မေ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ပဲခူတိုင်းဒေသ၊ ကျောက်ကြီးမြို့နယ်ရှိ ဘောကထာရေအားလျှပ်စစ်စီမံကိန်း အကြိုဖြစ်နိုင်ခြေ စမ်းသပ်လေ့လာမှု အစီရင်ခံစာအကြမ်း (Pre-feasibility Study Draft Report)ကို ကရင်လူမှုအဖွဲ့အစည်းများနှင့် ကေအဲန်ယူ-က ရင်အမျိုးသားအစည်းအရုံးတို့အား ပြန်လည်တင်ပြဆွေးနွေးပွဲတစ်ခုကို မေလ ၁ဝ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲ ဆောက်မြို့တစ်နေရာ၌ ပြုလုပ်ခဲ့သည်။
နော်ဝေးနိုင်ငံ ရေအရင်းအမြစ်နှင့်စွမ်းအင်ကြီးကြပ်ရေး (NVE)နှင့် (Nor consultant –NC AS )ပညာရှင်အဖွဲ့၏ ယခင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလနှင့်မေလတွင် စီမံကိန်းနေရာသို့ အကြိုစမ်းသပ်ကာလအတွင်း လေ့လာတွေ့ရှိခဲ့ သည့် ရလဒ်များကို NVE အဖွဲ့မှ ကရင်လူမှုအဖွဲ့အစည်းများအား တင်ပြဆွေးနွေးပြီး သဘော ထားမှတ်ချက် ရယူကာ အစီရင်ခံစာကို အချောသတ်နိုင်ရန်အတွက်ဖြစ်သည်ဟု ယင်းစီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီတစ်ခုဖြစ်သည့် သူးလေကုမ္ပဏီလီမီတက်၏ စီမံကိန်း ဒါရိုက်တာ နော်ဆီးဆာက ပြောသည်။
သူမက “အရင်က ကျမတို့ ကွင်းဆင်းလေ့လာတွေ့ရှိချက်အရ ထွက်ပေါ်လာတဲ့ အစီရင်ခံစာအပေါ် ကျမတို့ခေါင်း ဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကို ချပြပြီးတော့ သူတို့ဆီက သဘောထားမှတ်ချက်ရယူပြီး ဒီအစီရင်ခံစာ အ ပေါ် ပြုပြင်သင့်တာကိုဆွေးနွေးပြီး နောက်ဆုံးအစီရင်ခံစာတစ်ခုဖြစ်လာဖို့ကိုရည်ရွယ်တာပေါ့ ” ဟု ကေအိုင်စီသို့ ပြောသည်။
အစီရင်ခံစာအကြမ်းတွင် ဘောကထာရေအားလျှပ်စစ်စီမံကိန်းကို အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း စ သည်ဖြင့် ရေကာတာစီမံကိန်းနေရာသုံးခု တည်ဆောက်သွားမည်ဖြစ်ပြီး အဓိကတည်ဆောက်မည့် ရွေးချယ် ထားသည့်ဖွံ့ဖြိုးမှု အဆင့်(၃) ခု၏ စွမ်းအင်ထုတ်လုပ်မှု၊ စုစုပေါင်း ကုန်ကျစရိတ်နှင့် တွက်ချက်ထားသော စီးပွားရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာညွှန်ပြချက်များ ဖော်ပြထားသည်။
ထို့အပြင် ရေဝပ်ဧရိယာနှင့်ရေဝပ်ဧရိယာအနီးရှိ မိုးလေဝသ၊ ရာသီဥတုနှင့်ဆိုင်သော ဇလဗေဒ ဆိုင်ရာသတင်း အချက်အလက်များကို လေ့လာခဲ့ပြီး အဆင့်သုံးဆင့်ပါသော အနိမ့်ဆုံးစီမံချက်တည်ဆောက်ရန်အတွက် ခန့်မှန်းခြေ ၃၆ လ (သုံးနှစ်)ကြာမြင့်မည်ဟုလည်း ၎င်းအစီရင်ခံစာအကြမ်းတွင် ဖော်ပြပါရှိသည်။
၎င်းတင်ပြခဲ့သည့် အစီရင်ခံစာအကြမ်းအပေါ် ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူ ကရင်မြစ်ချောင်းစောင့်ကြည့်ရေး အဖွဲ့မှ စောသာဘိုးက “ဒီနေ့ရှင်းပြတဲ့ အစီရင်ခံစာအကြမ်းမှာ ရေကာတာကို ဘယ်လိုဒီဇိုင်းနဲ့ တည်ဆောက် မယ်ဆိုတဲ့ နည်းပညာပိုင်းတွေကို တင်ပြတယ်။ နောက်ပြီးမိုးလေဝသနဲ့ ပထဝီအနေအထားတွေကို တင်ပြတယ်။ ဒါပေမဲ့ အကြိုစမ်းသပ်မှုဖြစ်တဲ့အတွက် အချို့ကျနော်တို့သိချင်တဲ့ လုံလောက်တဲ့အဖြေမျိုး ကျနော်တို့မတွေ့ ရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်သည့် ၎င်းဒေသတွင် ရေကာတာတည်ဆောက်ခြင်းအားဖြင့် နိုင်ငံရေး အပေါ် ထိခိုက်နိုင်မည့်အခြေအနေများနှင့်သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးမည့် အခြေအနေ များအပေါ် အကြံပြုထားသည့် အချက်များမပါဝင်သည့်အတွက် ၎င်းအစီရင်ခံစာအပေါ် အားရ ကျေနပ်မှုမရှိဘူးဟုလည်း စောသာဘိုးက ဆက်ပြောသည်။
ယနေ့ ပြုလုပ်သည့် ၎င်းဆွေးနွေးပွဲကို Hope international၊ NVE အဖွဲ့မှကိုယ်စားလှယ်များ၊ ကေအဲန်ယူခေါင်း ဆောင်ကိုယ်စားလှယ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ကိုယ်စားလှယ်များနှင့် စီမံကိန်းဒေသခံ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၂ဝ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကျောက်ကြီးမြို့နယ်၊ အောင်စိုးမိုးကျေးရွာမှ စောသန်းရွှေက “ဒီနေ့ရှင်းပြတဲ့ အစီရင်ခံစာအပေါ်မှာ ကျနော်တို့ဒေသခံတွေ သေသေချာချာနားမလည်သေးပါဘူး။ ကျနော့်အနေနဲ့က ဒီစီမံကိန်း အပေါ်မှာတော့ စိုးရိမ်မှုတွေရှိနေသေးပါတယ်။ ဘာကြောင့်စိုးရိမ်သလဲဆိုတော့ ဒီစီမံကိန်းကြောင့် ထိခိုက်နိုင်မဲ့ အခြေအနေတွေကို ရှေ့ဆက်ဒီထက်ပိုပြီးတော့ လေ့လာဖို့လိုတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
ဘောကထာရေအားလျှပ်စစ်စီမံကိန်းကို အကြိုစမ်းသပ်လုပ်ဆောင်ရန် KNU ၏ သူးလေ ကုမ္ပဏီလီမီတက်မှ ဥက္ကဌ ဖြစ်သူ ဒိုစောတာဒိုမူးနှင့် ယခင်အစိုးရ လျှပ်စစ်စွမ်းအား စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေး ဆန်းတို့က ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့၌ နေပြည်တော်တွင် စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးခဲ့သည်။
ယခုလ မေ ၈ရက်နေ့တွင်လည်း အလားတူ အစီရင်ခံစာအကြမ်းအား တင်ပြဆွေးနွေးမှုအစီအစဉ်တစ်ခုကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၌ ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။



















