(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဧပြီလ ၁၉ရက်)
(သစ်) ဆိုတဲ့စကားလုံးကို တင်ပြဖို့အတွက် နိဒါန်းရှည်ရှည် ပျိုးခွင့်ပြုပါ။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စတဲ့ ပုဂ္ဂိုလ်တွေပြောတဲ့စကား၊ သုံးစွဲသွားတဲ့ စကားလုံးဝေါဟာရတွေကို သတိထားလေ့လာပါတယ်။ ဘာကြောင့်လဲ။ သူတို့ရဲ့ ရပ်တည်ချက်၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေကို သူတို့ပြောတဲ့စကား သူတို့ သုံးစွဲတဲ့ စကားလုံးဝေါဟာရတွေကနေ အထင်အရှား ဖော်ပြနေလို့ပါပဲ။ ဒါကြောင့် သူတို့ အခါအားလျော်စွာပြောတဲ့ မိန့်ခွန်း၊ သဝဏ်လွှာ၊ နှုတ်ခွန်းဆက်အမှာစကား၊ အင်တာဗျူး စတာတွေကို အလေးထား နား ထောင်ဖတ်ရှုလေ့လာရပါတယ်။
ဖတ်ပြီးတဲ့အခါ သူတို့ ပါးစပ်ကပြောတာနဲ့ တကယ့်လက်တွေ့ ကိုက်ညီသလား/ မကိုက်ညီဘူးလားဆိုတာလည်း ဆန်း စစ်ရမှာပေါ့။ ပြောတာနဲ့ လက်တွေ့ပြုမူတာဟာ တစ်ထပ်တည်းကျဖို့ လိုတာပေါ့။ ဒါမှသာ ဖြောင့်မတ်တည်ကြည်တယ်။ ကတိ ကဝတ် တည်ကြည်တယ်လို့ ပြောနိုင်မှာပေါ့။
တပ်မတော်ရဲ့သမိုင်းမှာ အရုပ်ဆိုး၊ အကျည်းတန်လှတဲ့ ကတိဖောက်ဖျက်မှုကြီးတစ်ခု တကယ်ရှိခဲ့ပါတယ်။
“ရွေးကောက်ပွဲပြီးရင် အနိုင်ရတဲ့ပါတီကို အာဏာလွှဲအပ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်”လို့ ကွယ်လွန်သူ (နဝတ) ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်က တိုင်းသိပြည်သိ၊ ကမ္ဘာသိ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်တော့ အဲဒီ ကတိစကားကိုဖောက်ဖျက်ပြီး ၁၉၉ဝပြည့်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရ တဲ့ (NLD)ကို အာဏာလွှဲမပေးတဲ့ ကတိပျက်မှုကြီး ဖြစ်ခဲ့ပါတယ်။
– ရွေးကောက်ပွဲအနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်း မပေးခဲ့ဘူး။
– စစ်တပ်က စစ်တန်းလျား မပြန်ခဲ့ဘူး။ (အခုတော့ အခြေခံဥပဒေ အထက်မှာ နေရာယူထားတယ်)
ဒါဟာ တပ်မတော်ရဲ့သမိုင်းမှာ အကြီးမားဆုံးသော အမည်းစက်ကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ တပ်မတော်မှာ ရာထူးအမြင့်ဆုံး၊ တာဝန်အကြီးဆုံး ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ ကတိကဝတ်ချိုးဖောက်မှုကြီး ဖြစ်ပါတယ်။
ဒီလို ကတိချိုးဖောက်မှုကြီး၊ ကတိပျက်ကွက်မှုကြီးကို ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့နေရာကို ဆက်ခံခဲ့ကြတဲ့ တပ်မ တော် တာဝန်ရှိသူအဆက်ဆက်ကလည်း ပြည်သူလူထုကို တောင်းပန်ခြင်း မရှိခဲ့ပါဘူး။ တပ်မတော်သမိုင်းပြတိုက်ထဲမှာ ကာ ကွယ်ရေးဦးစီးချုပ် အစဉ်အဆက် ဓာတ်ပုံတွေ ပြသထားရာမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ဓာတ်ပုံချိတ်ဆွဲထားတာ မရှိဘူးလို့ ကြားသိရပါတယ်။
ဘာကြောင့် မချိတ်ဆွဲရသလဲ။ ဒီကတိပျက်ကွက်မှုကြီးနဲ့ ဆက်စပ်သလားဆိုတာတော့ သေချာမသိပါဘူး။ ဘာကြောင့် မချိတ်ဆွဲရသလဲ ဆိုတဲ့ တိကျသေချာတဲ့ အကြောင်းပြချက်တော့ ရှိလိမ့်မယ်လို့ ထင်ပါတယ်။
ဒီချုပ်ပါတီက နာယကကြီး ဦးတင်ဦးရဲ့ ဓာတ်ပုံကိုလည်း ကာချုပ်အဆက်ဆက်ဓာတ်ပုံတွေထဲမှာ မတွေ့ရဘူးလို့ ပြော ဆိုတာ ကြားရပါတယ်။ ဒီလို ဖယ်ထုတ်ထားတာမှန်ရင် ဒီလိုလုပ်တာဟာ မလုပ်သင့်၊ မလုပ်ထိုက်တာကို လုပ်တာပါပဲ။ ၁၉၆၂ ကနေ ၁၉၈၈အထိ တိုင်းပြည်နဲ့ လူထုကို မွဲပြာကျအောင် အုပ်စိုးသွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ပုံကိုတော့ ချိတ်ဆွဲထားတယ် မဟုတ်လား။
ဒါကြောင့် တိုင်းပြည်မှာ အဆင့်မြင့်မြင့်၊ တာဝန်ကြီးကြီးယူထားတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်ပြောတဲ့စကား၊ ကိုယ်ပေးတဲ့ ကတိကို တည်တည်ကြည်ကြည်၊ ဖြောင့်ဖြောင့်မတ်မတ်ရှိဖို့၊ တာဝန်ယူဖို့ သိပ်ကို လိုအပ်ပါတယ်။ “ဆိုခဲစေ မြဲစေ” ဆိုတဲ့စကား လည်း အရှိသားပဲ မဟုတ်လား။
(သစ်) ဆိုတဲ့ စကားလုံး အကြောင်းစပြီး တင်ပြပါ့မယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြောကြားတဲ့၊ ပေးပို့တဲ့ မိန့်ခွန်း၊ သဝဏ်လွှာ၊ နှုတ်ခွန်းဆက်အမှာစကားတွေကို ဂရု တစိုက် လေ့လာပါတယ်။ ၂၀၁၆ခုနှစ်၊ မတ်လ ၃ဝရက်နေ့၊ ပြည်ထောင်စုလွှတ်တော်မှာ ပထမဆုံးပြောတဲ့ မိန့်ခွန်းကနေ ယခုနှစ် ၂၀၁၇ခုနှစ် (သကြင်္န်) နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာအထိ စုစုပေါင်း ၈ခုကို ဖတ်ရှုလေ့လာမှတ်သားခဲ့ပါတယ်။
ဒီနှစ် ၂၀၁၇ (သကြင်္န်) နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာမှာ ပါရှိတဲ့ (သစ်) စကားလုံးတစ်လုံးကို သတိပြုမိလို့ပါ။
သတင်းစာ စာစီသမားတွေက မှားပြီး ထည့်လိုက်လေသလားလို့လည်း တွေးမိပါတယ်။ နောက်ရက်တွေမှာ “အမှားပြင် ဆင်ချက် (သို့) ပြင်ဆင်ဖတ်ရှုရန်” ဆိုတဲ့ ကြော်ငြာ ပါလာမလားဆိုပြီးလည်း စောင့်ကြည့်ခဲ့ပါတယ်။ ပါမလာခဲ့ပါဘူး။
ဘာကြောင့် ဒီလိုတွေးမိသလဲဆိုတော့ သမ္မတရဲ့ “ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့ ပထမဆုံးမိန့်ခွန်း”ကနေ “နှစ် ၇ဝပြည့် ပြည်ထောင်စုနေ့သဝဏ်လွှာ”အထိ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး (သို့မဟုတ်) ဒီမိုကရေစီ ဖက်ဒ ရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွန်းများနှင့်အညီ နိုင်ငံတော်နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေး” ဆိုတဲ့ စကားရပ်ကို ရေးသားဖော်ပြရာမှာ (သစ်) ဆိုတဲ့စကားလုံး မပါရှိပါဘူး။
အထက်မှာတင်ပြခဲ့တဲ့ စကားပိုဒ်ထဲမှာပါတဲ့ (ပေါ်ပေါက်ရေး) ဆိုတဲ့စကားစုက တည်ရှိဆဲ အခြေခံဥပဒေကို ပြင်ဆင် တာလည်း ဖြစ်နိုင်သလို/ သီးခြား အခြေခံဥပဒေသစ်တစ်ခု ထပ်မံ ရေးဆွဲမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ထွက်နေပြန်ပါတယ်။
ဒါကြောင့် ကိုယ်လိုရာ ဆွဲယူစေနိုင်တဲ့ နှစ်ခွအဓိပ္ပာယ်ဆောင်နေပါတယ်။
ဒါပေမယ့် သမ္မတဦးထင်ကျော်ပြောကြားတဲ့ ဒီနှစ် (၂၀၁၇) သကြင်္န်နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာထဲမှာတော့ အဲဒီ စကားရပ်ကို ဖော်ပြရာမှာ (သစ်) ဆိုတဲ့ စကားလုံးလေးပါရှိလာပါတယ်။ ဒီစကားလုံးပါရှိလာတဲ့အတွက် ယခင်ကလို ကိုယ်လိုရာ ဆွဲယူနိုင်တဲ့ နှစ်ခွ အဓိပ္ပာယ်မဟုတ်တော့ဘဲ “အခြေခံဥပဒေသစ်” ရေးဆွဲမယ်ဆိုတဲ့ အဓိပ္ပာယ် ရှင်းလင်းကြည်လင်စွာ ပေါ်လွင် လာပါတယ်။
နိုင်ငံတော်သမ္မတရဲ့ (၂၀၁၇ခုနှစ်) သကြင်္န် “နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ”မှာ ဖော်ပြထားတဲ့အတိုင်း ကောက်နုတ် ဖော်ပြပါ့မယ်။
“နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ် ပေါ်ရေးကိုရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းသဘာဝအရ အလွန်နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့် သတိကြီးစွာနဲ့ အစစအရာရာမှာ အထူးသတိထား ဆောင်ရွက်နေ ရပါတယ်”တဲ့။
(သစ်) တစ်လုံး ပါရှိနေတာ ထင်ရှားပါတယ်။
(သစ်) ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို (၂၀၀၈ခုနှစ်၊ ဩဂုတ်) ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ထားတဲ့ မြန်မာ အဘိဓာန်က အခုလို အနက်ပေးပါတယ်။
[သစ်၊ နဝိ – မဟောင်းသော။ မသုံးစွဲရသေးသော။ မကြုံဖူးသေးသော။]
ဒီအတိုင်းသာဆိုရင် လက်ရှိအစိုးရက “ဖွဲ့စည်းပုံအခြေခံဥပဒေသစ်” တစ်ရပ်ရေးဆွဲမယ်လို့ အဓိပ္ပာယ်ကောက်ယူလို့ ရနိုင်ပါလိမ့်မယ်။ သမ္မတရဲ့နှုတ်ခွန်းဆက်လွှာမှာ ပါတဲ့စကားမို့ ဒီစကားဟာ လေးနက်တည်ကြည်မှုရှိလိမ့်မယ်လို့ မျှော်လင့်ရပါ တယ်။ အဂင်္လိပ်ဘာသာနဲ့ထုတ်ဝေတဲ့ (၁၈-၄-၂၀၁၇)ရက်နေ့ထုတ် (GNLM) သတင်းစာမှာတော့ (သစ်)ဆိုတဲ့ စကားလုံးနဲ့ ကိုက်ညီတဲ့ အဂင်္လိပ်စာလုံး တစ်လုံးမှမပါရှိဘဲ။ (As we work for a Constitution that leads towards the emergence of a Democratic Federal Union … ) လို့သာ ပါရှိတာတွေ့ရပါတယ်။
“ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ သစ် တစ်ရပ် ပေါ်ပေါက်ရေး” ဆိုတဲ့စကားရပ်ကို ပုံမှန်အတိုင်း နားလည်သဘောပေါက်မယ်ဆိုရင်တော့
၁။ အဟောင်းမဟုတ်တဲ့ နောက်ထပ် အခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးဆိုတဲ့ အဓိပ္ပာယ်ထွက်ပါတယ်။
၂။ လက်ရှိ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ကို ပြင်ဆင်မယ်လို့ ရည်ညွန်းနေတာလည်း မဟုတ်ဘူးဆိုတာလည်း အင်မ တန်မှ ပေါ်လွင်နေပါတယ်။
“သစ်” ဆိုတဲ့ စကာလုံးလေးပိုမိုပါရှိလာတဲ့အတွက်သာ အခုလို စဉ်းစားနေမိတာပါ။ အတွေးခေါင်နေမိတာလည်း ဖြစ် ချင်ဖြစ်ပါလိမ့်မယ်။ သမ္မတနှုတ်ခွန်းဆက်လွှာထဲမှာ “လုပ်ငန်းသဘာဝအရ အလွန်နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့် သတိကြီးစွာ နဲ့ အစစအရာရာမှာ အထူးသတိထား ဆောင်ရွက်နေရပါတယ်” ဆိုတဲ့စကားလည်း ပါနေသေးတယ် မဟုတ်လား။ သမ္မတကြီးက ကိုယ့်ပြည်သူတွေကို ပြောတာမှာ “အလွန်နူးညံ့သိမ်မွေ့”တွေနဲ့ အလွန်ကို “သံတမန်ဆန်”နေပါတယ်။ တည့်တည့်ရှင်းရှင်းပြော လည်း ရပါတယ်။
“အလွန်နူးညံ့သိမ်မွေ့တယ်”ဆိုတာက “ရှုပ်ထွေးတယ်၊ ခက်ခဲတယ်၊ နက်နဲတယ်၊ မလွယ်ဘူး”လို့ဆိုတဲ့လည်း အဓိပ္ပာယ် တွေလည်း တသီတတန်းကြီးထွက်နေတယ် မဟုတ်ပါလား။
“၂၀၀၈ အခြေခံဥပဒေ”ဟာ ပြင်ဆင်ဖို့ ဘယ်လိုမှ မလွယ်လို့/မဖြစ်နိုင်တော့လို့ “အခြေခံဥပဒေသစ်” ရေးဆွဲမယ်လို့များ သမ္မတကြီးက ပြည်သူတွေကို နှစ်သစ်ကူး မက်ဆေ့ချ်ပေးချင်တာလား။
ဒါမှမဟုတ် မညှာမတာ အပြစ်ဖို့သလို ပြောရရင် သတင်းစာ စာစီသမားတွေကပဲ တညီတညွတ်ထဲ အချွန်နဲ့ ပင့်လိုက် လေသလား။
ညွန်း –
သမ္မတမိန့်ခွန်း (၃၀-၃-၂၀၁၆) မြန်မာ့အလင်းသတင်းစာ
သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ (၁၇-၄-၂၀၁၆) ကြေးမုံသတင်းစာ
အလုပ်သမားနေ့ အခမ်းအနား သဝဏ်လွှာ (၁-၅-၂၀၁၆) ကြေးမုံသတင်းစာ
နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား (၁-၁-၂၀၁၇) ကြေးမုံသတင်းစာ
လွတ်လပ်ရေးနေ့အခမ်းအနား သဝဏ်လွှာ (၁-၄-၂၀၁၇) ကြေးမုံသတင်းစာ
နှစ် ၇ဝ ပြည့်၊ ပြည်ထောင်စုနေ့ အခမ်းအနား သဝဏ်လွှာ (၁၂-၂-၂၀၁၇) ကြေးမုံသတင်းစာ
တောင်သူလယ်သမားနေ့ အခမ်းအနားသဝဏ်လွှာ (၂-၃-၂၀၁၇) ကြေးမုံသတင်းစာ
သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ ( ၁၇-၄-၂၀၁၇) မြန်မာ့အလင်းသတင်းစာ