ဖေဖော်ဝါရီ ၂၃ရက်၊ ၂၀၁၇ခုနှစ်။ စောထွန်းလင်း
ပြည်တွင်းစစ်ဒဏ်ကြောင့် နယ်စပ်ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခိုလှုံခဲ့ရပြီး ဒုက္ခသည်စခန်းများရှိ ကျောင်းများတွင် ပညာသင် ကြားခဲ့ရသော လူငယ်များ၏ အနာဂတ်ကို စဉ်းစားပေးသည့်အနေဖြင့် နယ်စပ် ဒုက္ခသည်စခန်းများရှိ ပညာရေးစနစ်ကို အသိအ မှတ်ပြုပေးရန် ကရင်ကျောင်းသားများကွန်ရက်အဖွဲ့ (Karen Students’ Network Group – KSNG) ဥက္ကဌ စောထူးထူးစေး စတင်းက ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ ဂရင်းဟေး (Green Hill) ဟိုတယ်၌ ဖေဖော်ဝါရီ ၂၂ရက် နေ့က ကရင်ကျောင်းသားများကွန်ရက်နှင့် ဘားမားလင့်ခ်အဖွဲ့တို့ ဦးဆောင်ပြုလုပ်သည့် ‘ အသိအမှတ်ပြုမခံရသော ခေါင်း ဆောင်များ၊ မနက်ဖန်၏ မျှော်လင့်ချက်များနှင့်တကွ မေ့လျော့ခံနေကြရသော လူငယ်တို့၏ ရင်ဖွင့်သံများကို မြှင့်တင်ပေးခြင်း’ မှတ်တမ်းရုပ်ရှင်ပြပွဲ အခမ်းအနားတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့တောင်းဆိုချက်ပေါ့နော်။ အလှူရှင်တွေ နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေ ကျနော်တို့ ဒုက္ခသည်ပညာရေးနဲ့ ဒုက္ခ သည်တွေကို ဆက်ကူညီပါ။ ထောက်ပံ့ပေးပါ။ နောက်တခုက အစိုးရနဲ့တာဝန်ရှိသူတွေကို ပြောချင်တာပေါ့နော်၊ အခု ဒုက္ခသည် စခန်းမှာရှိတဲ့ ပညာရေးစနစ်ကိုလည်း အသိအမှတ်ပြုပေးပါ။ နောက် မြန်မာပြည်မှာရှိတဲ့ အသိအမှတ်ပြု တက္ကသိုလ်တခုခုမှာ တက်ရောက်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု စောထူးထူးစေးစတင်းက ပြောသည်။
ထို့အပြင် ဒုက္ခသည်စခန်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများသည် နိုင်ငံသားများပင်ဖြစ်ကြပြီး အခြေ အနေအရ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေရသလို ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေးတွင် ပူးပေါင်း ပါဝင်ချင်သလို မိမိနိုင်ငံပြန်လာပြီး အကျိုးပြု လုပ်ကိုင်ချင်ကြောင်း KSNG ဥက္ကဌက ဆက်ပြောသည်။
မနက် ၁ဝနာရီမှ နေ့လည် ၁၂နာရီထိ အချိန် တစ်နာရီနီးပါးကြာသော မှတ်တမ်းရုပ်ရှင်ပြပွဲသို့ လူ ၅၀ကျော် တက်ရောက်ခဲ့ကြပြီး ဒုက္ခသည်စခန်းများတွင် ပညာသင်ကြားနေသည့် လူငယ်များ၏ ဘဝနောက်ခံအခြေအနေ၊ အနာဂတ်မျှော်မှန်းချက်၊ လက်ရှိ ပညာသင်ကြားနေမှု စသည့် အခန်းကဏ္ဍများ ပါဝင်သည်။
လက်ရှိ ဒုက္ခသည်စခန်းများရှိ ပညာရေးစနတ်မှာ အဆင့်မှီသလို ဒုက္ခသည်များ ပြည်တွင်းပြန်ပို့ကာ နေရာချထားရေးကိစ္စ ပြော ဆိုမှုများရှိသော်လည်း ဒုက္ခသည်ကလေးငယ်များ ပညာဆက်သင်ကြားရေးအတွက် ကြိုတင် ပြင်ဆင်ထားမှုအပိုင်း မရှိသည်ကို မိမိအတွေ့အကြုံအရ သိရှိထားသည်ဟု အခမ်းအနား တက်ရောက်လာသူ သပြေပညာရေးဖောင်ဒေးရှင်း မန်းနေဂျင်းဒါရိုက်တာ စောမျိုးမင်းသူကလည်း ယခုလို ပြောသည်။
၎င်းက “ဒုက္ခသည်စခန်းက ပြန်လာတဲ့ လူငယ်လေးတွေအတွက် ပညာရေးဆက်ပြီး သင်ယူဖို့ အခွင့်အလမ်း မရှိဘူးဆိုလို့ရှိရင် သူတို့ရဲ့ဘဝတွေ၊ ဘယ်လိုအခြေအနေမျိုးရောက်သွားပြီးတော့ ဘယ်လိုအခက်အခဲမျိုး ရင်ဆိုင်ရရင် ဘယ်သူ့အပေါ်မှာ တာဝန် ရှိသလဲ ဆိုတာမျိုးတွေ စဉ်းစားရမဲ့အပိုင်းတွေ ရှိလာပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါမှတ်တမ်းရုပ်ရှင်ကို နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများတွင်လည်း KSNG က ဦးဆောင်ကာ ပြသသွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။ ကရင်ကျောင်းသားများကွန်ရက်အဖွဲ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများ တွင် နေထိုင်၍ ပညာသင်ကြားနေသော ကရင်ကျောင်းသူကျောင်းသားများဖြင့် ၁၉၉၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် အဖွဲ့ဝင် ၁၂,၀၀၀ကျော်ရှိပြီးဖြစ်သည်။


















