မတ် ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
ဒေသအတွင်း တီဘီရောဂါ ကာကွယ်တားဆီးနိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း တီဘီစီမံချက် တာဝန်ခံ ဆရာဝန်များ ဦးဆောင်၍ ဆေးယဉ်ပါးတီဘီအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ တစ်ခုကို ကရင်ပြည်နယ် လှာကာကျေးရွာတွင် ပထမဆုံးအကြိမ်အဖြစ် ယနေ့ (မတ် ၂၄ရက်)တွင် ပြုလုပ်ခဲ့ကြ သည်။
ဟောပြောပွဲတွင် ဦးဆောင်ပါဝင်သည့် ဒေါက်တာ ဝေဝေအောင်က “အခု မြန်မာနိုင်ငံကပေါ့နော်။ တီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံသုံးဆယ်မှာလည်း ပါတယ်ပေါ့။ အခုနောက်ပိုင်းမှာ ဆေးယဉ်ပါးတီဘီဆိုတာလည်း ဖြစ်လာပြီ။ ဆေးယဉ်ပါးတီဘီ အဖြစ်များဆုံးနိုင်ငံလည်း ပါနေတဲ့အတွက်ကြောင့် ရောဂါနဲ့ပတ်သက်ပြီး လာပြီးကျင်းပရခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် နှစ်စဉ် ရိုးရိုးတီဘီနှင့် (ရိုးရိုးတီဘီထက် ပြင်းထန်သည့်) ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားသူပေါင်း တစ်သိန်းလေးသောင်း (၁၄,၀၀၀) ဖြစ်ပွားနေပြီး လက်ရှိ ဖားအံမြို့နှင့်အနီးတဝိုက် ဒေသခံများ မှ ဖားအံဆေးရုံသို့ ဆေးယဉ်ပါးတီဘီ ကုသမှုခံယူသူ ၄ဝ ကျော်ရှိကြောင်းနှင့် ယခု ဟောပြောပွဲ တက်ရောက်သူ ထဲတွင် တီဘီရောဂါဝေဒနာရှင် တစ်ဦးပါရှိကြောင်း သူမက ဆက်ပြောသည်။
ထို့အပြင် ဟောပြောပွဲပြုလုပ်ရာတွင် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားစေသည့် အကြောင်းအရင်းများ၊ ဖြစ်ပွားနိုင်သူများ၊ ရောဂါလက္ခဏာများ၊ ကုသနည်းများ၊ ကာကွယ်ရန် နည်းလမ်းများနှင့် အခမဲ့ ကုသနိုင် သည်တို့ကို ဟောပြောသည့်အပြင် ရောဂါဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကိုလည်း တက်ရောက်လာသူများအား ပေးဝေခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ လှာကာကျေးရွာအုပ်စုနှင့် မြိုင်ကလေး ကျေးရွာအုပ်စုတို့ရှိ လှာကာ၊ မန္တလေးကုန်း၊ ပဲကုန်း၊ ဇရပ်ဖြူ၊ ရွာကြီး၊ ကျောင်းတက်၊ ကွက်သစ် စသည့် ကျေးရွာတို့မှ တာဝန်ရှိသူများ၊ ဒေသခံများ စုစုပေါင်း ၉ဝ ခန့် တက်ရောက်ခဲ့ကြသည်။
“တီဘီရောဂါနဲ့ ပတ်သက်ပြီး အခုလို လာရောက် ဟောပြောပေးတာ အကျိုးရှိတယ်လို့ မြင်ပါတယ်။ ကျနော်တို့ မသိသေးတဲ့ တီဘီရောဂါအကြောင်းကိုလည်း အများကြီး သိလာရတယ်။ ရောဂါဖြစ်ရင်တော့ ခြောက်လ၊ တစ်နှစ် ဆေးသောက်ရမှာပေါ့”ဟု ဟောပြောပွဲ တက်ရောက်သည့် လှာကာကျေးရွာ ဒေသခံ စောအောင်သောင်းက ပြောသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း၌ အလားတူ ဟောပြောပွဲကို ဖားအံမြို့တွင် နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခု လှာကာကျေးရွာသို့ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း ဟောပြောတွင် ပါဝင်သည့် ဆရာဝန်များက ဆိုသည်။
ဆေးယဉ်ပါးတီဘီ ပညာပေးဟောပြောပွဲကို တစ်နှစ်လျှင် (၂၁)ကြိမ်နှုန်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ပြုလုပ်နေပြီး ယခုနှစ် သုံးလတာအတွင်း၌ ရန်ကုန်တိုင်း၌ သန်လျင်၊ သာကေတ၊ တောင်ဒဂုံ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ဖျာပုံ၊ ပြည်နှင့် ကရင်ပြည်နယ်တွင် ဖားအံ စသည့်မြို့နယ်တို့တွင် ပြီးစီးကာ မွန်ပြည်နယ် မော်လမြို့တွင် ဆက်လုပ်သွားရန်ရှိသည်ဟု ဒေါက်တာ ဝေဝေအောင်၏ ပြောဆိုချက်အရ သိရသည်။



















