(စောမျိုးမင်းသူ)
မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းဟာ နိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် အလွန်အရေးပါတဲ့ ရေရှည်စီမံကိန်းတစ်ရပ်ဖြစ်ပါတယ်။ လာမဲ့ ငါးနှစ်တာအတွက် ရေးဆွဲထားတဲ့ ဒီစီမံကိန်းထဲမှာ အားသာချက်နဲ့ အပြုသဘော ပြောင်းလဲတိုးတက်မှုများစွာရှိတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် အားသာချက် (၄)ချက်ရှိတယ်လို့ ကျနော်ယူဆပါတယ်။ အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများ ပြည်တွင်းပြည်ပ ပညာရှင်များရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ သုတေသန၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ကြပြီးတော့ ဘက်ပေါင်းစုံ စဉ်းစားပြီး ပြုစုထားတဲ့ မဟာ ဗျူဟာစီမံကိန်းဖြစ်တဲ့အတွက် အတော် ပြည့်ပြည့်စုံစုံ ရှိတယ်လို့ ပြောလို့ရပါတယ်။
(၁) အစိုးရပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်း အစီအစဉ် (၃)မှာ မတူကွဲပြားခြားနားတဲ့ ဘာသာ စကားပြောသော တိုင်းရင်းသား၊ ကလေးငယ်များအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများရဲ့ ကြီးကြပ်မှုနဲ့ တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲခြင်းနဲ့ သင်ကြားပေးခြင်းဆိုတာကို တွေ့ရပါတယ်။ ဒါ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုပါ။ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများရဲ့အခန်းကဏ္ဍကို ပညာရေးနယ် ပယ်မှာ ဖွင့်လိုက်တဲ့သဘောလည်းဖြစ်သလို တိုင်းရင်းသားဘာသာစကားနဲ့ ယဉ်ကျေးမှုများ ထိန်းသိမ်းမြှင့်တင်ခြင်း ကို formal education sector မှာ သတ်သတ်မှတ်မှတ် ထည့်သွင်းလိုက်တဲ့သဘော ဖြစ်ပါတယ်။ ဦးစားပေးမှုလုပ် ငန်းထဲက တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဝမ်းသာကြိုဆိုရမှာပါ။
(၂) နောက်တစ်ခုတော့ 21st Century Competencies အပါအဝင် ကလေးလူငယ်များရဲ့စဉ်းစားတွေးခေါ်နိုင်မှုနဲ့ ဝေ ဖန်ပိုင်းခြားနိုင်မှုများကို တွန်းအားပေးမဲ့ အစီအစဉ်များလည်း သိသိသာသာ ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါက အင်မတန် အရေးကြီးပါတယ်။ သင်ရိုးညွှန်းတမ်းပြုစုရာမှာ အဓိကထားပြီး ထည့်သွင်းစဉ်းစားရမယ့်ကိစ္စပါ။ IT နည်း ပညာပိုင်းကို ဦးစားပေးသလို Critical Thinking အပိုင်းလည်း ပိုပြီး တွန်းအားပေးဖို့ လိုအပ်ပါတယ်။
(၃) သူငယ်တန်းပညာရေးအပြီး ပညာသင်နှစ် စုစုပေါင်း (၁၂)နှစ်အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းကို ပြန် လည် ပြင်ဆင်ရေးဆွဲမယ် ဆိုတဲ့အချက်ကလည်း သိသာတဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒေသတွင်းနိုင်ငံများနဲ့သော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများနဲ့သော်လည်းကောင်း၊ ရင်ဘောင်တန်းနိုင်ဖို့အ တွက် ပြီးတော့ နိုင်ငံတကာ ပညာရေးစနစ်၊ အဆင့်အတန်းများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ အနည်းဆုံးတော့ ASEAN တိုင်းပြည်များနဲ့ သဟဇာတဖြစ်ဖို့လည်း လိုပါတယ်။ ASEAN Education Community မှာ compatibility ရှိဖို့လည်း လိုအပ်ပါတယ်။ ကျနော်သိရသလောက်ကတော့ ကျနော်တို့နိုင်ငံတစ်နိုင်ငံပဲ အခြေခံပညာ ရေးမှာ (၁၁)နှစ်ပဲ သင်ကြားပြီးတော့ တက္ကသိုလ်ဝင်ခွင့်ကိုပေးတဲ့အတွက် ကလေးတွေဟာ (၁၆)နှစ်အရွယ်ကတည်း က ဘဝရဲ့အရေးကြီးဆုံးသော ဆုံးဖြတ်ချက်များကို ချရပါတယ်။
ပြီးတော့ အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ပညာရေးစနစ်များနဲ့ သဟဇာတဖြစ်မှု မရှိတဲ့အတွက် လူငယ်တွေရဲ့ Educational mobility and transferability မှာ အများကြီး အခက်အခဲတွေနဲ့ တွေ့ကြုံရပါတယ်။
(၄) နောက်တစ်ခုကတော့ အဆင့်မြင့်ပညာရေးအပိုင်းပါ။ ဒီအပိုင်းမှာ တက္ကသိုလ်ပဋိညာဉ်စာတမ်းတွေ ရေးဆွဲစေပြီး တော့ အဆင့်မြင့်ပညာကျောင်းများရဲ့လွတ်လပ်ခွင့် (autonomy)ကို ပိုမိုတိုးချဲ့ပြီး စီမံခန့်ခွဲမှု ခိုင်မာအားကောင်းလာ စေဖို့ ဆိုတဲ့အချက်လည်း သိသာထင်းရှားတဲ့တိုးတက်မှုတစ်ခုလို့ ဆိုရမှာပါ။ ဒီနေရာမှာ တက္ကသိုလ်များရဲ့ ကိုယ်ပိုင် စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့်၊ အထူးသဖြင့် ဘဏ္ဍာငွေသုံးစွဲခြင်းမှာ လွတ်လပ်ခွင့်၊ ဆရာဆရာမများ ခေါ်ယူခန့်ထားခြင်း၊ ကျောင်းသားလက်ခံခြင်း အစရှိတဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို တက္ကသိုလ်တစ်ခုစီက ပိုပြီး လွတ်လွတ်လပ် လပ် လုပ်ပိုင်ခွင့်ရှိလာဖို့ရယ် ကျနော်တို့ မျှော်လင့်ပါတယ်။ ပညာရေးကဏ္ဍမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတွေရဲ့လုပ်ပိုင်ခွင့်၊ ပါဝင်ခွင့်ကလည်း သိပ်အရေးကြီးပါတယ်။ အဲဒါ ကို အသိအမှတ်ပြုပြီး ချဲ့ထွင်ဖို့လည်း လိုအပ်ပါတယ်။
ဆိုလိုချင်တာက ကျနော်တို့မျှော်မှန်းပြီး တည်ထောင်ဖို့ ကြိုးစားနေတဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီ မဲ့ ပညာရေးကဏ္ဍဆိုင်ရာ ပြောင်းလဲမှုများကိုလည်း စပြီး အကောင်အထည်ဖေါ်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ် မှာပါ။
အားနည်းနေသေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။
သိသိသာသာ တွေ့ရတာကတော့ ပညာရေးကဏ္ဍမှာ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချသွားဖို့ အစီအစဉ်မရှိတာ ကို တွေ့ရပါတယ်။ အခြေခံ၊ အဆင့်မြင့်နဲ့ အသက်မွေးဝမ်းကြောင်းပညာရေး အစရှိတဲ့ ကဏ္ဍအားလုံးမှာ ဗဟိုကနေ အဓိကတာဝန်ယူပြီး လုပ်ရမယ်၊ အကောင်းအထည်ဖေါ် ဆောင်ရွက်ရမယ် ဆိုတဲ့အချက်ကိုက မပြောင်းလဲသေးတဲ့ အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။ ကျနော့်တစ်ဦးတည်းအနေနဲ့ ယူဆတာက ပြည်တွင်းပုဂ္ဂလိကပညာရေး အခန်း ကဏ္ဍကိုလည်း ပိုမို ကျယ်ပြန့်လာအောင် ဖွင့်လှစ်ပေးဖို့ လိုပါတယ်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများကနေပြီးတော့လည်း အဆင့်မြင့်ပညာရေးမှာ ၎င်းတို့ရဲ့ သင်ရိုးလွတ်လပ်ခွင့်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့လိုမယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးမှုမှာ ဗဟိုအစိုးရကပဲ ဦးဆောင်တဲ့ ပညာရေးတစ်ခုတည်းကိုသာ အားကိုးနေရအုံးမယ်ဆိုရင်တော့ အားနည်းနေမယ်လို့ ယူဆပါတယ်။ အစိုးရအနေနဲ့က တော့ စံချိန်နှုန်း သတ်မှတ်ခြင်းနဲ့ အသိအမှတ်ပြုခြင်းအပိုင်းကို ဦးစားပေးပြီး စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။
ဒီနေရာမှာ နောက်ဆုံး အရေးကြီးတဲ့ အချက်တစ်ခုကို ထောက်ပြ အကြံပြုလိုပါတယ်။ အဲဒါကတော့ ကျနော်တို့နိုင်ငံ မှာ အခုလက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာမှာ ဒီဖြစ်စဉ်နဲ့လည်း ဟန်ချက်ညီအောင် ထိန်းညှိ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုနိုင်ငံကို ထူထောင်ကြမယ်လို့ဆိုတဲ့နေရာမှာ အဲဒီနိုင်ငံရေးစနစ်၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ အစရှိတာတွေနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုးကိုလည်း စတင် အကောင်အထည်ဖေါ်ဖို့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေရေးကို ဦးစားပေး လုပ်ဆောင်နေတဲ့ ကာလအတွင်း လက်ရှိ အစိုးရအနေနဲ့ ပညာရေးနယ်ပယ်အဆင့်ဆင့်က သင်ရိုးညွှန်းတမ်းတွေကို ပြုစုတဲ့အခါမှာ ငြိ်မ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ပံ့ပိုးအထောက်အကူဖြစ်စေမည့်အချက်တွေကို စဉ်းစားပြီး တော့ ပြုစုဖို့ လိုအပ်ပါလိမ့်မယ်။ Peace Education နဲ့ Education for Peace Policy ဆိုတဲ့အခြေခံ လမ်းညွှန်တွေကို ဒီမဟာဗျူဟာစီမံကိန်းရေးဆွဲရာမှာ ထည့်သွင်းရေးဆွဲပြီး တစ်ပြိုင်တည်း အစပြုနိုင်မယ်ဆိုရင်တော့ အနာဂတ် မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ ပညာရေးကဏ္ဍကနေပြီးတော့လည်း ပံ့ပိုးတည် ဆောက်ပေးနိုင်မှာဖြစ်ကြောင်း အကြံပြုပါရစေ။