ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး -KNU မှ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ကွန်ဂရက်တွင် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် -DKBA နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ -KNU/KNLA-PC တို့ကို လေ့လာသူများ အဖြစ် ပါဝင်တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း KNU ၏ ကွန်ဂရက် ကျင်းပရေးကော်မတီထံမှ သိရသည်။
အဆိုပါ အဖွဲ့များသည် KNU ကွန်ဂရက်တွင် ပထမဆုံး အကြိမ် ပါဝင်တက်ရောက်လာမည့် ကရင်လက်နက်ကိုင်အဖွဲ့များ ဖြစ်ပြီး ၎င်းအဖွဲ့များအား ဖိတ်ကြားရခြင်းနှင့် ပတ်သက်၍ ကွန်ဂရက် ကျင်းပရေးကော်မတီ ဥက္ကဌ ပဒိုစော သောသီဘွဲ က ယခုလို ပြောသည်။
“သူတို့အနေနဲ့ KNU နဲ့အတူ NCA(တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) ကို အတူတကွ လက်မှတ်ထိုး ထားတဲ့ အဖွဲ့တွေဖြစ်သလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ အတူတကွ လုပ်နေကြတဲ့အဖွဲ့တွေလည်းဖြစ်တယ်။ KNU ဘက်ကလည်း အရင်ကတည်းက သူတို့တွေပါဝင်လာနိုင်ဖို့ သဘောထားတွေရှိကြတဲ့အပေါ်မှာ KNU ဗဟိုအလုပ်အမှုဆောင်ကော် မတီ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”ဟု ပဒိုစောသောသီဘွဲက ပြောသည်။
ထို့အပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်- DKBA နှင့် KNU/ KNLA –PC ငြိမ်းချမ်းရေးကောင်စီတို့မှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၃ ဦးစီ ဖိတ်ကြားမည်ဖြစ်ပြီး လက်ရှိ အခြေအနေများအရ သီးခြားရပ်တည်နေ ကြသည့်အဖွဲ့ များဖြစ်သည့် အတွက် ကိုယ်စားလှယ်များ အနေဖြင့် မဟုတ်သော်လည်း ကွန်ဂရက်တွင် ပါဝင်ဆွေးနွေးမှုများပြုလုပ်နိုင်ကြောင်း ပဒို စောသောသီဘွဲက ဆက်ပြောသည်။
ယခု KNU ကွန်ဂရက်သို့ တက်ရောက်ရန် ဖိတ်ကြားမည့် DKBA နှင့် KNU/KNLA –PC ငြိမ်းချမ်းရေးကောင်စီမှာ ၁၉၉၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင် KNU အဖွဲ့မှ ခွဲထွက်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုများတွင် KNU နှင့် အတူတကွပူးပေါင်း လုပ်ဆောင်နေကြသည့် အဖွဲ့များဖြစ်သည်။
DKBA ဗဟို စစ်ဌာနချုပ်ရုံးမှ စစ်ဦးစီး (တတိယတန်း) ဗိုလ်ကြီးစောဘလက်က “ဒီကိစ္စက တရားဝင်ပြောကြား လာတာ တော့မရှိသေးပါဘူး။ DKBA တို့ PC တို့ဆိုတာ မိခင် KNU ရဲ့ သားသမီးတွေပဲ ဖြစ်ပါတယ်။ အမှန်တကယ်သာ တက်ရောက်ခွင့်ရမယ်ဆိုရင် ကျနော်တို့တွေ ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်သွားဖို့အတွက် ဒါက ကောင်းမွန်တဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ ပြည်တွင်းရှိ ကရင်နိုင်ငံရေးပါတီ ၅ ပါတီနှင့် ကရင်လူမှုအဖွဲ့အစည်းများအတွက် လေ့လာသူ ၁၅ ဦး သတ်မှတ် ထားပြီး ပြည်ပနိုင်ငံအသီးသီးရှိ KNU မှ တရားဝင်ခန့်အပ်ထားသည့် ကိုယ်စားလှယ်များမှ လေ့လာ သူများအဖြစ် ၈ ဦးနှင့် ပြည်ပ ကရင်လူမှုအဖွဲ့အစည်းများအတွက် အဖွဲ့အစည်းတစ်ခုလျှင် လေ့လာသူ ၂ ဦး တက်ရောက်နိုင်ရန် ဖိတ်ကြားမည်ဟု KNU၏ ကျင်းပရေးကော်မတီထံမှ သိရသည်။



















