင် ကလေးတွေဟာ ကြောင်ကြည့် နေတယ်။ နောက်ပိုင်း နေ့စဉ်သုံးအထိ တော်တော်ပြောတတ်လာတာကို တွေ့ရတယ်”ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်က အလားတူ နွေရာသီ အဂင်္လိပ်စာသင်တန်းကို ချောင်းဆုံမြို့နယ်ရှိ ကရင်ဝင်းစိန်(ဝေါ့ရှီး)၊ စော်ကဲ(ကဆော)၊ မုကွဲ(မုတဲ့ဖာ့) စသည့် ကျေးရွာတို့မှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပြီး ယခုဒုတိယနှစ်မှာမူ ကော့ကဒဲ့ကျေးရွာပါ ပါရှိလာသည်ဟု သင်တန်းစီစဉ်သူများ ပြောပြချက်အရ သိရသည်။