ဖေဖော်ဝါရီ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောခါးစူးညား
ပညာသင်စရိတ် ခက်ခဲနေသည့် ဖားအံမြို့ ပညာရေးကောလိပ်၊ ဆရာအတတ်သင် ဒီပလိုမာသင်တန်း တက် ရောက်သည့် ကျောင်းသားကျောင်းသူ ၄၂ ဦးအား ကရင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ စော အေးမြမှ ရင်းနှီးသည့် မိတ်ဆွေများထံ ကောက်ခံ၍ ရရှိငွေ ၄၆ သိန်းကျော်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပေးအပ်ခဲ့သည်။
ကျောင်းတက်ရောက်ရာ၌ ပညာရေးစရိတ် အခက်အခဲဖြစ်နေသော ပထမနှစ်နှင့် ဒုတိယနှစ် တက်ရောက်နေ သည့် ဖားအံပညာရေးကောလိပ် ကျောင်းသားကျောင်းသူများကို ထောက်ပံ့ကြေးပေးရန် ဖားအံမြို့အနီး သုစိတ္တ ရာမ တောရဘုန်းတော်ကြီးကျောင်း၌ အခမ်းအနားကျင်းပပြီး ထောက်ပံ့ကြေးပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် စာယဉ် ဥက္ကဌ စောအေးမြက ပြောသည်။
“ကရင်တွေ နေထိုင်တဲ့ အနယ်နယ်အရပ်ရပ်က ဒီပညာရေးကောလိပ်ကို တက်ရောက်နေတဲ့ ကလေးတွေထဲက မိဘတစ်ချို့မှာ ငွေကြေးအဆင်မပြေကြဘူး။ သားသမီးတွေကို အပြည့်အဝ မထောက်ပံ့နိုင်ကြဘူး။ ဒါကို ဆရာတော်၊ သံဃာတော်တွေအပါအဝင် ကျနော် ရင်းနှီးတဲ့ မိတ်ဆွေအချို့တို့ စုပေါင်း အလှူငွေထည့်ပြီး တတ်နိုင်သလောက် ထောက်ပံ့တာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ထောက်ပံ့ကြေးများ ပေးအပ်ရာ၌ အမည်စာရင်း တင်သွင်းလာသည့် ကျောင်းသားကျောင်းသူများကို အမှန်တကယ် ထောက်ပံ့သင့်သူများကို အဆင့်အလိုက် စိစစ်ရွေးချယ်ကာ တစ်ဦးချင်း လိုအပ်ချက်အပေါ် မူတည်၍ ကျပ်ငွေ ၈ သောင်းမှ ၁ သိန်းငါးသောင်းအထိ ပေးအပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထောက်ပံ့ကြေးငွေ ပေးအပ်ခံထားရသည့် အဆိုပါ ကျောင်းသားကျောင်းသူများသည် ကျောင်းပြီးသည့်အခါ သက်ဆိုင်ရာ ရပ်ရွာဒေသများသို့ ပညာရေးဝန် ပြန်လည်ထမ်းကြသူများဖြစ်ကြပြီး ၎င်းတို့သည် ကရင်ပြည်နယ်ရှိ ဖားအံ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ လှိုင်းဘွဲ၊ ကော့ကရိတ် စသည့် မြို့နယ်များအပြင် မွန်ပြည်နယ် ပေါင်မြို့နယ်မှလည်း ပါဝင်ကြောင်း ထောက်ပံ့ကြေးစာရင်းတွင် ဖော်ပြထားသည်။
“ကျနော်တို့ကို အခုလို လာကူညီပေးတာ ကျေးဇူးကြီးလှပါတယ်။ အားအင်တစ်ခု ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ကျောင်းပြီးရင် သင်ယူထားတဲ့ ပညာနဲ့ ကျနော့်လူမျိုးနဲ့ ရပ်ရွာဒေသအတွက် ပရဟိတစိတ်ထားပြီး တတ်စွမ်း သမျှ ပြန်လည်အကျိုးပြုသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”ဟု ထောက်ပံ့ကြေးရရှိသူ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်စောမှ ဖားအံပညာရေးကောလိပ် ကျောင်းသား စောကျော်ရဲနိုင်က ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်း၌လည်း ဖားအံမြို့ ပညာရေးကောလိပ်၊ ဆရာအတတ်သင် ဒီပလိုမာသင်တန်း တက်ရောက်နေသည့် ပထမနှစ် ကျောင်းသားကျောင်းသူ ၁၇ ဦးအား အလားတူ ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရသည်။