ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ စောထွန်းလင်း
အင်တာနက် လူမှုကွန်ရက်များမှ တစ်ဆင့် ပိုးကရင် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူ စသူ လှိုင်ဝင်း(စခန့်သူလှိုင်)အား ၂၀၁၆ ခုနှစ်၊ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ရွေးချယ်ချီးမြှင့်လိုက်သည်ဟု ဖန်းဖောင်ဒေးရှင်းက ယနေ့(ဖေဖော်ဝါရီ ၁၄ ရက်) ထုတ်ပြန်ကြေငြာလိုက်သည်။
စသူလှိုင်ဝင်းအနေဖြင့် အနောက်ပိုး ကရင်အကျိုးပြုလူငယ်အဖွဲ့ ကိုရီးယားဌာနခွဲတာဝန်ခံ အဖြစ်ဆောင်ရွက် နေပြီး အနောက်ပိုးကရင် စာပေအကျိုးပြု ကရင်လူငယ်အဖွဲ့ကို စတင်တည်ထောင်ပြီး အာဏာရှင်များ ဖျောက် ဖျက်ရန် ကြိုးစားခဲ့သည့် စာပေယဉ်ကျေးမှုကို ရှင်သန်နိုင်အောင် ဦးဆောင် တက်ကြွစွာလှုပ်ရှားခဲ့သည့် အတွက် ယခုလို ရွေးချယ်ဆုချီးမြှင့်ခြင်းဖြစ်သည်ဟု ပဒိုမန်းရှာလားဖန်း သားသမီးများတည်ထောင်ထားသည့် ဖန်းဖောင်ဒေးရှင်းမှ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါ ၂၀၁၆ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ပေးအပ်ပွဲ အခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတ နော်မြို့နယ်၊ တောကျောင်းကျေးရွာရှိ ပဒိုမန်းရှာ အစ်ကို မန်းတင်ရွှေနေအိမ် ခန်းမဆောင်၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁ဝ နာရီတွင် ပြုလုပ်သည့် ပဒိုမန်းရှာ ကျဆုံးခြင်း ၉ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် ဆုရ စသူလှိုင်ဝင်းကို ဖန်းဖောင်ဒေးရှင်း ကိုယ်စား မန်းတင်ရွှေက ဆုချီးမြှင့်ပေးခဲ့သည်။
ဆုရရှိသူ စသူလှိုင်ဝင်းက “ ကျနော် ၂၀၁၄ မှာ ကိုရီးယားကိုရောက်ရင်း အွန်လိုင်းက တစ်ဆင့် အနောက်ပိုး ကရင်စာပေသင်ကြားရေး ကိစ္စတွေကို စလုပ်ဖြစ်တယ်။ ကျနော့် အနေနဲ့ ကတော့ ပဒိုမန်းရှာလားဖန်းဆုကို ထိုက်တန်တယ်လို ့မခံယူဘူး။ ပဒိုမန်းရှာဆိုတဲ့ ဂုဏ်ပုဒ်က တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသလို ဒီမိုကရေ စီတော်လှန်ရေး ခေါင်းဆောင် တစ်ဦးလည်းဖြစ်တယ်။ ကို်ယ်တတ်နိုင်သလောက် အမျိုးသားရေးလုပ်ဆောင် တဲ့ အပေါ်မှာ အသိအမှတ်ပြုခံရလို့ အရမ်းဝမ်းသာတယ်။ လူငယ်တွေကို တိုက်တွန်းပြောချင်တာကတော့ ကိုယ့် လူ မျိုးအတွက် ပညာတတ်မှ မဟုတ်ဘူး၊ ကိုယ်ရှိတဲ့ အင်အားနဲ့ ကျရာနေရာက လုပ်ကြပါလို့ ပြောချင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စသူလှိုင်ဝင်းသည် ကျုံပျော်မြို့နယ်၊ တောကြီးအုပ်စု၊ ပန်းမြိုင်ကုန်းကျေးရွာနေ မန်းစောဝင်း-နော်ဖောမူခါးတို့မှ ၁၉၈၁ ခုနှစ်၊ မေ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ ဦးအနက် ဒုတိယမြောက်သားတစ်ဦးဖြစ်သည်။ သူ သည် အဝေးသင်တက္ကသိုလ် သမိုင်းဘာသာရပ်ဖြင့် ဒုတိယနှစ်အထိ ကျောင်းတက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ စိုက်ပျိုးရေး အလုပ်သွားရောက်လုပ်ကိုင်ရင်း ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၅ ရက် နေ့တွင် ကိုရီးယားနိုင်ငံရောက် ကရင်လူငယ်များစုစည်းကာ စုစည်းကာ အနောက်ပိုးကရင်စာပေ အကျိုးပြု က ရင်လူငယ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။
အနောက်ပိုးကရင် စာပေ အကျိုးပြု ကရင်လူငယ်အဖွဲ့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပိုးကရင်စာ သင်ကြား နိုင်ရေးအတွက် မြို့နယ်အလိုက် စာယဉ်များနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သလို အဖွဲ့ရန်ပုံငွေရရှိရေးနှင့် အဖွဲ့လုပ်ငန်းဆောင်တာများကို လူမှုကွန်ရက် ဖေ့ဘွတ်မှ တစ်ဆင့် နိုင်ငံတကာရောက် ကရင်လူငယ်များ၊ ပြည် တွင်း ကရင်လူငယ်များနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့ပြီး အဖွဲ့ စတင် တည်ထောင်ချိန်မှ စ၍ ယနေ့ထိ ကျပ်သိန်း ၁၀ဝ ကျော် စာပေသင်ကြားရေး၊ ရေဘေးအလှူငွေများ လုှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။
ဖန်းဖောင်ဒေးရှင်း -Phan Foundation ကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ မသမာသူ သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရသော ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာ လားဖန်းနှင့် ကွယ်လွန်သူ နမ့်ရွှေကျင်တို့အား ဂုဏ်ပြုသည့်အနေဖြင့် ကျန်ရစ်သူ သားသမီးများဖြစ်ကြသော စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က တည်ထောင်ခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်သော ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ညောင်လေးပင်ခရိုင်မှ နော်ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ စောညွှန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ နော်ဒီဇင်ဘာဖော၊ Free Burma Ranger အဖွဲ့မှ စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့-KWEG မှ နမ့်သန္တာအောင်၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ နော်ကညောဖော၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ နော်ဆာမူးနှင့် Hpa –An Youth Network မှ စရှိုင်းတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီဖြစ်သည်။



















